မတူပီမြို့နယ်မှာ CB နဲ့ AA တပ်ဖွဲ့တို့က ဒေသခံတွေကို ငွေကြေးနဲ့ မက်လုံးပေး စည်းရုံးနေဆိုတဲ့ သတင်းအမှား

၂၂၊ဩဂုတ်လ၊၂၀၂၄

Zalen

ချင်းပြည်နယ်၊ မတူပီမြို့နယ်က ကျေးရွာတချို့မှာ ချင်းညီနောင်အဖွဲ့ (CB)နဲ့ အာရက္ခတပ်တော်(AA) တပ်ဖွဲ့တို့က ဒေသခံတွေကို ငွေကြေးနဲ့ မက်လုံးပေး စည်းရုံးနေတယ်လို့ ဒေသတွင်း သတင်းမီဒီယာတခုက သြဂုတ်လ ၁၆ ရက်နေ့က ဖော်ပြတာ တွေ့ရပါတယ်။

FB Link : https://www.facebook.com/share/p/uvDwGqgoKtF9KVGt/?mibextid=oFDknk

အဲ့ဒီဒေသတွင်း သတင်းမီဒီယာတခုက” AA နဲ့ CB  မဟာမိတ်တပ်ဖွဲ့တွေဟာ မတူပီမြို့နယ်၊ ခွါဘာလ်ကျေးရွာနဲ့ ဝလံပီကျေးရွာတို့က ပြည်သူတွေကို စစ်ကောင်စီထံမှ သိမ်းပိုက်ရရှိထားတဲ့ ငွေကြေးတွေ မျှဝေမက်လုံးပေး စည်းရုံးနေတယ်။”လို့ မူရင်းရေးသားချက်ထဲမှာဖော်ပြထားပါတယ်။

သတင်းကို ကြိုက်နှစ်သက်သူ ၁၈၃ ဦး၊ မှတ်ချက်ပေးသူ ၁၀၂ ဦး နဲ့ မျှဝေသူ ၈၄ ဦးထိရှိပြီး အဆိုပါ မူးရင်းသတင်း စာသားတွေကို ကူးယူကာ Facebook Page၊ Facebook Group နဲ့ Facebook Account တွေမှာ ပြန်လည်ဖော်ပြထားတာတွေ တွေ့ရပါတယ်။

Zalen Fact -Checking Team က စိစစ်တဲ့အခါ မတူပီမြို့နယ်၊ ခွါဘာလ်ကျေးရွာနဲ့ ဝလံပီကျေးရွာတို့မှာ CB နဲ့  AA က ပြည်သူတွေကို ငွေကြေးနဲ့ မက်လုံးပေးပြီး စည်းရုံးတာ မတွေ့ရှိရပါ။

မတူပီမြို့နယ်က ကျေးရွာတွေမှာ ပြည်သူတွေကို ငွေကြေးမက်လုံးပေး စည်းရုံးတာတွေ လုပ်ဆောင်ခဲ့တာမရှိဘဲ သတင်းအမှားတွေသာ ဖြစ်တယ်လို့ ချင်းညီနောင်ပြန်ကြားရေးအဖွဲ့ဝင်ဖြစ်သလို ချင်းကာကွယ်ရေးတပ်-မတူပီ တပ်မဟာ ၁ ပြန်ကြားရေးတာဝန်ခံ Boi Uk Samuel က ဆိုပါတယ်။

၎င်းက “ကျွန်တော်တို့မှာ စစ်သုံးပန့်တွေနဲ့ ရဲဘော်တွေ စားရေးသောက်ရေး၊ ပြည်သူ စစ်ဘေးရှောင်နဲ့တင် ငွေအလိုပြနေပါတယ်။ အခုလို ငွေကြေးပေးပြီးစည်းရုံးဖို့ မရှိပါ။ သတင်းအမှားတွေဖြစ်ပါတယ်။ ဖြေရှင်းဖို့ ပြောစရာ ထွေထွေ ထူးထူးမရှိပါဘူး။”လို့ ဆိုပါတယ်။

ခွါဘာလ်ကျေးရွာနဲ့ ဝလံပီကျေးရွာတို့မှာ မည်သည့် လက်နက်ကိုင်အဖွဲ့စည်းမှ လာရောက်ပြီး ငွေကြေးတစုံတရာပေးကာ လူထုစည်းရုံးရေး ပြုလုပ်တာတွေမရှိဘူးလို့ ဝလံပီကျေးရွာ ဒေသခံတစ်ဦးက ဆိုပါတယ်။

၎င်းက “ကျွန်တော်တို့ဆီမှာ ငွေပေးပြီး ဘယ်သူမှ စည်းရုံးရေးလုပ်တာ မရှိပါဘူး။ တခြားရွာမှာလည်း မကြားဘူး။ အကယ်လို့ အဲ့လိုလုပ်ဖြစ်တယ်ဆိုလည်း အကုန်လုံးက ကြားရ၊ မြင်ကြားရမှာဘဲလေ။ အခုဟာက မရှိပါဘူး။ သတင်းအမှားတွေဘဲ ဖြစ်ပါတယ်။”လို့ ဆိုပါတယ်။

