ဒီဇင်ဘာလ ၁၉၊ ၂၀၂၅
Zalen
မလေးရှားရောက် ဒုက္ခသည်များအတွက် မလေးရှားအစိုးရက ၂၀၂၆ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ ပြုလုပ်သွားမယ့် ဒုက္ခသည်ကိုယ်ရေးမှတ်တမ်း မှတ်ပုံတင်ခြင်း စာရွက်စာတမ်း ( Dokumen Profiling Pelarian – DPP ) အစီအစဉ်မှာ ဒုက္ခသည်များ ဘေးကင်း လုံခြုံရန်အတွက် UNHCR က စောင့်ကြည့်သွားမယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း UNHCR နဲ့ ရပ်မိရပ်ဖများတွေ့ဆုံခြင်းမှ မလေးရှားအစိုးရက ဒုက္ခသည် မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်နဲ့ပတ်သက်လို့ ဒုက္ခသည်များသိရှိလိုတဲ့ အချက်များကို CEAM က မနေ့က ပြန်လည်ဖော်ပြထားတာ ဖြစ်ပါတယ်။
DPP ဟာမလေးရှားအစိုးရရဲ့ အမျိုးသားလုံးခြုံရေးကောင်စီ (MKN) က ချမှတ်ထားတဲ့ မူဝါဒတစ်ခုဖြစ်ပြီး ဒါဟာ မလေးရှားရှိဒုက္ခသည်များကို အစိုးရမှတရားဝင်မှတ်ပုံတင်ပြီးကတ်ပြားထုတ်ပေးဖို့ ရည်ရွယ်ထားတာဖြစ်ပါ တယ်။
UNHCR ဟာ DPP မူဝါဒရေးဆွဲရာမှာ ပါဝင်ခြင်းမရှိသလို အသေးစိတ်အချက်အလက်များကိုလည်းလက်လှမ်း မမှီသေးပေမယ့် မလေးရှားအစိုးရရဲ့ ဒုက္ခသည်အဓိပ္ပါယ်ဖွင့်ဆိုချက်ဟာ UNHCR ရဲ့သတ်မှတ်ချက်နဲ့ဆင်တူ ကြောင်း ၊ ဒုက္ခသည်များအတွက် အလုပ်လုပ်ကိုင်ခွင့်၊ ကျန်းမာရေး၊ ပညာရေး များအတွက် အကာအကွယ် ပိုမို ရရှိရန်အတွက် UNHCR က ဆွေးနွေးညှိနှိုင်းနေတယ်လို့ဆိုပါတယ်။
UNHCR အနေဖြင့်ဒုက္ခသည်များရဲ့ကိုယ်ရေးအချက်အလက်များကို မလေးရှားအစိုးရထံ မလွှဲပြောင်းထားဘူးလို့ သိရကာ အချက်အလက်လုံခြုံမှုအတွက် ခိုင်မာတဲ့ သဘောတူညီချက်မရရှိသေးသရွေ့ ယေဘုယျ ကိန်းဂဏန်း များကိုသာမျှဝေပေးတယ်လို့ဆိုပါတယ်။
ဒါ့အပြင် UNHCR ကဒ်ကိုင်ဆောင်သူများအတွက် လက်ရှိမှာ ဘာမှအပြောင်းအလဲမရှိသေးဘူး လို့သိရကာ UNHCR မှတ်ပုံတင်ခြင်းနဲ့ ကဒ်သက်တမ်းတိုးခြင်းများကိုတော့ ပုံမှန်အတိုင်းဆက်လုပ်နေတယ်လို့သိရပါတယ်။
DPP ကဒ်ဟာ အနာဂတ်ဒုက္ခသည်များအတွက် ယယီနေထိုင်ခွင့်အထောက်အထားတစ်ခုဖြစ်လာနိုင်ပေမယ့် လတ်တလောမှာတော့ အခြေအနေကိုစောင့်ကြည့်ရအုံးမယ်လို့လည်း ဖော်ပြထားပါတယ်။
သတင်း – Mickey


















