Zalen
၂၀၂၁ခုနှစ် နွေဥဦးတော်လှန်ရေးအစဟာ CDM ကအစပြုခဲ့တယ်ဆိုတာ ဘယ်သူမှ ငြင်းချက်ထုတ်မယ် မထင်ပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက် အစိုးရဝန်ထမ်းများ၊ ကျောင်းဆရာ/ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများအပါအဝင် ပြည်သူအများအပြား ပါဝင်ခဲ့သည့် CDM လှုပ်ရှားမှုသည် နိုင်ငံတဝန်း ဆန့်ကျင်ရေးလှုပ်ရှားမှုများ ပေါ်ပေါက်လာစေရန် အခြေခံအင်အားအဖြစ် အရေးပါခဲ့ပါတယ်။
CDM လှုပ်ရှားမှုမှ နောက်တဆင့်တက်ပြီး သပိတ်မှောက်ခြင်းစတင်လာကြပါတယ်။ ငြိမ်းချမ်းစွာလမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်မှုကတဆင့် စစ်အာဏာရှင်တို့ရဲ့ အကြမ်းဖက်နည်းတွေနဲ့ဖြိုခွင်းခံရပြီးနောက်မှာတော့ လက်နက်ကိုင်တော်လှန်ရေးကို ခြေစုံပစ်ဝင်ကြပြီး ယနေ့အထိ တိုက်ပွဲဝင်နေကြတာပါပဲ။ ၂၁ ရာစုနွေဦးတော်လှန် ရေးဟာ အဆင့် ၃ ဆင့်နဲ့ တဆင့်ချင်း ပေါက်ဖွါးလာပြီး ဆင်နွှဲသွားတာ တွေ့ရမှာပါ။
၂၁ရာစုနွေဦးတော်လှန်ရေးမှာ CDM နဲ့ သပိတ်လှုပ်ရှားမှုခေါင်းဆောင်တွေဟာ မြို့နယ်နဲ့ ဒေသအသီးသီးမှာ ပေါ်ပေါက်လာကြပြီး သူတို့ထဲက တချို့ဟာ လက်နက် ကိုင်တော်လှန်ရေးမှာ ပါဝင်နေသူတွေ ရှိကြသလို တချို့က လက်နက်ကိုင်လမ်းစဥ်ထဲ မဝင်ပဲ သူတို့နိုင်ရာဝန်တွေထမ်းရင်း တော်လှန်နေသူတွေလဲ ရှိကြပါတယ်။ အဲ့ထဲကမှခေါင်းဆောင်တွေဆိုတာ ရာနှုန်းအနည်းစုမျှသာ ဖြစ်ကြပြီး နောက်လိုက်ကသာ လူများစုဖြစ်ကြပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် CDM သမားတချို့နောက် ပြန်လှည့်နေသူများရှိသလို နောက်ပြန်လှည့်တဲ့ တော် လှန်ရေးသမားတချို့လဲ ရှိနေကြပါတယ်။ ထို့အတူ တော်လှန်ရေးဘက်ထဲ နောက်ထပ် အလင်းဝင်လာသူများနဲ့ CDM လုပ်လာသူများလဲ ယနေ့ချိန်ထိရှိနေကြဆဲပါ။ ဒီဖြစ်စဥ်ဟာ တော်လှန်ရေးကာလမှာ မဖြစ်မနေ ရင်ဆိုင်ကြုံတွေ့ရမယ့် သဘောသဘာဝနဲ့ ဖြစ်စဥ် တခုပဲဖြစ်ပါတယ်။ တချို့က ဓမ္မဘက်ကူးနေချိန်၊ တချို့က အဓမ္မဘက်ကူး ပြောင်းနေကြပါတယ်။ တချို့က ကိုယ်ကျိုးစွန့်နေချိန်မှာ တချို့က ကိုယ်ကျိုးရှာနေကြပါတယ်။
CDM နှင့် သပိတ်လှုပ်ရှားမှုများကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူများ၊ အကျဉ်းချခံရသူများ၊ မုဒိမ်းကျင့်ခံရသူများ၊ သတ်ဖြတ်ခံရသူများ၊ နှိပ်စက်ညှဉ်းပန်းခံရသူများ မရေမတွက်နိုင်အောင် ရှိခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့များရဲ့ မှတ်တမ်းများတွင်လည်းဖော်ပြထားပါတယ်။
