ဇန်နဝါရီ ၃၁ ၊၂၀၂၆
Zalen
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ပြည်လည်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်တပ်နဲ့ ချင်းတော်လှန်ရေး ပူးပေါင်းတပ်များအကြား ဒီကနေ့ ဇန်နဝါရီလ ၃၁ ရက် မနက်ပိုင်းကစလို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာ ကလေး-ဝေဘူလ လမ်းဘက်ကနေ တက်လာတဲ့အကြမ်းဖက်စစ်တပ်နဲ့ ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့အကြား ဖလမ်းမြို့အနီး Sum Hrang ကျေးရွာ အနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားတဲ့ အနီးတဝိုက်ကို Y12 နဲ့ Jet Fighter များအသုံးပြုပြီး လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရပါတယ်။

သတင်းအရင်းအမြစ်တဦးက “ဖလမ်းမြို့အနီး Sum Hrang ကျေးရွာအနီးတဝိုက်မှာ ဒီကနေ့မနက်ပိုင်းကနေ စလို့တိုက်ပွဲပြင်းထန်နေပါတယ်။ စစ်ကောင်စီဘက်က Y12 နဲ့ Jet Fighter များ အသုံးပြုပြီးအပြင်းအထန် ဗုံးကြဲ နေပါတယ်။ ဖလမ်းမြို့နယ်၊ Nganzawl ကျေးရွာမှာလည်း ဗုံးသုံးလုံးကျရောက်ပေါက်ကွဲတယ်။” လို့ ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက်မှာလည်း ဖလမ်းမြို့နယ်၊ Sim Dihai ကျေးရွာကို လေကြောင်း ကနေ ၈ ကြိမ်တိုင်တိုင် ဗုံးကြဲခဲ့ပြီး လူနေအိမ် ၃ လုံးမီးလောင်ပြာကျတဲ့အပြင် အခြားသောနေအိမ်ပျက်စီးမှုလည်း များပြားခဲ့တယ်လို့ သိရပါတယ်။
သတင်း – Mickey
ဓာတ်ပုံ-ဇန်နဝါရီလ ၃၀ရက်နေ့က Sim Dihai ကျေးရွာကို လေကြောင်းကနေဗုံးကြဲခဲ့စဉ်ပုံ။
#ဖလမ်းမြို့#Y12#JetFighter#Zalen

















