မနိုင်ဝန် ထမ်းနေကြသည့် ချင်းဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့များကို မည်သို့စုစည်းရမည်နည်း (၁)

ဆလိုင်း ဆူး

၂၀၂၁ ခုနှစ်၊ ဖေ‌ဖော်ဝါရီလ (၁) ရက်နေ့ မတရားအာဏာသိမ်းမှုကြီးသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူငယ်များစွာကို နိုင်ငံရေးနိုးကြားစေသလို ခေတ်အဆက်ဆက် စနစ်ဆိုးကြီးနှင့် ဖြတ်သန်းလာခဲ့ကြသည့် အလွှာပေါင်းစုံမှ ပြည်သူများကို အာဏာရှင်စနစ်အမြစ်ဖြုတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်လာရေး အတွက် နည်းမျိုးစုံတိုက်ပွဲသို့ ပို့ဆောင်ခဲ့သည်။

ပြည်သူနှင့် အကြမ်းဖက်စစ်အုပ်စုကြားဖြစ်ပွားသည့် တိုက်ပွဲသည် အသက်ဆုံးရှုံးမှုများပြားလာပြီး၊ စနစ်ဆိုးနှင့်အတူ အငတ်ဘေးတွေလည်းဆိုက်လာပြီး နှစ်နှစ်ကျော်အတွင်း အဆိုးဆုံးအခြေအနေသို့ ဆိုက်ရောက်နေပြီ ဖြစ်သည့်အတွက် “ဤအခက်အခဲမှာ တောင့်ခံနိုင်သောအုပ်စု” သည်သာ အောင်လံလွှင့်ထူမည်ဟု အကဲဖြတ်ကြသည်။

လက်နက်အင်အား နည်းခြင်း၊ များခြင်းဖြင့် ဆုံးဖြတ်မရ အဖြေထုတ်မရမည့်တိုက်ပွဲ၊ အမြစ်ဖြတ်ချေမှုန်းမည့်တိုက်ပွဲမှာ “စိတ်ဓာတ်ခိုင်မာပြီး အခက်အခဲနှင့် စိန်ခေါ်မှုများကို တောင့်ခံနိုင်ရေး” သည် အရေးကြီးဆုံး ဖြစ်တာကြောင့် အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင်များဖြစ်သော မင်းအောင်လှိုင်နှင့် စိုးဝင် တို့သည် သူတို့လက်အောက်ခံ တပ်သားများထံ ကိုယ်တိုင်စည်းရုံးရေးဆင်းပြီး ကြာရှည်တောင်ခံပြီး အနိုင်ရရှိရေး ကြိုးပမ်းလာကြသည်။ ထိုနည်းတူစွာဘဲ ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများသည်လည်း အကြမ်းဖက်စစ်အုပ်စုကို အပြတ်သတ် အနိုင်ရရှိရေးအတွက် အင်အားတည်ဆောက်ပြီး ပြည်သူတွေပူးပေါင်းမှု အားမနည်းသွားအောင် ကြိုးပမ်းနေကြပါသည်။

 ၂၀၂၃ ခုနှစ်သည် တော်လှန်ရေးအဆုံးအဖြတ် ပေးမည့်နှစ် (သို့မဟုတ်) တော်လှန်ရေး အရှိန်တင်ရမည့်နှစ်ဟု တော်လှန်ရေးဦးဆောင်သူများ ကြွေးကြော်ကြသည်။ ဤမျှော်မှန်းချက် လက်တွေ့ဖြစ်လာနိုင်မလား၊ မဖြစ်နိုင်ဘူးလားဟု တချို့ဝေဝါးကြသော်လည်း အဆုံးထိတိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်သူများသည် လူအား၊ ငွေအား၊ လက်နက်အား၊ အကြံဉာဏ်အားထုတ်ပြီး ပြည်တွင်းပြည်ပမှာ  ရှိသော အင်းအားများပေါင်းစည်း၍ တော်လှန်နေကြသည်။