လက်နက်ကိုင်တော်လှန်ရေးကာလသို့ ဝင်ရောက်လာပြီးနောက်ပိုင်းတွင်လည်း CDM ပါဝင်ခဲ့သူအချို့မှာ ဆက်လက်ဖမ်းဆီးခံရခြင်း၊ အလုပ်အကိုင်ဆုံးရှုံးခြင်း၊ စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
CDM နဲ့ သပိတ်မှာ ပါဝင်သူများအနေနဲ့ စိတ်မချမ်းသာကြ ရသလို ခံပြင်းဒေါသ ဖြစ်နေကြပါပြီဆိုတာ ပြည်သူနဲ့ တော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံရေး သမားလို့ ကိုယ့်ကိုယ်ကိုယ် ခံယူသူများအားလုံး သဘော ပေါက်ပြီး သိမြင်သင့်ပြီလို့ မီးမောင်းထိုးပြချင်ပါတယ်။
CDM ဦးဆောင်သူတွေဟာ CDM လှုပ်ရှားမှုကာလမှာ နိုင်ငံရေးသမား၊ လွှတ်တော်အမတ်များရဲ့ ကတိပေးမှုနဲ့ မစားရဝခမန်းစကားတွေအတိုင်း နောက်လိုက်တွေကို ကတိစကားတွေ ခံထားခဲ့ကြပါသေးတယ်။
ဥပမာ- CDM သာလုပ်ပါ။ ရုံးမတက်နဲ့ရုန်းထွက်ကြ။ မိသားစုရပ်တည်နိုင်ဖို့ ကျွေးမွေးနိုင်ဖို့ ပြည်သူရှိတယ်။ ပြည်သူက ကျွေးမှာပါ။ နိုင်ငံခြားက အကူအညီအပြည့်ရမှာပါ စသည်ဖြင့်ပေါ့လေ မျှော်လင့်ချက်များစွာ ပေးပြီးပေါ့။
CDM သမားတွေကိုမေးကြည့်ရင်လဲ အဲဒီကတိစကားအရ ရရှိကြမယ့် ငွေကြေးထောက်ပံ့ကြေးမျှော်ကိုးပြီး CDM မလုပ်ကြပါဘူး။ အနစ်နာခံလုပ်ကြတာချည်းပါပဲ။
သို့သော်လည်းပဲ တဘက်က ကတိစကားတွေဟာ CDM ခေါင်းဆောင်တွေကို ခြောက်တွန်းပြီး အယုံအကြည်မဲ့စေတဲ့ ဖီးလုံးတွေ ဖြစ်နေတာက ရင်နာစရာကောင်းလွန်းလှပါတယ်။ မြန်မာ့ဆိုရိုးစကားတခုပြောရမယ်ဆို ကြမ်းကျွံရင်နှုတ်လို့ရတယ် စကားကျွံရင် နှုတ်လို့မရဆိုတာလည်း သတိချပ်သင့်ပါတယ်။
CDM ခေါင်းဆောင်တချို့ဟာ CDMသမား တချို့ရဲ့ မေးခွန်းထုတ်ခြင်းကို ယနေ့အထိ ကြုံနေကြရပါတယ်။
မင်းတို့ပြောတဲ့ ထောက်ပံ့ကြေးက ဘယ်မှာလဲ? မင်းတို့ကတိမတည်ဘူး။ အမတ်တွေနဲ့ပေါင်းပြီး လိမ်လည်လှည့်ဖြားခဲ့ကြတာလားဆိုတာမျိုးတွေ အများစုကြားရပါတယ်။
မင်းတို့ ခေါင်းဆောင်တွေကျတော့ ထောက်ပံ့ ကြေးတွေ တိတ်တခိုးရနေကြတယ်မဟုတ်လား။ သိပါတယ် ဆိုတာမျိုးလဲ ကြားရပါတယ်။ သူတို့ခဗျာမှာ မိသားစုစားဝတ်နေရေး ချို့တဲ့ထိခိုက်လွန်းတဲ့ အဖြစ်မျိုးကြုံနေကြတော့လဲ ပြောနေကြတာ အပြစ်မဆိုတာပါ။ ဒီကြားထဲ ကျန်းမာရေးကိစ္စတွေ ဆက်နွယ်လာရင် ဘယ်လောက်ခက်ခဲကြမ်းတမ်းတဲ့ဘဝမျိုးမှာ ရှင်သန်နေကြမလဲ မတွေးဝံ့စရာပါပဲ။ ကျန်းမာရေးစရိတ် ဘယ်လောက်မြင့်မားနေလဲ အားလုံးအသိပါ။
