ကိုဗန်
စိုက်ပျိုးရေးလယ်ယာမြေဧက (၃၄.၅၀၇)သန်း ဧက ရှိပြီး မိုးစပါးစိုက်ဧကပေါင်း (၁၅)သန်းခန့် နဲ့ နွေစပါးစိုက်ဧက (၂)သန်းခန့် ရှိပါတယ်။
စစ်ကောင်စီကတော့ စိုက်ပျိုးမြေဧကတွေ တိုးလာတယ် လို့ ထုတ်ပြန်ထားပေမယ့် ကိုလိုနီခေတ်ကတည်းက စတင်ပြုပြင်ပြောင်းလဲခဲ့တဲ့ လယ်ယာစိုက်ပျိုးရေးစနစ်ဟာ မြေဈေးနှုန်း မြင့်တက်လာတာကလွဲလို့ တခြားပြောင်းလဲမှု ကြီးကြီးမားမား ရှိမနေခဲ့ပါဘူး။
ဒါအပြင် လူလုပ် ဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်တွေကြောင့် မြန်မာ့စိုက်ပျိုးရေးကဏ္ဍဟာ ဆုတ်ယုက်လာနေတဲ့ အခြေအနေကြုံနေရပါတယ်။
စိုက်ဧက ပြောင်းလဲတိုးတက်မှု နည်းပါးအပြင် သီးနှံ အထွက်နှုန်းဟာလည်း နှစ်စဉ် အနှုတ်လက္ခဏာ ပြသလာနေတာကို တွေ့မြင်ရမှာပါ။ စစ်အာဏာသိမ်းပြီး (၄)နှစ်အတွင်း မြန်မာ့စိုက်ပျိုးရေးကဏ္ဍဟာ ဆုတ်ကပ် ကျရောက်နေပြီလို့ ဆိုနိုင်ပါတယ်။
အဓိက အချက်က သီးနှံအထွက်နှုန်းလျော့ကျလာခြင်း၊စိုက်ပျိုးရေးစရိတ်မြင့်မားလာခြင်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်လိုသူ လျော့ကျလာခြင်း၊ ဈေးကွက်လျော့ကျလာပြီး သယ်ယူပို့ဆောင်ရေးစရိတ်မြင့်တက်လာခြင်း နဲ့ ငွေကြေးဖောင်းပွမှု တိုးလာခြင်းတို့ကြောင့် ဖြစ်ပါတယ်။
သီးနှံအထွက်နှုန်းလျော့ကျလာခြင်းနဲ့ ပါတ်သက်ပြီး လေ့လာသုတေသန ပြုထားချက်တွေ ရှိမနေသေးပေမယ့် လက်တွေ လုပ်ကိုင်လာကြတဲ့ တောင်သူတွေအတွက် ခါးသီးတဲ့ အမှန်တရား ဖြစ်နေပါတယ်။
စစ်ကောင်စီကတော့ စိုက်ပျိုးသီးနှံ အထွက်နှုန်းတိုးမြင့်ဖို့ ဆော်ဩနေပေမယ့် မြေပြင်မှာ တောင်သူတွေကို ကူညီပံပိုးမှု နည်းပါးနေဆဲပါ။
ပြီးခဲ့တဲ့ သုံးနှစ်အတွင်း ငွေကြေးဖောင်းပွလာမှုကြောင့် စိုက်ပျိုးရေးစရိတ်တွေ အဆမတန်မြင့်တက်လာခဲ့တယ်။
မြေဩဇာ နဲ့ ဆေးဝါးစျေးနှုန်းတွေဟာ ၂၀၂၁ ခုနှစ် ဈေးနဲ့ ၂၀၂၄ ခုနှစ် ဈေးတွေကို နှိုင်းယှဉ်ရင် (၄)ဆမက မြင့်တက်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဒီအချက်တွေအရ စိုက်ပျိုးရေးကုန်ကျစရိတ်မြင့်တက်လာတဲ့အတွက် တောင်သူစိုက်ပျိုးမှု နှုန်းပါ လျော့ကျလာတာ တွေ့ရတယ်။