ချင်းပြည်အခြေအနေ

ချင်းလူမျိုးများသည် ခေတ်အဆက်ဆက် အာဏာရှင်စနစ်ဆန့်ကျင်ရေးမှာ လှုပ်ရှားမှုအား အနည်းဆုံးအဖြစ် သတ်မှတ်ခံခဲ့ကြသော်လည်း ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုကို အစောဆုံးလက်နက်ကိုင်တိုက်ပွဲဝင်သည့် လူမျိုးဖြစ်လာသည်။ ထို့အပြင် ထူးခြားစွာ အကြမ်းဖက် စစ်အုပ်ချုပ်ရေးစနစ်ကို အစားထိုးသည့် ဒေသန္တရ အစိုးရများလည်း စနစ်တကျပေါ်ပေါက်လာပြီး ချင်းပြည်၏ ၇၀ ရာခိုင်းနှုန်းတွင် စစ်အုပ်ချုပ်ရေးစနစ်ကို ပြည်သူ့အုပ်ချုပ်ရေးဖြင့် အစားထိုးနိုင်ခဲ့ကြသည်။ သို့သော်လည်း တော်လှန်ရေး အချိန်ကြာလာသည်နှင့်အတူ ရှေ့တန်းတွင် တိုက်ပွဲဝင်နေသည့် လူငယ်များ မိသားစုအခက်အခဲများကို အကြောင်းပြ၍ နိုင်ငံခြားထွက်ခွါသွားကြခြင်း၊ တော်လှန်ရေးအတွက် ဘဏ္ဍာငွေအားဖြည့်နေသူများသည် ထိရောက်သော တိုက်ပွဲများ ဖန်တီးနိုင်မှု အားနည်းချက်များနှင့် အဖွဲ့အစည်းအသီးသီးအတွင်း ခေါင်းဆောင်မှု အားနည်းချက်များကို အကြောင်းပြ၍ ဘဏ္ဍာငွေဖြင့်တော်လှန်ရေးမှာပါဝင်သူများ သိသာစွာ နည်းပါးသွားခြင်း၊ ကလေးသူငယ်များ၏ အနာဂတ်အတွက် အရေးပါဆုံး ပညာရေးနှင့် လူတိုင်းအတွက် မရှိမဖြစ်လိုအပ်သည် ကျန်းမာရေး စောင့်ရှောက်မှုများကို အကြောင်းပြပြီး ချင်းပြည်အတွင်း အထူးသဖြင့် ပညာရေးနှင့် ကျန်းမရေးကဏ္ဍမှာ အကြမ်းဖက်စစ်အုပ်စုနှင့် ပူးပေါင်းမှုများ အားကောင်းလာခြင်း အစရှိသည့် စိန်ခေါ်မှုများရှိနေသည်။

လက်ရှိအခြေအနေဖြင့် ရှေ့ဆက်သွားပါက ချင်းပြည်ရှိတော်လှန်ရေးသည် လူထုတော်လှန်ရေးအသွင် မဟုတ်တော့ဘဲ တော်လှန်ရေးအင်အားစုများနှင့် အကြမ်းဖက်စစ်အုပ်စုကြား လူထုထောက်ခံမှုကို အပြိုင်လုပြီး ဖက်နှစ်ဖက်အာဏာရရှိရေး ပြိုင်ဆိုင်သည့် တော်လှန်ရေးအသွင်သို့ ရောက်သွားမည်ကို စိုးရိမ်နေရမည် အနေအထားဖြစ်သည်။ ထို့ကြောင့် “အဆုံးထိတောင့်ခံနိုင်သည့် အုပ်စုအနိုင်ရမည့် တော်လှန်ရေး” မှာ ချင်းပြည်တော်လှန်ရေး အဖွဲ့အသီးသီးမှ ခေါင်းဆောင်များ စည်းလုံးခြင်းသည် အက္ခရာအကျဆုံးဖြစ်သည်။

