Grace
သွတ်မိုးသွတ်ကာနဲ့ ၁၀ ပေ ပတ်လည်အခန်းကျဉ်း လေးထဲမှာ လူငယ်တစ်ယောက် ကုတင်ပေါ်မှာ မလှုပ်မရှားအိပ်နေတယ်။ အခုလို ကိုယ်နဲ့ကုတင်မခွာအိပ်လာတာ တစ်နှစ်ကျော်လာပြီ။ ခြေရင်းမှာလည်း ဂီတာတစ်လုံးချိတ်ထားတယ်။ ဂီတာ သပ်သပ်တော့မဟုတ်ဘူး၊ ဒါဟာ သူ့ရဲ့အဖော်လည်းဖြစ်တယ်။ သူ့မျက်နှာကြည့်ရတာတော့ ဆယ်ကျော်သက်အရွယ်လေးပေါ့။ ဒါပေမယ့် သူ့မျက်ဝန်းမှာ လေးလံနေတယ်။
သူဟာအကြမ်းဖက်စစ်ကောင်စီရဲ့ကျည်ဆံထိမှန်လို့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ဘက်ကိုဆေးလာကုရင်း ပြန်မသက်သာသေးလို့ ကျောန်ဟူကျေးရွာမှာ ဆက်လက်နေထိုင်နေကြခြင်းဖြစ်ပါတယ်။ ငွေကြေးပိုင်းမှာသိပ် အဆင်မပြေလှတဲ့ သူတို့အဖို့ လစဉ်အိမ်လခပေးစရာမလိုအောင် ဒေသခံတစ်ဦးရဲ့ ဂိုဒေါင်ခန်းကို ပြန်ပြင်ပြီး အဆင်ပြေသလို မိဘတွေနဲ့နေထိုင်ကြပါတယ်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၈ ရက် ညနေခင်းဟာ ၁၈ နှစ်အရွယ် ဆလိုင်းဘွေလှော့တလိန်းအတွက် ကံဆိုးမိုးမှောင် ကျခဲ့တဲ့ ညနေခင်းဖြစ်တယ်။ အဲဒီညနေ ၅ နာရီမတိုင်ခင်အချိန်ထိဟာသူ့အတွက် မထင်မှတ်ပဲ သူ့ရဲ့ခြေတစ်စုံနဲ့လိုရာ သွားလာနိုင်တဲ့ နောက်ဆုံးအခိုက်အတန့်ဖြစ်ပါတယ်။
ဆလိုင်းဘွေလှော့တလိန်းဟာ ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ပထိန်တလန်ကျေးရွာမှ ဦးခမ်မာ နဲ့ ဒေါ်လုံဇိန်း တို့ရဲ့တတိယ မြောက်သားဖြစ်ပါတယ်။ ပညာရေးကြောင့် ဖခင်နဲ့အတူ လိုင်လင်းပီမြို့မှာနေထိုင်ကြတယ်။
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ် လိုင်လင်းပီမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ ချင်းတော်လှန်ရေး အဖွဲ့များ ကြား ၂၀၂၃ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီစခန်းနဲ့ မလှမ်းမကမ်းမှာရှိတဲ့ လိုင်လင်းပီမြို့ က ကိုယ်ပိုင်ကျောင်းမှာ ၁၂ တန်းတက်ရောက်နေတဲ့ ဆလိုင်းဘွေလှော့တလိန်းဟာ ညနေမိုးချုပ်ခါနီး ကျောင်းခန်းထဲကနေ အပေါ့သွားဖို့အိမ်သာဘက် သွားတဲ့ချိန် ဘယ်နေရာ ကလာမှန်းမသိတဲ့ ကျည်ဆံက သူ့ရဲ့ဘယ်ဘက် နံရိုးအောက်ကနေဝင်ပြီး ညာဘက်ကိုဖောက်ထွက်သွား တာကြောင့် အကြောထိပြီး ခါးအောက်ပိုင်း လှုပ်လို့မရတော့တာဖြစ်ပါတယ်။
