မနိုင်ဝန် ထမ်းနေကြသည့် ချင်းဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့များကို မည်သို့စုစည်းရမည်နည်း (၂)

ရေးသူ- ဆလိုင်းဆူး

ချင်းပြည်အစိုးရ (သို့မဟုတ်) ပြည်သူ့ဝန်ဆောင်မှုစနစ်တကျဖော်ဆောင်ရေးသည် ICNCC နှင့် CJDC တို့ထံမှ ပေါ်ပေါက်လာရေး မျှော်လင့်နေသော ချင်းပြည်သူများအတွက် မျှော်လင့်ချက်မဲ့စေသည့်အပြင် ချင်းလက်နက်ကိုင် အဖွဲ့အစည်းများလည်း အခက်တွေ့နေကြသည်။ အကြောင်းရင်းမှာ ICNCC နှင့် CJDC ပူးပေါင်း အစိုးရဖွဲ့နိုင်ရေး (သို့မဟုတ်) ပြည်သူ့ဝန်ဆောင်မှုပေးနိုင်ရေး အောင်မြင်နိုင်ရန် ဆွေးနွေးညှိနှိုင်းရေး အတွက် ပူးပေါင်းဖွဲ့စည်းထားသည့် Chin Charter/ Constitution ဆွေးနွေးညှိနှိုင်းရေးကော်မတီ တာဝန်ရှိသူများထံသို့ ICNCC မှ လက်ဆက်မဆွေးနွေးနိုင်ကြောင်း အကြောင်းပြချက်တစ်ခုပေးပြီး စာတင်ထားသောကြောင့် ဖြစ်သည်။

 ထို့ကြောင့် ၆ လ ကျော်ကြာသည့် ICNCC နှင့် CJDC ကြား ညှိနှိုင်းမှုများသည် ICNCC အဖွဲ့ဝင်အစုအဖွဲ့များဖြစ်သော ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် များ နှင့် NLD (Chin) ပါတီ အုပ်စုများ၏ တော်လှန်ရေးကာလဖြစ်စေ၊ တော်လှန်ရေး အလွန်အသွင်ကူးပြောင်း ရေးကာလတွင်ဖြစ်စေ ချင်းပြည်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို ချုပ်ကိုင်ထားရန် နိုင်ငံရေး ရည်မှန်းချက်ကြောင့် ပျက်ပျယ်သွားသည့် အနေအထား ရောက်နေပြီဖြစ်သည်။

ICNCC ကြောင့်ပျက်ပျယ်သွားသည့် CJDC နှင့် ICNCC ညှိနှိုင်းဆွေးနွေးမှုများ

၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် NLD (Chin) အုပ်စုတို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံပြီး ကျင်းပခဲ့သော ၂၀၂၀ ရွေးကောက်ပွဲရလဒ်အတိုင်း ချင်းပြည်တော်လှန်ရေးအစိုးရ ဖွဲ့စည်းရေး ရည်မှန်းချက်ကို CJDC အဖွဲ့ဝင် ချင်းလက်နက်ကိုင်များမှ လုံးဝလက်မခံကြသည့်အပြင် ချင်းဝါရင့် လက်နက်ကိုင်အဖွဲ့ ချင်းအမျိုးသားတပ်ဦးကလည်း လက်မခံပေ။ ထိုကြောင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် NLD (Chin) အုပ်စုသည် ICNCC အမည်ကိုအသုံးချပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်ရေး အဆင်မပြေ မှုကြောင့် CJDC နှင့် ICNCC ညှိနှိုင်းရေး တာဝန်ရှိသူများထံ အကြောင်းပြချက်တစ်ခုပေး၍ ဆွေးနွေးညှိနှိုင်းမှုကို တဖက်သတ်ရပ်နားကြောင်း စာတင်ထားသည်။ လွှတ်တော်ကိုယ်စားလှယ်များနှင့် NLD (Chin) အုပ်စုသည် ICNCC အမည်ကိုအသုံးချပြီး ဆွေးနွေးမှုရပ်ဆဲအောင်ပြုလုပ်ထားခြင်းသည်  CJDC အဖွဲ့ဝင်များကမူ “ညှိနှိုင်းရေးကော်မတီကို လုံးဝအသိအမှတ်မပြုခြင်း၊ ညှိနှိုင်းရေးကော်မတီဝင်များကို အသိအမှတ်မပြုခြင်း၊ အဆင့်ဆင့်သော စေ့စပ်ညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်များကို မျက်ကွယ်ပြု အသိအမှတ်မပြုခြင်းနှင့် CJDC အဖွဲ့ဝင်အများစု၏ သဘောထားနှင့် ကြိုးစားအားထုတ်မှုကို အသိအမှတ်မပြုခြင်း” ဖြစ်သည့်အပြင် လုပ်ထုံးလုပ်နည်းနှင့်မညီဟု ဆိုလာကြသည်။  ဤသို့ ပျက်ပယ်လုနီးပါးဖြစ်သည့် ဆွေးနွေးညှိနှိုင်းမှုကို ပြန်လည်အဆင်ပြေအောင် ကြိုးစားအားထုတ်သူများ ရှိကြသော်လည်း  လွှတ်တော်ကိုယ်စားလှယ်များနှင့် NLD (Chin) အုပ်စု လွှမ်းမိုးခံသော ချင်းလက်နက်ကိုင် အဖွဲ့အစည်းတချို့ကြောင့် ရှေ့တိုးမရဖြစ်နေပြန်သည်။ ICNCC နှင့် CJDC တို့ ဆွေးနွေး အဖြေထုတ်မရသည့် အချက်များမှာ တော်လှန်ရေးကာလာ ချင်းဥပဒေပြုအဖွဲ့ မည်သို့ဖွဲ့စည်းမည်နည်း၊ ချင်းပြည်အစိုးရအဖွဲ့ကို မည်သို့ဖွဲ့စည်းမည်နည်း၊ ကောင်စီကိုမည်သို့သော ပါဝင်မှုဖြင့် ဖွဲ့စည်းမည်နည်း၊ ဒေသန္တရအစိုးရကို မည်သို့ဖွဲ့စည်း မည်နည်းဟူသော ပထမ “မည်နည်းများ” နှင့် မည်သို့ CJDC နှင့် ICNCC တို့ပြန်လည်ဆွေးနွေးနိုင်မည်နည်းနှင့် ဆွေးနွေးမရပါက မည်သည့်အဖွဲ့က အစိုးရ ဖွဲ့စည်းမည်နည်းဆိုသည့် ဒုတိယ မည်နည်းများ ဟူ၍  “မည်နည်းနှစ်မျိုး” ဖြင့် “မည်နည်း” များစွာဖြစ်နေသည်။

