မရာနယ်မြေမှာ MDF က မရာပြည်သူတွေကို စည်းရုံးပြီး စစ်မှုမထမ်းမနေရ နဲ့ တပ်သား ၆၀၀ စုဆောင်းမယ်ဆိုတဲ့ သတင်းအမှား

အောက်တိုဘာလ ၂၀ရက်၊ ၂၀၂၄ ခုနှစ်

Zalen

ချင်းပြည်နယ်၊ မရာနယ်မြေမှာ မရာကာကွယ်ရေးတပ် (MDF) က ပြည်သူတွေကို စည်းရုံးပြီး စစ်မှုမထမ်းမနေရ နဲ့ တပ်သားသစ် ၆၀၀ စုဆောင်းမယ်လို့ The Voice MaRa ဖေ့စ်ဘွတ်အကောင့်က မနေ့ အောက်တိုဘာလ ၁၉ ရက်နေ့က ရေးသားဖော်ပြထားပါတယ်။

The Voice MaRa ဖေ့စ်ဘုတ်အကောင့်က ” ရခိုင်မှာ အေအေနဲ့ ARSA တို့ တိုက်ပွဲဖြစ်ပွားပြီး အေအေတပ်ဖွဲ့ဝင်တွေ သေဆုံးသူများလာတဲ့အတွက် MDF ဆီ စစ်ကူပေးဖို့ အင်အားတောင်းလာပြီး MDF က တံခါးပိတ်အစည်းဝေးခေါ်ယူတယ်လို့ သိတယ်။

အချက် ၄ ချက်

(၁) မရာနယ်မြေမှာ စစ်မှုမထမ်းမနေရ။
(၂) MDF တပ်သား အင်အား ၆၀၀ပြည့်ရမည်။
(၃)မရာပြည်သူတွေကို စည်းရုံးပြီ တပ်ထဲသွင်းရမည်။
(၄) စည်းရုံးလို့မရတဲ့သူတွေ ခြိမ်းခြောက် အကြမ်းနည်းနဲ့ သွင်းရမည်။

အဓိကအချက် (1)လိုင်လင်းတယ် (2)လိုင်လင်းပီ (3)ပါဆင်းရွာတို့ဖြစ်သည်။
မရာပါစတာ နှစ်ယောက် လက်မှတ်ထိုး အတည်ပြူလိုက်ပြီလို့ သိရတယ်။”လို့ ရေးသားဖော်ပြထားပါတယ်။

မူးရင်းသတင်းလင့်ခ်
https://www.facebook.com/share/p/KTxBdGVctAW4pTW1/

အဲ့ဒီ ပိုစ့်ကို မနေ့ အောက်တိုဘာလ ၁၉ရက်နေ့၊ ညနေ ၈ နာရီအချိန်ထိ Reaction ပေးသူ ၉၄ ဦး၊ မှတ်ချက် ၁၅ ခုနဲ့ မျှဝေသူ ၈ ခုထိ ရှိလာပါတယ်။

စိစစ်တွေ့ရှိချက်


Zalen Fact – Checking Team က စိစစ်တဲ့အခါ ချင်းပြည်နယ်၊ မရာနယ်မြေမှာ MDF က မရာပြည်သူတွေကို စည်းရုံးပြီး စစ်မှုမထမ်းမနေရနဲ့ တပ်သား ၆၀၀ စုဆောင်းမယ်ဆိုတာ မတွေ့ရှိရပါ။

မရာပြည်သူတွေနေထိုင်တဲ့ မြို့၊ ရွာတွေမှာ MDF က ပြည်သူတွေကို စည်းရုံးပြီး စစ်မှုမထမ်းမနေရနဲ့ တပ်သားသစ် စုဆောင်းဖို့ ပြောဆိုစည်းရုံးတာမရှိဘူးလို့ လိုင်လင်းပီမြို့၊ ပါဆင်းကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

၎င်းက “ကျွန်တော်တို့က ဘာမှမကြားဘူး။ MDF ဘက်ကလည်း ပြောဆိုစည်းရုံးတာ မရှိဘူး။ လောလောဆယ် ညွန့်ကြားထားလည်း မရှိသေးဘူး။ ကောလဟာလ သတင်းတွေပဲ ဖြစ်ဖို့များတယ်။”လို့ ဆိုပါတယ်။

MDF နဲ့ မရာပြည်သူတွေကို အထင်မြင်လွဲမှားအောင် ရည်ရွယ်ချက်ရှိရှိနဲ့ မဟုတ်မမှန် သတင်းအမှားတွေကို ဖြန့်ဝေနေတာဖြစ်တယ်လို့ မရာကာကွယ်ရေးတပ် (MDF) တာဝန်ရှိသူတစ်ဦးက ပြောဆိုပါတယ်။

