ဒီဇင်ဘာ ၃၊ ၂၀၂၄။
Zalen
ချင်းပြည်နယ်၊ မရာမျိုးနွယ်စုတွေနေထိုင်တဲ့ မရာနယ်မြေကို ချင်းအမျိုးသားတပ်မတော် (CNA) ဦးဆောင်တဲ့ ချင်းလဲန်းကောင်စီ (CC) အဖွဲ့က အင်အား ၅၀၀ ဝန်းကျင်နဲ့ ထိုးစစ်ဆင်ဖို့ပြင်ဆင်နေတယ်လို့ T media အမည်ရှိ ဖေ့ဘွတ်ပေ့ချ်က နိုဝင်ဘာလ ၂၉ ရက်နေ့က ရေးသားဖော်ပြထားပါတယ်။
T media အမည်ရှိ ဖေ့ဘွတ်ပေ့ချ်က ” CNA ဦးဆောင်သည့် ချင်းလဲန်းကောင်စီ (CC) မှ မရာနယ်ကို အင်အားအလုံးရင်း (၅၀၀) ဝန်းကျင်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ပြင်ဆင်နေပြီး တစ်ချို့ CC တပ်ဖွဲ့ဝင်များသည် CDF-Mara အမည်ခံဌာနချုပ်တည်ရှိရာ မရာနယ်သို့ ရောက်ရှိလာကြပြီဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။”လို့ ရေးသားဖော်ပြထားပါတယ်။
မူရင်းသတင်းလင့်ခ်
အဲ့ဒီသတင်းကို ယနေ့ဒီဇင်ဘာလ ၃ရက်နေ့အထိ Reaction ပေးသူ ၁၄၃ ဦး၊ မှတ်ချက် ၆၇ ခု၊ မျှဝေသူ ၇ ဦးအထိရှိပါတယ်။
စိစစ်တွေ့ရှိချက်
__________
Zalen Fact – Checking Team က စိစစ်ကြည့်တဲ့အခါ မရာနယ်မြေမှာ CNA ဦးဆောင်တဲ့ CC အဖွဲ့က ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာမတွေ့ရှိရပါ။
မရာလဲန်းကာကွယ်ရေးတပ် (MDF) ထိန်းချုပ်ထားတဲ့ လိုင်လင်းပီမြို့အပါအဝင် မရာနယ်မြေကို CC တပ်ဖွဲ့ဝင် ၅၀၀ ဝန်းကျင်နဲ့ ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာမရှိကြောင်း၊ နှစ်ဖက်နားလည်မှုယူနေစဥ်အတွင်း မည်သည့်ထိုးစစ်ဆင်မှုတွေလုပ်ဆောင်မည်မဟုတ်ဘူးလို့ CC အဖွဲ့ဝင်ဖြစ်သလို မရာနယ်မြေ ဒေသခံကာကွယ်ရေးတပ်လည်းဖြစ်တဲ့ CDF-Mara တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
၎င်းက “ကျွန်တော်တို့ မရာဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံညှိနှိုင်းပေးလို့ အခုကာလက တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပစ်ခတ်မှုတွေ၊ စစ်ကြောင်းထိုးတာတွေလုပ်မှာမဟုတ်ဘူး။ တစ်ဖက်က ကျွန်တော်တို့ကို ပစ်ခတ်မှုတွေလုပ်လာရင်လည်း အတတ်နိုင်ဆုံး ရှောင်ရှားဖို့ ညွန်ကြားထားတာတွေရှိပါတယ်။ အခုထွက်လာတဲ့သတင်းကလည်း CC နဲ့ CDF-Mara ကို နာမည်ဖျက်ချင်ရုံနဲ့ သတင်းအမှားတွေ ဖြန့်နေတာဖြစ်ပါတယ်။”လို့ ဆိုပါတယ်။
မိမိနဲ့နိုင်ငံရေး ရပ်တည်ချက် မတူညီတဲ့ အဖွဲ့အစည်းကို တိုက်ခိုက်မှုပြုလုပ်တဲ့အခါမှာ ပြည်သူလူထု အသက်အိုးအိမ်၊ စည်းစိမ်တွေကို ခြိမ်းခြောက်ထိပါးလာအောင်မပြုလုပ်ဖို့ CDF-Mara တာဝန်ရှိသူက တိုက်တွန်းထားပါတယ်။
မရာနယ်မြေမှာ CDF-Mara နဲ့ MDF တို့ အချင်းချင်း ပစ်ခတ်မှုမရှိအောင် ရပ်မိရပ်ဖနဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့ တွေ့ဆုံညှိနှိုင်းပေးမှုနဲ့နှစ်ဖွဲ့အဆင်ပြေသွားပြီဖြစ်တဲ့အတွက် တစ်ဖွဲ့တစ်ဖွဲ့ စစ်ကြောင်းထိုးတာ၊ တိုက်ပွဲဖြစ်တာတွေရှိလာတော့မယ်မဟုတ်ဘူးလို့ လိုင်လင်းပီမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