ချင်းပြည် နိုင်ငံရေးဆိုင်ရာပူးပေါင်းမှုကဏ္ဍ

တော်လှန်ရေးကာလအတွင်း နိုင်ငံရေးဦးဆောင်မှု တာဝန်ယူနိုင်ရေးအတွက် ၂၀၂၁ ခုနှစ် ဧပြီလတွင် ဖွဲ့စည်းလိုက်သည့် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (Interim Chin National Consultative Council (ICNCC)) သည် ချင်းပြည်နိုင်ငံရေးကဏ္ဍအဖြစ် ယာယီ သတ်မှတ်နိုင်သည်။ ဤကောင်စီကို ဖွဲ့စည်းချိန်တွင် အသင့်တော်ဆုံးစုဖွဲ့မှုဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (EAO)၊ ၂၀၂၀ ရွေးကောက်ခံ လွတ်တော်ကိုယ်စားလှယ်များ (MPs)၊ နိုင်ငံရေးပါတီများ (Political Parties)၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် CDMer (CSOs & CDMer) များမှ ကိုယ်စားလှယ်များ ဟူ၍ အစုအဖွဲ့ (၄) ခုမှ ကိုယ်စားလှယ် (၁၈) ဦးစီဖြင့် ဖွဲ့စည်းခဲ့ကြသည်။ ဤစုဖွဲ့မှုသည် စတင်ဖွဲ့စည်းချိန်တွင် ပါဝင်သင့်ပါဝင်ထိုက်သော နိုင်ငံရေးအင်အားစုများပါဝင်သည် ဟုဆိုနိုင်သော်လည်း အချိန်တိုအတွင်း အပြောင်းအလဲမြန်ဆန်သည့် တော်လှန်ရေးကာလမှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ မြို့နယ်အသီးသီး၊ ဒေသအသီးသီးကို အခြေခံပြီး ပေါ်ပေါက်လာပြီးနောက် ဤကောင်စီ၏ စုဖွဲ့မှုနှင့် ကိုယ်စားပြုမှုများသည် လုံးဝလက်တွေ့မကျတော့သည့် အနေအထားရောက်သွားသည်။ ထို့ကြောင့် ဤကောင်စီသည် မြေပြင်မှာရှိနေသော တော်လှန်ရေးအင်အားစုများကို နိုင်ငံရေးအရဦးဆောင်မှု မပေးနိုင်သည့်အပြင် လက်တွဲလုပ်ဆောင်မှုများသည်လည်း အပေါ်ယံအဆင့်သာရှိသည်။ ထို့သို့ ကိုယ်စားပြုမှုအားနည်းခြင်း ၊ မြေပြင်မှာ လက်တွေ့နိုင်ငံရေး ဦးဆောင်မှုမပေးနိုင်ခြင်း၊ လက်တွေ့ချင်းပြည် အတွက် လုပ်ဆောင်ချက်များမရှိခြင်း၊  အစရှိသဖြင့် အားနည်းလာသည့် ICNCC သည် မူမရှိ လူပုဂ္ဂိုလ်တချို့နှင့် အစုအဖွဲ့တချို့တို့အတွက် နိုင်ငံရေးအသုံးအလွဲသုံးစားလုပ်ရန် အခွင့်အလမ်းဖန်တီးပေးသည့် ချင်းနိုင်ရေး ဦးဆောင်အမည်ခံ ကော်မတီဖြစ်လာသည်။ ဤသို့သော အားနည်းချက်များကို ပြင်ဆင်ရေး မြေပြင်တွင်တိုက်ပွဲဝင်နေသော ချင်းလက်နက်ကိုင်အဖွဲ့အစည်းများအပါအဝင် နည်းမျိုးစုံ တောင်းဆိုကြိုးပမ်း ကြသော်လည်း ICNCC မှ အကျိုးအမြတ်ရရှိနေသည့် လူပုဂ္ဂိုလ်တချို့နှင့် အစုအဖွဲ့တချို့တို့ လုံးဝ လက်မခံတော့သည့် အနေအထားရောက်သွားသည်။