မည်နည်းများ၏ အခြေခံနှင့်မည်လောတစ်မျိုးစတင်ပုံ

CJDC အဆိုပြုချက်များ

ချင်းပြည် ဥပဒေပြုအဖွဲ့ (တော်လှန်ရေးကာလချင်းလွှတ်တော်) ကို ၂၀၂၀ ရွေးကောက်ခံ ချင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းအမျိုးသားတပ်ဦး၊ လက်ရှိအချိန် မြို့နယ်/ ဒေသအလိုက် ချင်းလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်သူများပူးပေါင်းပြီး ဖွဲ့စည်းထားကြသည့် မြို့နယ်/ ဒေသအလိုက် ဒေသန္တရအစိုးရအဖွဲ့မှ စေလွှတ်သော ကိုယ်စားလှယ်များ ဟူ၍ အစုအဖွဲ့ (၃) ဖွဲ့ဖြင့် ဖွဲ့စည်းရန်ဖြစ်သည်။  ထို့အပြင် အစိုးရအဖွဲ့ဝင်များအတွက် ဝန်ကြီးချုပ်၊ ဒု-ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးဌာန အသီးသီးမှ ဝန်ကြီးများအားလုံးကို ဝန်ကြီးချုပ်မှ ခန့်အပ်သောစနစ်ဖြင့် ဖော်ဆောင်ပြီး ၂၀၂၀ ရွေးကောက်ခံပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များအပြင် သင့်တော်သည့် လူပုဂ္ဂိုလ်များအား ဝန်ကြီးများအဖြစ် ခန့်အပ်နိုင်ရေး ဖြစ်သည်။ တရားစီရင်ရေးကဏ္ဍအတွက်မူ ပညာရှင်ကဏ္ဍဖြစ်သည့်အတွက် ICNCC နှင့် CJDC နှစ်ဖက်လုံး သဘောတူညီမှု ရရှိမည့် အနေအထားဖြစ်ကြသည်။ ထို့အပြင် CJDC မှ နိုင်ငံရေး ဦးဆောင်မှုပေးမည့် ကောင်စီတစ်ခုအတွက် Chinland Council အမည်နာမကိုအသုံးပြုရန်နှင့် စုဖွဲ့မှုအဖြစ် ၂၀၂၀ ရွေးကောက်ခံ ပြည်နယ်/ပြည်သူ့/အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များအားလုံး၊ CJDC အဖွဲ့ဝင်ကာကွယ်ရေးအဖွဲ့များ၊ ချင်းပြည်ဒေသန္တရ အစိုးရအဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖြစ် ချင်းအမျိုးသားတပ်ဦး ဆိုသည့် အုပ်စု (၄) စုဖြင့် ဖွဲ့စည်းရန် ဖြစ်သည်။ CJDC သည် ဒေသန္တရအစိုးရကို တော်လှန်ရေးကာလတွင် ပေါ်ပေါက်လာသည့် ဒေသန္တရအစိုးရအသစ်များကို အခြေခံပြီးဖွဲ့စည်းရန် အဆိုပြုထားသည်။