၂၁ရာစု နွေဦးတော်လှန်ရေးကို သန္ဓေတည်မွေးဖွားပေးတဲ့ CDM တွေဟာ မေ့လျှော့ခံဘဝအဖြစ်သို့ ရောက်ရှိနေပြီး ပင်ပန်းကြီးစွာဖြင့် ရှင်သန်နေရသူတွေ ဒုနဲ့ဒေးပါပဲ။
တော်လှန်ရေးအဖွဲ့အစည်းများရဲ့ ဘေးဖယ်ကျဉ်ခံဘဝ၊ လူရာသွင်းမခံရသည့် အခြေအနေတွင် ရှိနေပါတယ်။ NUG ကိုယ်၌ကပင် လက်နက်ကိုင်တော်လှန်ရေးကိုဦးစားပေးနေရတော့ CDM အရေးကို လုံးဝ လျစ်လျူရှုထားသလိုဖြစ်နေပါတယ်။ CDM သမားများကိုယ်တိုင်ပင် မိမိတို့ CDM လုပ်ခြင်းအပေါ် ပြန်လည်သုံးသပ်နေကြရတဲ့ အခြေအနေဖြစ်နေပြီ။ ပြည်သူတချို့ကလည်း CDM သမားများကို အားမပေးသည့်အပြင် ပြစ်တင်ဝေဖန်သည့်အဖြစ်သို့ ရောက်ရှိနေပါပြီ။
တော်လှန် ရေးခေါင်းဆောင်တချို့၊ အဖွဲ့အစည်းတချို့( နွေဦး/EAO) ကလည်း CDM ကို အလေးမထား၊ အသိအမှတ်မပြုတဲ့ သဘောထားတွေတွေ့မြင်နေရပါတယ်။ ဝမ်းနည်းရမလား၊ ခံပြင်းရမလား မပြောတတ်တော့ပါ။ သေချာတာကတော့ ဤသို့သော သဘောထားရှိတဲ့ လူပုဂ္ဂိုလ်များနဲ့ အဖွဲ့အစည်းများကို မှတ်တမ်းတင်ပြီး နောင်တချိန်အခွင့်သင့်တဲ့အခါ ထိရောက်စွာအရေးယူသင့်တယ်လို့ မြင်မိပါတယ်။
နောက်ပြီး CDMနဲ့ သပိတ်လှုပ်ရှားမှုကအစ တဆင့်ချင်း မပါဝင်ခဲ့ပဲ တော်လှန်ရေးရဲ့ နောက်ပိုင်းကာလမှ ဝင်ချလာတဲ့ သူတွေအများစုဟာ CDM အရေးကိုစာနာခြင်းမရှိပဲ လုံးဝ အလေးမထားသူပိုများတာ တွေ့လာရပါတယ်။ အစကတည်းက တဆင့်ချင်း ပါဝင်လာသူတွေတောင် အရေးမစိုက်ကြတော့တာ ထိုသူတို့ရဲ့လုပ်ရပ်ကို အပြစ်မတင်သာလို့ဆိုရမလိုဖြစ်နေပြိ။
နွေဦးတော်လှန်ရေးဟာ ၆ နှစ်တာထဲသို့ ဝင်ရောက်လာပါပြီ။ သမိုင်းတလျှောက်အောင်မြင်မှုအကြီးမားဆုံးကို စွမ်းဆောင်နိုင်တယ်လို့နေတာင်ဆိုနိုင်ပါတယ်။ပန်းတိုင်တော့ မရောက်နိုင်သေးဘူးပေါ့လေ။ သို့သော် အားရစရာကောင်းတယ်လို့မြင်မိပါတယ်။ ဒီဲတော်လှန်ရေးခရီးဟာ ကြာရှည်မှာလဲ သေချာသထက် သေချာလာတယ်။ အကြောင်းကတော့ ကမ္ဘာ့မောင်းနှင်အင်အားကြီးနိုင်ငံတို့ရဲ့ ကမ္ဘာ့အရေးကိုင်တွယ်ပုံပြောင်းလဲလာခြင်း၊ ပထဝီဝင်နိုင်ငံရေးအား ကောင်းလွန်းခြင်း၊ အိမ်နီးချင်းတိုင်းပြည်များရဲ့ အကူ အညီမရရုံသာမက တရုတ်ရဲ့ ဒေသတွင်းထိန်းချုပ်ခြယ်လှယ်မှုအင်အားကြီးမားလွန်းခြင်း၊ ဥရောပနိုင်ငံများရဲ့ ပြည်တွင်းရေးရှုပ်ထွေးနေခြင်း၊ အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒကျင့်သုံးပုံ ပြောင်းလဲလာနေခြင်းတို့ကြားမှာ နွေဦးတော်လှန်ရေးဟာ မှောက်ချည်တလှည့် လှန်တလှည့်နဲ့ ယက်ကန်ယက်ကန် စီးမျောနေရလို့ပါပဲ။ အိမ်နီးချင်းနိုင်ငံ တနိုင်ငံကသာ စစ်ရေးအကူအညီပေးနိုင်ရင် ယနေ့ထက် ခရီးရှေ့ရောက်နေတော့မှာ မုချပါပဲ။
တဘက်မှာ အာဏာသိမ်းစစ်ကောင်စီဟာ တရုတ်နဲ့ ရုရှားရဲ့ အပြည့်အဝ ကျားကန်ပေးတဲ့ အနေအထားနဲ့ ပဲ တရားဝင်မှုရရှိရေးအတွက် ရွေးကောက်ပွဲကို အကွက်ချပြီး စိတ်ကြိုက်ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အာဆီယံဟာ တရုတ်ရဲ့ ဖိအားနဲ့အသိ အမှတ်ပြုမည်မှာ မလွဲပေ။ အာဆီယံဒေသတွင်းရဲ့ ထောက်ခံမှုဟာ ဥရောပနှင့် အမေရိကန်ရဲ့ ဖိအားကို တန်ပြန်နိုင်တဲ့ အနေအထားမှာ ရှိနေခြင်းကပင် စစ်ကောင်စီရဲ့အသက်ရှုပေါက်ကိုချောင်စေတဲ့ တခုတည်းသော ရှင်သန်ရေးဖြစ်နေပါတယ်။ ဒေသတွင်းပထဝီဝင်နိုင်ငံရေးရဲ့ လွှမ်းမိုးနိုင်စွမ်းအားဘယ်လောက် အရာရောက်တယ်ဆိုတာကို သိမြင်ရခြင်းပါပဲ။
အထက်မှာ ဆိုပြီးသကဲ့သို့ CDM များ လူရာသွင်းမခံရ ခြင်း၊ ဘေးဖယ်ခံရခြင်း၊ အရေးမစိုက်ခြင်းကြောင့် ခံပြင်းမှုနဲ့ဒေါသအကျိုးဆက်ဟာ စစ်ကောင်စီရဲ့ ရွေး ကောက်ပွဲအလွန်မှာ ဖြစ်ပေါ်လာနိုင်ပါတယ်။
နိုင်ငံ့အရေးမှာလည်း သူ့နေရာနဲ့သူဆ်ိုသလိုပဲ အနုပညာဝမ်းစာရှိသလို တော်လှန်ရေးဝမ်းစာရှိရပါမယ်။ ပညာရေးဝမ်းစာရှိသကဲ့သို့ နိုင်ငံရေးဝမ်းစာရှိရမှာဖြစ်ပါတယ်။ ထိုက်သင့်သော ဝမ်းစာမရှိရင် ဘယ်အရာ၊ဘယ် အလုပ်ကိုမျှ အရာရောက်အောင်မြင်အောင် ပြီးမြောက် အောင် မစွမ်းဆောင်နိုင်ပါ။ နောက်ပြီး ဂုဏ်သိက္ခာပိုင်းဆိုင်ရာ အသိအမှတ်ပြုမှု၊ မြှင့်တင်ခြင်း၊ နှိမ့်ချခြင်းဟာ အင်မတန်အရေးကြီးပါတယ်။ CDM ကို ထိုက်တန်တဲ့ဂုဏ်သိက္ခာမပေးခြင်းဟာ တော်လှန်ရေးအတွက် ကြီး မားတဲ့ စော်ကားမှု၊ ဟာကွက်နှင့် ပြစ်မှုဖြစ်ပါတယ်။
