မတူပီ-ပလက်ဝလမ်းကြားခင်းထားသည့် အရည်အသွေးမမှီသော ကျောက်နဲ့ကွန်ကရစ်တွေ ဖယ်ရှားပြီး အသစ်ပြန်လုပ်ခိုင်း

မတူပီ-ပလက်ဝလမ်းကြားခင်းထားသည့် အရည်အသွေးမမှီသော ကျောက်နဲ့ကွန်ကရစ်တွေ ဖယ်ရှားပြီး အသစ်ပြန်လုပ်ခိုင်း

ပလက်ဝ-မတူပီ-ဟားခါးဆက်သွယ်ထားသည့် ကားလမ်းပေါ်ခင်းထားသော အရည်အသွေးမမှီသည့် ကျောက်နှင့် ကွန်ကရစ်များကို ဖယ်ရှားခိုင်းပြီး အသစ်ပြန်လုပ်ခိုင်းထားသည်ဟု မတူပီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဆလိုင်းအောင်လျန်ကဆိုပါသည်။

ယင်းကဲ့သို့ အရည်အသွေးမမှီသည့်ကျောက်များကိုဖယ်ရှားခိုင်းထားသည့်နေရာတွေကတော့ လမ်းအထူး(၁၂)တာဝန်ယူလုပ်ကိုင်ထားသည့် မတူပီ-ပလက်ဝကြား မိုင်တိုင် (၆)နှင့် (၇)မိုင်ကြား က ကျောက်ပွများကိုခင်းထားသည့် (၃)ဖာလုံအရှည်ကျောက်များကို ကမ်းပါးထဲသို့ချက်ချင်းဖယ်ရှားခိုင်းပါသည်။

လမ်းအထူး(၁၂)တာဝန်ယူထားတဲ့ မတူပီ-ပလက်ဝကြား မိုင်တိုင် (၆)နှင့် (၇)မိုင်ကြား ကားလမ်းပေါ်ကကျောက်တွေဖယ်ရှားနေစဉ်

ဆလိုင်းအောင်လျန်က “ဘာလို့ဖယ်ခိုင်းတာလဲဆိုရင် ကျောက်ပွတွေအရမ်းများတယ်။ နေပူလှန်ရင်တောင်ကွဲတတ်တဲ့ကျောက်တွေပါ။ ခြေနဲ့နှင်ရင်လည်းကွဲသလို လမ်းနဲ့ချိုးရင်တောင်ကျိုးနိုင်တယ်။ ဒီလမ်းက ၂၀၁၈-၁၉ ဘတ်ဂျက်မှာ ကတ္တရာခင်းဖို့ချပေးထားတာ” ဟုပြောပါသည်။
ဒုတိယနေရာမှာ မတူပီ-ပလက်ဝကြား မတူပီမြို့နယ် ဆောက်လုပ်ရေးဌာနကတာဝန်ယူထားတဲ့ မိုင်တိုင် (၇)မှ (၁၁)မိုင်ကြားက (၉)မိုင်မှာ အရည်အသွေးမမှီသည့်ကျောက်တွေကိုဖယ်ရှားခိုင်းထားပါသည်။

ဆလိုင်းအောင်လျန်က “ဖယ်ရှားခိုင်းတဲ့ကျောက်ခင်းက (၂)ဖာလုံလောက်ရှည်တယ်။ သူတို့လည်း ကျောက်ပွတွေသုံးထားတာ။ ကုမ္ပဏီဘက်ကတောင်းဆိုတာတစ်ခုရှိတယ်။ ဖယ်ရှားထားတဲ့ကျောက်တွေထဲက ကောင်းတဲ့ကျောက်ကိုပြန်ရွေးမယ်တဲ့။ ကျနော်ကလည်းပြောတယ်။ ရွေးပါ ဒါပေမယ့် ကောင်းတဲ့ကျောက်တွေပဲဖြစ်ပါစေလို့ပြောလိုက်တယ်” ဟုပြောပါသည်။

တတိယနေရာမှာ မတူပီမြို့အထွက်မှ (၆)မိုင်ထိ မင်းတပ်ခရိုင်လမ်းဦးစီးက ဇစ်နစ်ကုမ္ပဏီကို ကွန်ကရစ်လမ်းခင်းရန် တင်ဒါချပေးထားတဲ့လုပ်ကွက်ဖြစ်ပါသည်။

ဆလိုင်းအောင်လျန်က “ကွန်ကရစ်လမ်းက ၇၅ ရာခိုင်နှုန်းလောက်လောင်းပြီးသွားပြီ။ အကုန်လုံး ကွက်ကြားကွက်ကြားနဲ့ ဆယ်နေရာမက အက်ကွဲနေတယ်။ ဒါကို ဆယ်ပေတစ်ဖြတ် ပြန်ဖြတ်ပြီးတော့ အသစ်ပြန်လောင်းခိုင်းတယ်။ သူတို့ကလည်း သြင်္ကန်ပြီးရင် ကွန်ကရစ်အသစ်ပြန်လောင်းမယ်လို့သဘောတူထားတယ်။ သူတို့ဆီမှာလည်းပြောတယ်။ အစိုးရက ရေဗူးပေါက်တာမလိုချင်ဘူး ရေပါတာပဲလိုချင်တယ်။ အဲ့သလိုပဲ ပြည်သူတွေကလည်း လမ်းမကောင်းတာမလိုချင်ဘူး။ လမ်းကောင်းတာပဲမြင်ချင်တယ်။ နှစ်ရှည်လမ်းကောင်းတာလိုချင်တယ်လို့ပြောပါတယ်” ဟုဆိုပါသည်။

အဆိုပါ ကွန်ကရစ်လမ်းခင်းရန် ၂၀၁၈-၂၀၁၉ ပြည်ထောင်စုဘတ်ဂျက်တွင် ကျပ် ၂ ဒသမ ၄ ဘီလျံချပေးထားပါသည်။

ဆလိုင်းအောင်လျန်သည် ၂၀၁၈ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွင် ချင်းဒီမိုကရေစီအဖွဲ့ချုပ်(CLD) ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်ခံခဲ့ပါသည်။ ဆလိုင်းအောင်လျန်သည် လက်ရှိ အသက်(၃၁)နှစ်အရွယ်သာရှိပြီး ပခုက္ကူနည်းပညာတက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာ(B.Tech) ဘွဲ့ရရှိထားပါသည်။

နောက်ဆုံးရသတင်းများ

ကလေးမြို့ မော်လိုက်အကျဥ်းထောင်တွင်း ဖြိုခွင်းခံရခြင်း(၃)နှစ်ပြည့်

ရဲဝံ့သူ ရေးသည်။ စစ်ကိုင်းတိုင်း ကလေးမြို့ မော်လိုက်ကလေး အကျဥ်းထောင်အတွင်း ဖိနှိပ်မှုကို အဓိက အုပ်ချုပ်ရေးမဏ္ဏိုအဖြစ် အသုံးပြုခြင်းကြောင့် အရေးပေါ် ကိစ္စအဖြစ် ထိမ်းသိမ်းခံ အချုပ်သား ဗန်ဒိမ်း ဦးဆောင်သည့်အဖွဲ့များမှ ဆန္ဒထုတ်ဖော်မှုကြောင့် လူမဆန်စွာ ဖြိုခွင်းခံရပြီး အကျဥ်းသား ...

ဆက်ဖတ်ရန်