ICNCC အဆိုပြုချက်များ

ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအားလုံးသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရကျင်းပသည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် ၂၀၂၀ ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့်သာ သက်ဆိုင်သည်ဟုဆိုပြီး ဥပဒေပြုရေး (တော်လှန်ရေးကာလချင်းလွှတ်တော်) ကို ၂၀၂၀ ရွေးကောက်ခံ ချင်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များဖြင့်သာ ဖွဲ့စည်းရန်ဖြစ်သည်။ ထို့အပြင် ချင်းပြည်အစိုးရအဖွဲ့များကို ချင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များမှ သင့်တော်သည့် လူပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်းရမည်ဟု ၂၀၀၈ ဖွဲ့စည်းပုံ အစိုးရ ဖွဲ့စည်းသည့် နည်းလမ်းဖြင့် အဆိုပြုထားပြန်သည်။ နိုင်ငံရေး ဦးဆောင်မှုပေးမည့် အတွက် ICNCC အမည်ကိုသာ အသုံးပြုရမည်ဟု ပါရှိသည့်အပြင် ICNCC အမည်ကိုပြောင်းလဲမည်ဆိုပါက လုံးဝ လက်မခံနိုင်ကြောင်း အဆိုပြုချက်နှင့် ကောင်စီတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းအမျိုးသားတပ်ဦး၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် CDMerများ၊ CJDC ဟူ၍ အစုအဖွဲ့ (၅) ခုဖြင့် အဆိုပြုထားသည်။ ထို့အပြင် တခြားကဏ္ဍတွင် ဆွေးနွေးညှိနှိုင်းမှုလက်ခံမည်ဖြစ်သော်လည်း ပါတီ (NLD) မပါဝင်ပါက ချင်းနိုင်ငံရေးဦးဆောင်ကောင်စီတွင် လွှတ်တော်ကိုယ်စားလှယ်များလည်း မပါဝင်ဘူးဟု ခြိမ်းခြောက်ပြောဆိုသည့်အပြင် ဖွဲ့စည်းမည့် ကောင်စီနှင့် ကျင်းပမည့် ညီလာခံတို့သည် “၂၀၀၈ အခြေခံဥပဒေ ရေးဆွဲခဲ့သည့် ညောင်နှစ်ပင်ညီလာခံ” နှင့် တူမည်ဟု အဆိုပြုထားသည်။ ထို့အပြင် ချင်းပြည် ဒေသန္တရအစိုးရကို မြို့နယ် (၉) မြို့နယ်အခြေခံရမည်ဟု အဆိုပြုထားသည်။

အထက်ပါ ဆွေးနွေး ညှိနှိုင်းမှု အဆင်မပြေဖြစ်ခြင်းကို အကြောင်းပြုပြီး ချင်းလွှတ်တော်ကိုယ်စားလှယ်များ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့သည် CJDC နှင့် ICNCC တို့ ဆွေးနွေးညှိနှိုင်းမှုကို တဖက်သပ်ရပ်ဆဲ ထားသည်။ ထို့သို့ ICNCC မှဆွေးနွေးမှု တဖက်သပ်ရပ်ဆဲထားခြင်းကို အကြောင်းပြပြီး ချင်းအမျိုးသား တပ်ဦးသည် ချင်းပြည်အစိုးရကို မိမိတို့ ဖွဲ့စည်းတော့မည်ဖြစ်ကြောင်းနှင့် ပူးပေါင်းပေးမည့် အဖွဲ့အစည်းများ နှင့်သာ အကောင်အထည် ဖော်သွားမည် ဟုဆိုကာ ချင်းမြို့နယ်/ ဒေသကာကွယ်ရေး တပ်ဖွဲ့များကို တွေ့ဆုံ၍ ပူးပေါင်း၊ မပူးပေါင်း သဘောထားမေမြန်းမှုများ ပြုလုပ်လာသည်။ ထို့ကြောင့် ချင်းမျိုးသားတပ်ဦးသည် ICNCC နှင့် CJDC ညှိနှိုင်းမှုအဆင်မပြေပါက မည်သည့်အဖွဲ့အစည်းက ချင်းပြည်အစိုးရဖွဲ့မည်နည်း၏ အဖြေတစ်ခုဖြစ်ပြီး ဤအဖြေသည် လက်တွေ့ဖြစ်နိုင်မည်လော ဟူသည့် မေးခွန်းရှိသောကြောင့် “မည်လော” တစ်မျိုးစတင်သည့် အနေအထားဖြစ်သည်။ ထို့ကြောင့် “လား” ပေါင်းများစွာဖြင့် ပြီးသွားသည့် ချင်းပြည်အစိုးရ (သို့မဟုတ်) ပြည်သူ့ဝန်ဆောင်မှု ဖော်ဆောင်ရေးသည် မည်သူက ဖွဲ့စည်းမည်နည်းဟု ပြည်သူများဝေဝါးသွားကြပြီး “မည်နည်း” ပေါင်းများစွာနှင့် ဒုတိယပိုင်းကို အဆုံးသတ်ပြန်သည်။ သို့သော် ချင်းအမျိုးသားတပ်ဦးမှ တက်တက်ကြွကြွလှုပ်ရှားလာမှုကြောင့် မည်လောဟု အစပြုမည့် အပိုင်း (၃)ပိုင်း ကို ဆက်လက်ဖော်ပြ သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်