စိုက်ပျိုးသီးနှံတွေ ပေါ်ထွက်လာပေမယ့် ဈေးကွက်မှာ သင့်တော်တဲ့ ဈေးမရရှိခြင်းကလည်း တောင်သူတွေ စိုက်ပျိုးအား လျော့ကျလာစေပါတယ်။
အခြေခံ စိုက်ပျိုးသီးနှံဈေးနှုန်းတွေ မရှိတဲ့အပြင် ဆန်စပါးလို အခြေခံဈေးသတ်မှတ်ထားတဲ့ နှုန်းထားတွေကလည်း တောင်သူကို ပိုပြီးဖိနှိပ်သလို ဖြစ်စေတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ တုန်းက အခြေခံစပါးဈေးမထွက်ခင် စပါးတင်း(၁၀၀)ဈေးနှုန်းဟာ တောင်သူတွေအတွက် အမြတ်ရရှိစေခဲ့ပေမယ့် အခြေခံဈေးသတ်မှတ်လိုက်ချိန်မှာတော့ ဈေးပြုတ်ကျကာ အကျိုးအမြတ် မရှိ ဖြစ်စေခဲ့တယ်။
ဒီလိုအချက်တွေကြောင့် တောင်သူတွေဟာ စိုက်ပျိုးပေမယ့် အသီးအပွင့်ကို မခံစားရပဲ အကြွေးပါတ်လည် ဝိုင်းတဲ့ အခြေအနေဖြစ်လာတယ်။
စိုက်ပျိုးရေးစရိတ်တွေ မြင့်တက်လာမှုနဲ့အတူ ထပ်မံကြုံတွေ့နေရတာကတော့ စိုက်ပျိုးရေးလုပ်သား ရှားပါးလာနေခြင်းပါ။
စိုက်ပျိုးရေးကဏ္ဍက နေ့စားခတွေဟာ ကျပ်(၁)သောင်းဝန်းကျင်သာ ရှိလို့ ယနေ့ခေတ် ကုန်ဈေးနှုန်းတွေနဲ့ အဆင်မပြေကြတော့တာ တွေ့ရတယ်။
စိုက်ပျိုးရေးထက် ပိုပြီး ဝင်ငွေရတဲ့ အလုပ်တွေ၊ ပြည်ပကို ရွှေ့ပြောင်းလုပ်ကိုင်ကြတာတွေ ပိုပြီး များပြားလာပါတယ်။
စိုက်ပျိုးရေးကဏ္ဍမှာ လုပ်အားလျော့ကျလာစေခြင်း အဓိက အကြောင်းရင်းက စစ်ကောင်စီရဲ့ စစ်မှုထမ်းစနစ်ကြောင့် ဖြစ်ပါတယ်။
စစ်မှုမထမ်းလိုတဲ့ လူငယ်တွေ နေရပ်ကနေ စွန့်ခွာနေကြခြင်းကြောင့် ကျေးလက်တွေမှာ လူငယ်လုပ်အား အဆမတန် လျော့ကျလာနေတာပါ။
စစ်မှုထမ်း တစ်ဦးခေါ်ယူတိုင်း စိုက်ပျိုးရေးကဏ္ဍမှာ လူ(၁၀)ဦးခန့် လျော့ကျသွားတဲ့ အခြေအနေမျိုးကို ကြုံတွေ့နေရတာပါ။
ဘာကြောင့်ဆို စစ်ကောင်စီက စစ်မှုထမ်းတစ်ဦး ခေါ်ယူဖို့ လုပ်ဆောင်ရင် တခြားလူငယ်(၉)ဦးခန့်က နောက်ထပ်ခေါ်ယူမှာကို ကြောက်တဲ့အတွက် နေရပ်ကို စွန့်ခွာသွားကြတာကြောင့်ပါ။
ဒီအချက်တွေကြောင့် ကျေးလက်ဒေသမှာ လူငယ်လျော့ကျလာနေသလို စိုက်ပျိုးရေးကဏ္ဍမှာပါ လူလုပ်သား များစွာ ကျဆင်းသွားစေခဲ့တယ်။
လုပ်အားကျဆင်းသွားမှုကြောင့် သီးနှံစိုက်ခင်းတွေ မလုပ်နိုင်တာ၊ စိုက်ခင်းတွေ အချိန်မှီ မပြီးစီးတာတွေ ဖြစ်လာပြီး သီးနှံအထွက်ကျဆင်းသွားစေပါတယ်။