၎င်းက “လိုင်လင်းပီမြို့အပါဝင် မရာရွာတွေမှာ ကျွန်တော်တို့ MDF က ကိုယ်တတ်နိုင်တဲ့ဘက်က ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ ဆက်တိုက်ပြုလုပ်ပေးနေပါတယ်။ အဲ့ဒါလုပ်ပေးတယ်ဆိုတာလည်း မရာပြည်သူတွေ အဆင်ပြေဖို့၊ ရပ်ရွာတိုးတက်ဖို့ပါ။ စစ်မှုထမ်းခိုင်းဖို့၊ တပ်သားစုဆောင်းဖို့ စည်းရုံးရေးလုပ်တာ မဟုတ်ဘူး။ ဒါက အဖွဲ့စည်းတခုခု ဒါမှမဟုတ် လူပုဂ္ဂိုလ်တဦးဦးက ရည်ရွယ်ချက်ရှိရှိ အထင်မြင်လွဲမှားအောင် သတင်းအမှား ဖြန့်ဝေတာဘဲဖြစ်ပါတယ်။”လို့ ဆိုပါတယ်။

မရာပြည်သူတွေ စစ်မှုမထမ်းမနေရနဲ့ တပ်သားသစ် ၆၀၀ စုဆောင်းဖို့အတွက် မရာဓမ္မဆရာ (ပါစတာ)နှစ်ဦးက လက်မှတ်ထိုး အတည်ပြုတယ်ဆိုတာ မဟုတ်ဘူးလို့ လိုင်လင်းပီမြို့က မရာပါစတာတစ်ဦးက ပြောပါတယ်။

၎င်းက “ကျွန်တော်တို့ ပါစတာတွေအနေနဲ့ စစ်မှုထမ်းဖို့၊ တပ်သားသစ် စုဆောင်းဖို့ လက်မှတ်ထိုး အတည်ပြုတယ်ဆိုတာ လုံးဝ မဟုတ်မမှန်တဲ့ သတင်းပါ။ ဘယ်ပါစတာမှလည်း လက်မှတ်ရေးထိုးတာ မရှိပါ။ ပါစတာတွေအနေနဲ့လည်း လက်နက်ကိုင်အဖွဲ့စည်းတွေနဲ့ ပါဝင်ပတ်သက်ပြီး အလုပ်မလုပ်ပါ။ တခါတလေ အချင်းချင်းဖြစ်တဲ့ မလိုလားအပ်တဲ့ ပြဿနာမျိုးတွေကို ကြားဝင်ညှိနှိုင်းပေးတာဘဲ ရှိပါတယ်။”လို့ ဆိုပါတယ်။

သုံးသပ်ချက်


The Voice MaRa အမည်ရှိ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်ဟာ MDF နဲ့ မရာပြည်သူတွေကြား မဟုတ်မမှန် သတင်းအမှားတွေ ဆက်တိုက်ရေးသားဖော်ပြတာ လေ့လာတွေ့ရှိရပါတယ်။

အထက်ပါ သက်ဆိုင်ရာ အဖွဲ့အစည်းတာဝန်ရှိသူ၊ ဒေသခံပြည်သူနဲ့ ဓမ္မဆရာတို့ရဲ့ ပြောဆိုချက်အရ ချင်းပြည်နယ် မရာနယ်မြေမှာ ပြည်သူတွေကို စည်းရုံးပြီး စစ်မှုမထမ်းမနေရနဲ့ တပ်သားသစ် ၆၀၀ စုဆောင်းဖို့ဆိုတဲ့ အချက်လက်တွေ မှားယွင်းနေပါတယ်။

စာဖတ်ပရိသတ်အနေဖြင့်လည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ ဒေသတွင်း ယုံကြည်စိတ်ချပြီး လွတ်လပ်တဲ့ သတင်းဌာနတွေမှာ လေ့လာဖတ်ရှုဖို့ တိုက်တွန်းချင်ပါတယ်။

Zalen စာဖတ်ပရိသတ်အနေဖြင့်လည်း ဒေသတွင်း သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကို Zalen လူမှုကွန်ရက်စာမျက်နှာ Facebook Chat Box ကနေတဆင့် သတင်းရဲ့ Links (သို့) Screen Short ပုံပေးခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

နောက်ဆုံးရသတင်းများ

မင်းတပ်မြို့ပေါ်အနီးတဝိုက်ကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်

၂၀၊အောက်တိုဘာ၊၂၀၂၄ Zalen ချင်းပြည်နယ်၊မင်းတပ်မြို့အရှေ့ပြင်ရပ်ကွက် ဦး၀မ္မသူးမောင်း ပန်းခြံအနီးအနားရှိ နေရာတွေကို အောက်တိုဘာ ၁၉ ရက်နေ့ မနေ့က ည ၉နာရီခွဲ၀န်းကျင်မှာစစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီက ‌ဂျက်ဖိုက်တာ နှစ်စီးနဲ့ ပေါင် ၅၀၀ ...

ဆက်ဖတ်ရန်