ကြပ်တည်းလာနေတဲ့ CDM ၊ ဘေးဖယ်ထားခြင်းခံရသော CDM ၊ ဂုဏ်ပြုမခံ ဂုဏ်သိက္ခာတင်မခံရသော CDM ဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအလွန် နိုင်ငံရေးအခင်းအကျင်းမှာ မိမိတို့ရဲ့ ရှင်သန်ရပ်တည်နိုင်ရေးအတွက် ပြန်လည်သုံးသပ်ရမယ့် အနေအထား ရှိလာနိုင်တယ်လို့ ခန့်မှန်း သုံးသပ်မိတယ်။ ဒါကလဲ CDM သမားအများစုရဲ့ ရင်တွင်းခံစားချက်နဲ့ နာကျည်းချက်၊ ဒေါသ၊ ခံပြင်းမှုတွေကို ကြားသိနေရလို့ပါ။
CDM သမားတွေဟာ ဟိုမရောက်ဒီမရောက်ဘဝနဲ့ အသက်ငင်နေခြင်းဖြင့် ရှင်သန်နေခြင်းဟာ မဖြစ်သင့်ဘူးလို့ ယူဆပါတယ်။ ထိုက်တန်တဲ့ ရှင်သန်မှုရပ်ဝန်းမှာ ရှင်သန်ရန် အချိန်တန်ပြီလို့ ယူဆပါတယ်။ CDM အနေဖြင့် တခုခုကို ရွေးချယ်ရတော့မယ်ဆိုရင် တော်လှန်ရေးအဖွဲ့အ စည်းများ၊ တာဝန်ရှိသူများအနေနဲ့ ပြစ်တင်ဝေဖန်ခြင်း လုံးဝ မပြုလုပ်ကြဖို့ လိုပါမယ်။ မိမိတို့ တာဝန်မကျေခြင်းရဲ့ ရလဒ်ကို မိမိတို့ နားလည်ကြဖို့ လိုအပ်ပါမယ်။ အထူးသဖြင့် NUG ဖြစ်ပါတယ်။ CDM ရဲ့ ရွေးချယ်မယ့် လမ်းကို ဖိနှိပ်မယ်ဆိုရင် ပြန်လည်ပေးဆပ်ရန်သာ ရှိလာပါတော့မယ်လို့ ယူဆပါတယ်။ CDM ရဲ့ အကျိုး ဆက် ရွေးကောက်ပွဲအလွန်ကာလမှာ ထင်မှတ်မထား သည်ထက် ကြီးမားလာနိုင်ပါတယ်။ CDM နဲ့ နွေဦးတော်လှန်ရေးကို အစပြုသလို CDM ကပဲ နွေဦးတော် လှန်ရေးကို အဟန့်အတားပေးနိုင်ဆုံး ဖြစ်လာနိုင်ပါတယ်။
CDM တွေ အသဲနာဆုံးကတော့ Non-CDM မိသားစုဝင်တွေ တော်လှန်ရေးအဖွဲ့အစည်းထဲ ခေါင်းဆောင်လုပ်နေတာမျိုး၊ Non-CDM မိသားစုဝင်တွေက ရပ်ရွာအုပ်ချုပ်ရေးမှာ ပါဝင်နေတာမျိုး။ Non-CDM မိသားစုဝင်တွေကို ထောက်ပံ့ကြေးပေးတာမျိုးပါ။ တော်လှန်ရေးအဖွဲ့အစည်းခေါင်းဆောင်တွေက Non-CDM များနဲ့ ပလူးပလဲ လုပ်နေရတာမျိုး။ နောက်ပြီး CDM များကို တော် လှန်ရေးအဖွဲ့အစည်းများမှ ဖမ်းဆီးစစ်ဆေးခြင်းများပြုလုပ်တာတွေ ကြားသိနေရပါတယ်။ ဒီလိုအဖြစ်မျိုးဟာ တော်လှန်ရေးအဖွဲ့အစည်းတချို့မှာ မြင်နေရပြီး ဒေသတချို့မှာ တွေ့မြင် ကြားသိနေရပါတယ်။ ဒီလိုအဖြစ်မျိုးတွေက CDM တွေအပေါ် စော်ကားရာရောက်စေပါတယ်။
လက်နက် ကိုင်တော်လှန်ရေးဟာ အလွန်အရေးကြီးတဲ့အနေအ ထားမှာ ရှိနေတာကို သဘော ပေါက်နားလည်ကြသည်ဆိုသော်ငြားလဲ CDM များရဲ့ အခန်းကဏ္ဍကျဆင်း မှေးမှိန်နေခြင်းကိုတော့ လက်မခံနိုင်ကြတော့ပါဘူး။ အဖွဲ့အစည်းတိုင်းမှာ ရောနှောပါဝင်မနေပဲ CDM အင်အားစုအားလုံး စုစည်းကာ သီးခြားအနေနဲ့ အင်အား စုတခုအဖြင့် ရပ်တည်ပြီး တော်လှန်ရေးအခန်းကဏ္ဍသစ်တရပ် ပြန်လည်ဖွင့်လှစ်သင့်ပြီလို့ ယူဆပါတယ်။ ဒါမှသာ CDM ရဲ့ အခန်းကဏ္ဍဟာ အရေးပါပြီး ထင်သာမြင်သာရှိလာမှာ ဖြစ်ပါတယ်။