CB နဲ့ AA က ပြည်သူတွေကို ငွေကြေးပေးပြီး စည်းရုံးရေးလုပ်တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ မတူပီမြို့နယ်က နိုင်ငံရေးလှုပ်ရှားသူ လူငယ်တစ်ဦးက ဆိုပါတယ်။

“ဘယ်အဖွဲ့မှ ပြည်သူတွေကို ငွေကြေးနဲ့ စည်းရုံးရေး လုပ်လို့ မရဘူး။ ဘယ်အဖွဲ့ကလည်း လုပ်မှာမဟုတ်ဘူး။ ပြည်သူတွေထောက်ခံ အားပေးဖို့က ​ငွေကြေးနဲ့ လုပ်လို့မရဘူး။ ချည်းကပ်လို့လည်း မရဘူး။ ပြည်သူတွေမှာလည်း သူတို့ကြိုက်နှစ်သက်တဲ့ ထောက်ခံအားပေးတဲ့ အဖွဲ့စည်းဆိုတာ ရှိပြီးသားပါ။ ဒါတွေကို ငွေကြေးဖြင့်သော်လည်းကောင်း၊ လက်နက်ခြိမ်းခြောက်ဖြင့်သော်လည်း စည်းရုံးရေးလုပ်လည်း မရဘူး။ ဒါတွေကို အဖွဲ့စည်းအားလုံးကလည်း သိပြီးသားဖြစ်ပါတယ်။”လို့ ဆိုပါတယ်။

သုံးသပ်ချက်

CB နဲ့ မဟာမိတ် AA တို့က မတူပီမြို့ကို ဇွန်လ ၂၉ ရက်နေ့မှာ အပြီးသတ် တိုက်ခိုက် သိမ်းပိုက်ရရှိပြီးနောက် ဒီသတင်းဟာ CB နဲ့ AA ကို ပြည်သူနဲ့ တခြားအဖွဲ့စည်းတွေကြား အထင်အမြင်လွဲမှားအောင် အဖွဲ့စည်းတခုခု (သို့) လူပုဂ္ဂိုလ်တဦးဦးက တမင်ဖန်တီးတာ ဖြစ်နိုင်ပါတယ်။

စာဖတ်ပရိသတ်အနေဖြင့်လည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ ဒေသတွင်း ယုံကြည်စိတ်ချပြီး လွတ်လပ်တဲ့ သတင်းဌာနတွေမှာ လေ့လာဖတ်ရှု့ဖို့ တိုက်တွန်းချင်ပါတယ်။ အထူးသဖြင့် ချင်းသတင်းတွေဆိုရင် တော်လှန်ရေးနောက်ပိုင်းမှာပြုလုပ်ထားတဲ့ မီဒီယာအမည်ခံ page တွေကို သတိထားဖတ်စေချင်ပါတယ်။

အထက်ပါ သက်ဆိုင်ရာ အဖွဲ့အစည်းတာဝန်ရှိသူတွေနဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်ရ မတူပီမြို့နယ်မှာ CB နဲ့ AA တပ်ဖွဲ့တို့က ငွေကြေးနဲ့မက်လုံးပေး စည်းရုံးခဲ့တာ မတွေ့ရှိရဘဲ သတင်းအမှားဖြစ်ကြောင်းကို တွေ့ရှိရပါတယ်။

Zalen စာဖတ်ပရိသတ်အနေဖြင့်လည်း ဒေသတွင်း သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကို Zalen လူမှုကွန်ရက်စာမျက်နှာ Facebook Chat Box ကနေတဆင့် သတင်းရဲ့ Links (သို့) Screen Short ပုံပေးခြင်းဖြင့် စစ်ဆေးမေးမြန်းနိုင်ပါတယ်။

နောက်ဆုံးရသတင်းများ

မလေးရှားမှာ ကားနဲ့ ဆိုင်ကယ် ယာဥ်တိုက်မူကြောင့် မြို (ခမီ) အမျိုးသားနှစ်ဦး သေဆုံး

စက်တင်ဘာလ ၁၈ ရက်၊ ၂၀၂၄။ Zalen မလေးရှားနိုင်ငံ၊ ပါဟန်းပြည်နယ်၊ Raub မြို့မှာ ကားနဲ့ ဆိုင်ကယ် ယာဥ်တိုက်မူကြောင့် မြို့ (ခမီ) အမျိုးသား နှစ်ဦး သေဆုံးခဲ့တယ်လို့ ဖြစ်စဥ်ကို သိရှိသူ ချင်းအမျိုးသားတစ်ဦးဆီက ...

ဆက်ဖတ်ရန်