၎င်းက “ကျွန်တော်တို့က မရာနယ်မြေမှာ မရာလက်နက်ကိုင်အချင်းချင်း ပစ်ခတ်မှုမရှိရလေအောင် အတတ်နိုင်ဆုံး တွေ့ဆုံညှိနှိုင်းပေးတာတွေ တောက်လျှောက်လုပ်ပေးတယ်။ အဲ့လိုလုပ်ပေးလို့ အဆင်ပြေသွားတာတွေအများကြီးရှိတယ်။ အချင်းချင်းပစ်ခတ်မှုတွေ လုံးဝရပ်တန့်သွားတာလည်းရှိတယ်။ ဒီအခေါက်လည်း အချင်းချင်း ပစ်ခတ်မှုမလုပ်ဖို့ ကျွန်တော်တို့ထပ်ပြီး ညှိနှိုင်းပေးတယ်။ အဲ့ဒီအတွက် ပစ်ခတ်မှုတွေ၊ စစ်ကြောင်းထိုးတာတွေရှိမှာမဟုတ်တော့ဘူး။ လိုင်းပေါ်က သတင်းဟာ မရာအချင်းချင်းတွေကြား ပဋိပက္ခဖြစ်အောင် လှုံဆောင်နေတာဖြစ်ပါတယ်။”လို့ ၎င်းက ဆိုပါတယ်။
မရာနယ်မြေမှာ မရာလက်နက်ကိုင် အချင်းချင်းကြား မလိုလားအပ်တဲ့ ပဋိပက္ခဖြစ်အောင် နှစ်ဖက်ထောက်ခံအားပေးဝန်းရံသူတွေက လှုံဆော်ပေးနေတာဖြစ်ပြီး အခုလို ပဋိပက္ခဖြစ်စေမယ့် သတင်းတွေ လိုင်းပေါ်ဖြန့်ဝေတာတွေမပြုလုပ်ဖို့နဲ့ ရှောင်ရှားပေးဖို့ လိုင်လင်းပီမြို့ ဒေသခံက တောင်းဆိုထားပါတယ်။
လက်ရှိအချိန်ထိ လိုင်လင်းပီမြို့အပါအဝင် MDF ထိန်းချုပ်နယ်မြေမှာ CC အဖွဲ့က စစ်ကြောင်းထိုးတာ၊ ပစ်ခတ်တာတွေမရှိသေးဘူးလို့ MDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
၎င်းက ” ကျွန်တော်တို့ MDF ထိန်းချုပ်နယ်မြေမှာ CC ဘက်ကနေ စစ်ကြောင်းထိုးဖို့ပြင်ဆင်မှုတွေ လုပ်နေတယ်ဆိုတာ မသိရဘူးပေါ့နော်။ ဒါပေမယ့် လက်ရှိအချိန်ထိတော့ ကျွန်တော်တို့ ထိန်းချုပ်နယ်မြေမှာ စစ်ကြောင်းထိုးတာ၊ ပစ်ခတ်တာတွေက မရှိသေးဘူး။ တစ်ဖက်မှာလည်း CC အဖွဲ့ဝင်ဖြစ်တဲ့ CDF – Mara နဲ့ MDF တို့ ပစ်ခတ်မှုမလုပ်ဖို့တော့ သဘောတူညီမှုရယူထားတာတွေကရှိတယ်။”လို့ ဆိုပါတယ်။
သုံးသပ်ချက်
________
T media အမည်ရှိ ဖေ့ဘွတ်ပေ့ချ်ဟာ CC အဖွဲ့ကို နာမည်ဖျက်အောင် တမင်ဖန်တီးထားခြင်းဖြစ်ပြီး မရာလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်တဲ့ CDF-Mara နဲ့ MDF အချင်းချင်း ပဋိပက္ခဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုံဆောင်နေတာဖြစ်ပါတယ်။
အထက်ပါ အဖွဲ့တာဝန်ရှိသူတွေနဲ့ မရာနယ်မြေဒေသခံတွေရဲ့ပြောဆိုချက်အရ မရာနယ်မြေမှာ CNA ဦးဆောင်တဲ့ CC အဖွဲ့က အင်အား ၅၀၀ ဝန်းကျင်နဲ့ ထိုးစစ်ဆင်ဖို့ပြင်ဆင်နေတာမတွေ့ရှိရပဲ သတင်းအမှားဖြစ်ပါတယ်။
စာဖတ်ပရိသတ်အနေနဲ့လည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ ဒေသတွင်း ယုံကြည်စိတ်ချပြီး လွတ်လပ်တဲ့ သတင်းဌာနတွေမှာ လေ့လာဖတ်ရှုဖို့ တိုက်တွန်းချင်ပါတယ်။
Zalen စာဖတ်ပရိသတ်အနေဖြင့်လည်း ဒေသတွင်း သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကို Zalen လူမှုကွန်ရက်စာမျက်နှာ Facebook Chat Box ကနေတဆင့် သတင်းရဲ့ Links (သို့) Screen Short ပုံပေးခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။