စစ်ကောင်စီ၏ ရွေးကောက်ပွဲအလွန် CDM အရေးဟာ တော်လှန်ရေးအတွက် ကြီးမားသော စိန်ခေါ်မှုကြီးဖြစ်လာနိုင်ပါတယ်။ အကျိုးဆက်ကြီးမားလာနိုင်ပါတယ်။ ပဋိပက္ခအသွင်တမျိုးဖြစ်ပွားလာနိုင်ပါတယ်။ တော်လှန်ရေးအင်အားစုနှင့် စစ်ကောင်စီကြား CDM အရေးက အခရာကျလာနိုင်ပါတယ်။ စစ်ကောင်စီကသာ CDM အရေးကိုင်တွယ်ပုံ ကောင်းမွန်ပါက တော်လှန်ရေးရဲ့ လမ်းကြောင်းကို ကြီးမားစွာ ထိခိုက်စေမယ်ဆိုတာ သံသယရှိစရာမလိုပါ။
ရွေးကောက်ပွဲအလွန် စစ်ကောင်စီဟာ အခင်းအကျင်းများကို တဆင့်ခြင်းဆောင်ရွက်လာမှာဖြစ်ပြီး တော်လှန်ရေးအင်အားစုများကြား သဘောထားကွဲလွဲမှုမှတဆင့် တဦးချင်း၊ တဖွဲ့ချင်း၊ အချင်းချင်းကြား အကွဲအပြဲဇာတ်လမ်းထောင်သောင်းမက ဖြစ်လာနိုင်စရာရှိပါတယ်။ ထိုအထဲမှာ CDM အရေးဟာ အဓိကကျလာမည်မှာ ဧကန်မလွဲပါပဲ။ ဒါပေမယ့်လဲ CDM အရေးကို တော်လှန်ရေးအဖွဲ့အစည်းများက အခရာကျကျ၊ အရေးတယူ အလေးထားခြင်းမရှိကြတော့တဲ့အတွက် စစ်ကောင်စီအနေနဲ့ အရေးတယူဖြစ်လာပြီး ဆောင်ရွက်လာပါက CDM ရဲ့ ရွေးချယ်မှုလမ်းကြောင်းအား ပြစ်တင်ခြင်း လုံးဝမပြုလုပ်ကြဖို့ လိုမှာဖြစ်ပြီး ပြစ်တင်ဖိနှိပ်ပါကလဲ တန်ပြန်တော်လှန်ခံရမည်မှာ မလွဲလို့ သုံးသပ်မိတယ်။ အကြောင်းကတော့ CDM သမားတွေရဲ့ ခံစားချက်ဟာ ကြောက်ခမန်းလိလိ မြင့်တက်နေလို့ပါပဲ။ ဒီလိုပြောလို့ ပြည်သူကို လက်ညှိုးမပြဖို့ လိုပါတယ်။
တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ CDM အရေးကို အမြန်ဆုံး မသုံးသပ်ပါက၊ အရေးယူဆောင် ရွက်ခြင်းမပြုပါက ဖြစ်လာနိုင်တဲ့ အကျိုးဆက်အတွက် ပြင်ဆင်ထားသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။
ဝန်ခံချက်။ ဤ ဆောင်းပါးရေးသားတင်ပြရန် CDM များမှ တိုက်တွန်းအကြံပြုထားခြင်းဖြစ်ပြီး စာရေးသူတဦးတည်း၏ သဘောထားအမြင်ယူဆချက် မဟုတ်ဘဲ CDM တချို့ ထည့်သွင်းစေလို၍ ပေးပို့လာသောအကြောင်းအရာများ၊ သဘောထားအမြင်၊ ယူဆချက်များစုစည်းပါဝင်ထည့်သွင်းထားပါသည်။
ဆောင်းပါး-BL. Khaisa (Mara)
ပုံဒီဇိုင်း-မိုင်နွေဦး
#ဆောင်းပါး#CDM#Zalen

မေ့လျော့ခံ CDM များရဲ့ရွေးကောက်ပွဲအလွန် သက်ရောက်မှု