“ဖြစ်စဉ်ကအရမ်းမြန်တယ်။ကျည်ထိတော့ချက်ချင်းခါးအောက်ပိုင်းမလှုပ်နိုင်တော့ဘူး။ လူအများကြီးရှိတဲ့ထဲ ကျွန်တော့်ကိုထိတာဆိုတော့ ကံဆိုးတယ်လို့ပဲပြောရမှာပေါ့။” လို့ ဆလိုင်းဘွေလှော့တလိန်းကမျက်နှာငယ်စွာနဲ့ ပြောပါတယ်။
အဲဒီကာလက အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြားစစ်ရေးတင်းမာနေတဲ့ကာလမို့ ကား အဝင်အထွက်လည်းမရှိဘဲ ဘွေလှော့တလိန်းကိုတောလမ်းအတိုင်း ထမ်းစဉ်နဲ့ထမ်းပြီး ၂ ရက်နဲ့တစ်ညအကြာမှာ ဆေးကုသမယ့် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့က LCMC ဆေးရုံကိုရောက်ခဲ့ကြပါတယ်။
ကျည်ဆံက ဘွေလှော့တလိန်းရဲ့ ကျောရိုးမကြီးကိုထိလို့ ခါးအောက်ပိုင်းမလှုပ်နိုင်တာဖြစ်တယ်။ LCMC မှာ တစ်လ နီးပါးကုသပေးပြီးနောက်မှာ အိုင်ဇောလ်မြို့ကိုပြန်လွှဲကြပါတယ်။ အိုင်ဇောလ်မြို့ဆေးရုံတွေထဲမှာ နာမည် ကြီးတဲ့ Trinity ဆေးရုံမှာ ၄၅ ရက်ကြာပြန်လည်ကုသခဲ့ကြပေမယ့် သက်သာလာခြင်းမရှိလို့ အနီးကပ်စောင့် ရှောက်လို့ရအောင် ကျောန်ဟူရွာကိုပြန်လာခဲ့ကြပါတယ်။
“ဖြစ်ခါစတုန်းကတော့ ဆေးကုပြီးရင်ပြန်သက်သာလာမယ်ပေါ့။ သက်သာရင်ရွာကိုပြန်ပြီးတော့ ကျောင်း ပြန်တက်ဖို့ဘဲစိတ်ကူးတာ။ အခုတော့လွယ်လွယ်နဲ့မပြန်နိုင်တော့ဘူးထင်ပါတယ်။” လို့ ဘွေလှော့တလိန်းက ပြောပါတယ်။
ဆလိုင်းဘွေလှော့တလိန်းဟာ အရပ်အမောင်းရှည်ရှည်နဲ့ ကိုယ်လုံးကိုယ်ပေါက်ကြီးတဲ့ လူငယ်ဖြစ်ပေမယ့် ဒဏ်ရာ ရပြီး တစ်လမကြာခင်မှာဘဲ ချက်ချင်းဆိုသလို လုံးဝပိန်သွယ်သွားပါတယ်။
ဘွေလှော့တလိန်းတစ်ယောက် အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်းနဲ့စိတ်ဓာတ်တွေကျဆင်းပြီး စားမမှန် သောက်မမှန်လို့ ခန္ဓာကိုယ်က ပိန်ချုပ်တာဖြစ်တယ်။
“အမြန်ပြန်ကောင်းဖို့မျှော်လင့်ထားပေမယ့် ဖြစ်မလာတော့ ကျွန်မသားလေးဒီလိုဘဲမသန်စွမ်းဖြစ်သွားမလား စဉ်းစားရင် ရင်ကွဲမတက်ခံစားရတယ်။”လို့ မိခင်ဖြစ်သူက ပါးပြင်ပေါ်ကမျက်ရည်ကိုသုတ်ရင်း သူ့သားမကြား မိအောင် တိုးတိုးလေးပြောခဲ့ပါတယ်။
အကူလူမပါဘဲနဲ့ ဘယ်မှမသွားနိုင်တော့တဲ့ ဘွေလှော့တလိန်းအတွက် သူ့ရဲ့မော်ဒယ်ခပ်ဟောင်းဟောင်းဖုန်းလေး နဲ့ ဂီတာလေးကသာ သူ့အတွက်အဖော်ပြုနေတော့တယ်။
“တကယ်ကိုမလွယ်ဘူး။ ဘယ်မှမသွားနိုင်၊ ဒေသစကားလည်းမတတ်တော့ သူငယ်ချင်းလည်းမရှိဘူး။ ရွာကသူငယ်ချင်း တွေကိုလွမ်းလိုက်တာ။”လို့ ထွက်ကျလာမယ့်မျက်ရည်တွေကိုထိန်းရင်း ဂီတာလေးကိုပွတ်ရင်းနဲ့ ဘွေလှော့ တလိန်းက ပြောပါတယ်။