ချင်းပြည် စစ်ရေးဆိုင်ရာပူးပေါင်းမှုကဏ္ဍ

ချင်းပြည်အတွင်း စစ်ရေးကဏ္ဍမှာ အချိတ်အဆက်မိမိ ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ပြီး ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ဖွဲ့စည်းလိုက်သည့် Chinland Joint Defense Committee (CJDC) ရှိသည်။ ဤအဖွဲ့အစည်းတွင် CDF-Tonzang, ZFU/PDF-Zoland, CNO/CNDF, CDF-Hakha, CDF-Thantlang, CDF-Matupi, CDF-Mindat, CDF-Kanpetlet, CDF-Paletwa, CDF-KKG, CDF-Dai, CDF-Zotung, MPC/CDF-Mara, CDF-Lautu, CDF-Zophei, CDF-Hualngo နှင့် ချင်းအမျိုးသားတပ်ဉီးတို့ ပါဝင်ကြပြီး ချင်းတစ်ပြည်လုံးတွင် ဒေသန္တရအုပ်ချုပ်ရေး ဖော်ဆောင်ပြီးသည့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ချင်းအမျိုးသားတပ်ဦး (EAO) အဖွဲ့တို့ စစ်ရေးဆိုင်ရာ ပူးပေါင်းထားသည့် ကော်မတီတရပ် ဖြစ်သည်။ တစ်နှစ်ကျော် Chinland Joint Defense Committee (CJDC) ၏ လှုပ်ရှားမှုတွင် အထူးကွန်မန်ဒိုတရပ်ပေါ်ပေါက်လာမှုနှင့်အတူ အောင်မြင်မှုအတိုင်းအတာ တစ်ခုထိ ရရှိလာသော်လည်း နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုမရှိသလို၊ အုပ်ချုပ်ရေးကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှု မရှိကြသော စစ်ရေးဆိုင်ရာပူးပေါင်းမှုဖြစ်သည့်အတွက် ထူးခြားသော အောင်မြင်မှု မရရှိနိုင်ဖြစ်သွားသည်။ ထို့ကြောင့် လက်ရှိချင်းပြည်တွင် ဖွဲ့စည်းပြီးသော နိုင်ငံရေးကောင်စီ (ICNCC) နှင့် စစ်ရေးကော်မတီ (CJDC) ကြားမှာ ချိတ်ဆက်မှု အားနည်းခြင်း၏ အကျိုးဆက်သည် အရေးပါသော တော်လှန်ရေးရလဒ် (သို့မဟုတ်) ဒေသန္တရအစိုးရ ချိတ်ဆက်ပူးပေါင်းမှုကို အားနည်းသွားစေသည်။

ချင်းပြည် ဒေသန္တရအစိုးရကဏ္ဍ

ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် ပြည်သူများပူးပေါင်းမှုဖြင့် ဖွဲ့စည်းကြသည့် ဒေသန္တရအစိုးရများသည် ပြည်သူ့ဝန်ဆောင်မှုများကို စစ်ရေးဆိုင်ရာ ဘဏ္ဍာငွေကြေးများမှ နှိုက်ယူအသုံးပြုပြီး လုပ်ဆောင်ကြခြင်းဖြစ်သည်။ ထို့ကြောင့် အသုံးစာရိတ်ကြီးမားလှသည့် စစ်ရေးအတွက် ဘဏ္ဍာငွေ လိုအပ်ချက်သည် နေ့စဉ်များပြားလာပြီး လက်ရှိ ထိန်းချုပ်ထားသော နယ်မြေများတိုးချဲ့နိုင်ရေးထက် ထိန်းချုပ်နယ်မြေ ဆက်လက် ထိန်းချုပ်ထားနိုင်ရေးအတွက်ကို ဘဏ္ဍာရေးလိုငွေကြောင့် စိန်ခေါ်မှုရှိနေသည်။ ထို့အပြင် ဆက်လက်ပြီး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ အထူးသဖြင့် “ပညာရေး၊ ကျန်းမာရေး၊ လူမှုကယ်ဆယ်ရေး၊ လူမှုဖူလှုံရေး၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေး” ဖော်ဆောင်ရေးအတွက် လိုအပ်ချက်များသည်လည်း နေ့စဉ်ကြီးမားလာသည်။ လက်ရှိအခြေအနေအရ ဒေသန္တရအစိုးရများမှ ဖော်ဆောင်လျက်ရှိသော ပညာရေးသည် အခြေခံပညာရေးအဆင့်အတွက် အတိုင်းအတာတစ်ခုအထိ အဆင်ပြေနေမှုရှိသော်လည်း အဆင့်မြင့်ပညာရေး လိုအပ်ပြန်သည်။ ထို့နည်းတူစွာ ခေတ်ပျက်နေသည့် ကာလကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖောက်ကားခြင်း၊  သူလျှိုဒလန် အလုပ်လုပ်သူများပြားလာခြင်းနှင့် ပြစ်မှုမျိုးစုံ ကျူးလွန်သူများကို တရားစီရင်မှုပြုလုပ်ရာတွင် ဒေသန္တရ အဆင့်တရားစီရင်ရေးဖြင့် လုပ်ဆောင်ရာတွင် စိန်ခေါ်မှုများစွာရှိသည်။ ဤသို့သော် လိုအပ်ချက်များကို နိုင်ငံတကာနှင့် ချိတ်ဆက်ပြီး ပြည်တွင်းပြည်ပ အလှူရှင်များနှင့် စနစ်တကျ လည်ပတ်နိုင်အောင် ဆောင်ရွက်ရေးအတွက် ချင်းပြည်အစိုးရ အမြန်ဆုံးလိုအပ်နေပြီး မနိုင်ဝန် ထမ်းနေသော ဒေသန္တရအစိုးရကို ကူညီအားဖြည့်ပေးရန် အရေးတကြီးလိုအပ်နေပြီဖြစ်သည်။ ထို့အပြင် ချင်းပြည်အစိုးရဖွဲ့စည်းနိုင်ခြင်းသည် ပြည်သူ့ဝန်ဆောင်မှုများကို စနစ်တကျအကောင်အထည်ဖော်နိုင်ရေး လုပ်ဆောင်ရမည်ဖြစ်သောကြောင့် တော်လှန်ရေးရလဒ်ကို အောင်ပွဲခံနိုင်ခြင်းလည်းဖြစ်သည့်အတွက် ခေါင်းဆောင်အသီးသီးအနေဖြင့် ပြည်သူများကို မျက်နှာမူပြီး သဘောထားကြီးကြီး ပူးပေါင်းကြဖို့လိုနေသည်။

