မင်းတပ်မြို့မဈေးသစ်ဖွင့်ပြီး (၅)ရက်အကြာမှာ အိမ်သာတံခါးတွေပျက်စီးနေ
အစိုးရနဲ့ပြည်သူတွေထည့်ဝင်ငွေကျပ်သန်း(၈၀၀)နဲ့တည်ဆောက်ထားတဲ့ မင်းတပ်မြို့ မြို့မဈေးဟာ ဖွင့်ပွဲလုပ်ပြီး(၅)ရက်အကြာမှာ အိမ်သာတံခါးတွေပျက်စီးနေတယ်လို့ဒေသခံထံမှသတင်းရရှိပါတယ်။
\မင်းတပ်မြို့ဒေသခံ ကိုအွမ်ပိုင်က “အမျိုးသားအိမ်သာမှာအခန်း ခြောက်ခန်းပါတဲ့ထဲမှာ ငါးခန်းက တံခါးမကောင်းတော့ဘူး။ တစ်ခန်းက ပတ်တာကနေတံခါးပြုတ်ချနေပြီး။ တခြားတော့သော့မကောင်းတော့ဘူး။ ပြီးတော့ အပေါ့သွားတဲ့နေရာမှာ ရေမလာဘူး။ အမျုးိသမီးအိမ်သာကတော့ အခန်းတစ်ခန်းရဲ့တံခါးသော့မကောင်းတော့ဘူး။ ပြီးတော့ကြမ်းပြင်မှာ ရေဝပ်နေတယ်။ အရင်တုန်းကလည်း ဈေးနံရံမှာသုတ်ထားတဲ့သင်္ဘောဆေးတွေခွာကျခဲ့ဖူးတယ်။ တည်ဆောက်တဲ့ကုမ္မဏီက ထွဋ်ခေါင်ကြီးကုမ္မဏီဖြစ်တယ်”လို့ပြောပါတယ်။
မြို့မဈေးဟာ ဒီဇင်ဘာ (၁၅)ရက်မှာ ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်ကိုယ်တိုင်ဖွင့်လှစ်သွားပါတယ်။
မင်းတပ်မြို့မဈေးကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုသီးသန့် ရန်ပုံငွေကျပ်(၃၁၅ ဒသမ ၈)သန်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ကျပ်(၁၈၄ ဒသမ၂)သန်း၊ ဈေးသူဈေးသားများထည့်ဝင်ငွေကျပ်(၃၀၀)သန်း စုစုပေါင်း ကျပ်သန်း(၈၀၀)ဖြင့် RC (၂)ထပ်ခွဲတည်ဆောက်ထားပါတယ်။
မြို့မဈေးသစ်အနီးမှာသီးခြားတည်ဆောက်ထားတဲ့ အမျိုးသမီးနဲ့အမျိုးသားအိမ်သာ၊ အပေါ့သွားခန်းတွေဟာ ပြည်နယ် စည်ပင်ဘတ်ဂျက် သိန်း (၂၂၅)ကျပ်နဲ့တည်ဆောက်ထားတယ်လို့ မင်းတပ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဈေးသစ်တည်ဆောက်ရေးတာဝန်ခံ ဦးမန်နိုင်းထန်းကဆိုပါတယ်။
ဦးမန်နိုင်းထန်းက “အိမ်သာတံခါးပျက်တာက ဖွင့်ပွဲမလုပ်ခင်ကတည်းက ပျက်တာပါ။ အပေါ့သွားတဲ့နေရာရေမလာတာက ပိုက်ဆက်တာမကောင်းလို့။ အခုလည်း ဈေးထဲကမီးသီးတွေ တည်ဆောက်တဲ့ကုမ္မဏီတွေကလဲနေတုန်း။ အိမ်သာဆောက်ဖို့က ပြည်နယ်စည်ပင်ကကော်မတီဖွဲ့ပြီး သူတို့စီမံကွပ်ကဲမှုနဲ့ ထွဋ်ခေါင်ကြီးကုမ္မဏီကတည်ဆောက်တာပါ”လို့ပြောပါတယ်။
မင်းတပ်မြို့ စည်ပင်ဈေးဟောင်းဟာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက် နေ့လည် ၁၂ နာရီခွဲလောက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းအားလုံးပျက်စီးသွားပါတယ်။