အပေါင်းအသင်းမရှိ ခင်မဲ့သူမရှိဘဲနေတာက သူ့အတွက်အစပိုင်းမှာအလွန်ခက်ခဲခဲ့ပေမယ့် အချိန်ကြာလာ တော့ တစ်ယောက်တည်းနေရတာလည်း သူနေသားကျလာပြီ။
“ဂိမ်းဆော့လိုက်၊ ဂီတာတီးလိုက်နဲ့ အခုတော့မပျင်းတော့ဘူး။” လို့ ခေါင်းအုံးနားမှာ ချထားတဲ့ ပလက်ပေါက်မှာ ဖုန်းအားသွင်းရင်း ပြောပါတယ်။
မထင်မှတ်တဲ့အခိုက်အတန့်မှာရလိုက်တဲ့ဒဏ်ရာကြောင့် ဘွေလှော့တလိန်းရဲ့ တင်ပါး၊ ပေါင် နဲ့ ခြေတလုံးကအသားတွေက လုံးဝလျော့သွားပြီးတော့ အရိုးပေါ်အရေတင်တဲ့အခြေအနေ ဖြစ်ပါတယ်။
နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ ရန်ကုန်မြို့ကပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသနိုင်ဖို့လိုချင်နေပေမယ့် ငွေကြေးပိုင်းအခက်အခဲနဲ့ အခြေအနေအမျိုးမျိုးကြောင့် ဒီနေ့ထိတော့ မသွားနိုင်သေးပါ။
ဆီးလွှဲတဲ့ပိုက်ကိုကိုယ်နဲ့မခွာ တပ်ထားတဲ့သူက တစ်ခါတစ်လေ ပိုက်လိုင်းပိတ်ရင်အရေးပေါ်နဲ့ ဆေးရုံကို ပြေးပြီးတော့ ပြန်ပြင်ဖို့လိုပါတယ်။ဒါကလည်း ဆေးဝါးပိုင်းကျွမ်းကျင်သူမရှိတဲ့ ရွာဘက်ကိုပြန်လို့မရတဲ့ အကြောင်းအရာတွေထဲက တစ်ခုဖြစ်ပါတယ်။
“ ဆီးလွှဲတဲ့ပိုက်ပိတ်သွားရင် ဗိုက်တွေအောင့်လာတယ်။ဆိုတော့ညသန်းခေါင်ဘဲဖြစ်ဖြစ် ဆေးရုံကို ပြေးရတယ်။ အနည်းဆုံးရူပီးငါးထောင်ဝန်းကျင်တော့ယူသွားမှ။”လို့ ဆီးထွက်ကောင်းမကောင်း ဆီးပိုက်ကိုကိုင်ကြည့်ရင်းနဲ့ ဘွေလှော့တလိန်းက ပြောတယ်။
ဘွေလှော့တလိန်းက အများနည်းတူ ပြန်လည်ကျန်းမာပြီးကျောင်းပြန်တက်ဖို့က သူအလိုချင်ဆုံး ဆန္ဒဖြစ် ပါတယ်။
“ကျန်းမာလာရင်တော့ လုပ်ချင်တာကအများကြီးပဲ။ သူငယ်ချင်းတွေနဲ့အတူ ကျောင်းပြန်တက်ဖို့ကတော့ အလိုချင်ဆုံးပဲ။” လို့ ပြောပါတယ်။
လူငယ်များနည်းတူ အပူအပင်ကင်းစွာနဲ့ ကျောင်းတက်တဲ့သာမာန် ကျောင်းသားဘဝကတနေ မိမိရွေးချယ်လို့ မဟုတ်ဘဲ
စစ်တပ်ကြောင့်ရုတ်တရက် မသန်စွမ်းဘဝကိုရောက်သွားတဲ့ ဘွေလှော့တလိန်းဟာ သူဖြစ်ချင်ဆုံးဆန္ဒဖြစ်တဲ့ ကျောင်းပြန်တက်နိုင်မလာ။ သူငယ်ချင်းတွေနဲ့ ပြန်ဆုံနိုင်မလာဆိုတာမသေချာပါ။ ဒါပေမယ့် အဲ့ဒီချိန်အတွက် ခပ်နွမ်းနွမ်းကုတင်ပေါ်ကနေ ဂီတာအိုတစ်လုံးနဲ့ စောင့်နေရုံပဲ သူတတ်နိုင်ရှာတော့တယ်။