စဉ်းစားရမည့်အချက်များ

လက်ရှိ ချင်းနိုင်ငံရေးကဏ္ဍ (ICNCC) သည် လူပုဂ္ဂိုလ်အရသော်လည်းကောင်၊ အစုအဖွဲ့အရသော် လည်းကောင်း အကျိုးအမြတ်ရရှိနေသည့် ပုဂ္ဂိုလ်များနှင့် အစုအဖွဲ့များအတွက် အပြင်မခံ၊ အပျက်မခံ ခိုလှုံရာအသိုက် ဖြစ်နေသည်။ ထိုနည်းတူစွာ စစ်ရေးကဏ္ဍ (CJDC) သည်လည်း အင်အားကြီး အင်အားနည်း လက်နက်ကိုင်အဖွဲ့အစည်းများအကြား “နိုင်ငရေးကဏ္ဍနှင့် စစ်ရေးကဏ္ဍ” ချိတ်ဆက်မှု လိုအပ်ချက်ကြောင့် တော်လှန်ရေးရလဒ်ဖြစ်သော ပြည်သူ့ဝန်ဆောင်မှုကဏ္ဍ ချင်းပြည်အဆင့် စုစည်းနိုင်ရေးအတွက် အဖြေရှာရာတွင် အဖွဲ့ဝင်တချို့မှ ကိုယ်လိုသမျှအကုန်ရရှိရေး အသုံးချခံနေပြီး သားသမီးမျက်နှာထောက်ပြီး အချစ်မပါသည့် အိမ်ထောင်ရေး တည်ဆောက်နေသဖွယ်ဖြစ်တော့သည်။ ဤအခြေအနေများကြောင့် တော်လှန်ရေး ရလဒ်ဟု ကျွန်တော်တို့ပြောရမည့် ချင်းပြည်အစိုးရဖွဲ့စည်းရေး (သို့မဟုတ်) ချင်းပြည် ပြည်သူ့ဝန်ဆောင်မှု စနစ်တကျဖော်ဆောင်ရေး ICNCC နှင့် CJDC တို့ထံမှ ပေါ်ပေါက်လာရေး မျှော်လင့်နေသော ချင်းပြည်သူများအတွက် မျှော်လင့်ချက်မဲ့ဖြစ်စေသည်။ ထို့ကြောင့် ဤစိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေး တော်လှန်ပြည်သူများအားလုံးမှ စဉ်းစားရမည့်အချက်မှာ ချင်းပြည် နိုင်ငံရေးနှင့် စစ်ရေးကဏ္ဍဦးတောင်မှုအတွက် စုဖွဲ့မှုအသစ်ဖွဲ့ရမလား၊ အ‌ဟောင်းများကို မပြင်ဆင်နိုင်အောင် ပိတ်ပင်နေသူများကို ထုတ်ပယ်ပြီး အဟောင်းကိုသာပြင်ဆင်ရမလား၊ မနိုင်ဝန်ကို ဒေသန္တရက ဆက်လက်ထမ်းဆောင်ပြီး ဆက်လက်အဖြေရှာကြရမလား၊ စုစည်းနိုင်သလောက် အင်အားစုစည်းပြီး မပါဝင်လိုသူများကို ထားခဲ့ရမလား “လားတွေများစွာ” သာအဖြေထွက်နေသည်။ အပိုင်း (၂) “လားများစွာ” ကို အဖြေရှာခြင်း ဖော်ပြသွားပါမည်။

ဆက်လက်ဖော်ပြပါမည်………….

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်