နောက်တခုက စိုက်ပျိုးရေး အဓိကလုပ်ကိုင်ရာ နယ်မြေတွေဟာ စစ်ပွဲတွေ ဖြစ်ပွားလာရခြင်းကြောင့် တောင်သူတွေဟာ မိမိတို့ စိုက်ခင်းကို စွန့်ပစ်နေကြရပါတယ်။
လက်ရှိ စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း နဲ့ ပဲခူးတိုင်း ဒေသတွေမှာ စစ်မက်ဖြစ်ပွားခြင်းကြောင့် စိုက်ပျိုးဧရိယာတွေ ယခင်လို စိုက်ပျိုးနိုင်ခြင်း မရှိတော့တာ သုံးနှစ်ဝန်းကျင်အထိ ရှိလာနေပါပြီ။
စစ်ကောင်စီကတော့ ဆန်စပါးကဏ္ဍမှာဆို နှစ်စဉ် မိုးစပါးထွက်ရှိမှုနှုန်း စပါး တင်းသန်းပေါင်း (၁ဝ၈၈) နဲ့ နွေ စပါးတင်းသန်းပေါင်း (၂၁၃)ခန့် ထွက်ရှိတယ် လို့ ဆိုပါတယ်။
လက်ရှိကာလမှာ စပါးစိုက်ပျိုးမှု အများဆုံးရှိရာ ဧရာဝတီတိုင်းမှာ စစ်ဖြစ်ပွားတာ မရှိသေးပေမယ့် တဖြေးဖြေးနီးကပ်လာတဲ့ အခြေအနေမှာ ရှိနေပါတယ်။
ရာသီဥတုဖောက်ပြန်လာခြင်းကလည်း စပါးစိုက်ပျိုးမှုနဲ့ အထွက်နှုန်းအပေါ် သိသိသာသာ ရိုက်ခတ်လာစေပါတယ်။
၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတဝှမ်း မုန်တိုင်းကြောင့် စပါးစိုက်ဧက(၈)သိန်းနီးပါး ထိခိုက်ပျက်စီးခဲ့ရပါတယ်။
ကုန်ကျစရိတ်မြင့်တက်ခြင်း၊တောင်သူများ ကြွေးဝန်ပိလာခြင်းနဲ့ လုပ်သားရှားပါးလာခြင်းတို့ကြောင့် ပြန်လည်စိုက်ပျိုးမှု နည်းပါးနေတာပါ။
ဒါအပြင် တခြားစိုက်ပျိုးရေးကဏ္ဍတွေမှာလည်း ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ခင်းတွေ ထိခိုက်ပျက်စီးသလို ရတဲ့ သီးနှံဈေးနဲ့ စိုက်ပျိုးမှုစရိတ်တို့ မကာမိတဲ့ ပြဿနာဟာ တဖြေးဖြေးကြီးထွားလာနေပါတယ်။
စိုက်ပျိုးရေးကို စွန့်ပစ်ပြီး တခြားအလုပ် ပြောင်းလုပ်လာကြတဲ့ တောင်သူတွေ တဖြေးဖြေး မြင့်မားလာနေတယ်။
စိုက်ပျိုးရေးကဏ္ဍဟာ မြန်မာနိုင်ငံရဲ့ အဓိကကျသော လုပ်ငန်းကဏ္ဍ ဖြစ်ပေမယ့် ဝင်ငွေအများဆုံး ရှာပေးနိုင်တဲ့ လုပ်ငန်း ဖြစ်မနေတာက ဆယ်စုနှစ်များစွာ ကြာမြင့်နေခဲ့တာပါ။
လက်ရှိ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေး၊နိုင်ငံရေး အခြေအနေ၊ရာသီဥတုဖောက်ပြန်မှုတွေကြောင့် အဆိုးဝါးဆုံးအခြေအနေကို ရင်ဆိုင်လာနေရတာပါ။
စစ်ကောင်စီ ရဲ့ စစ်မှုထမ်းကိစ္စကြောင့် စိုက်ပျိုးရေးကဏ္ဍက လူငယ်တွေ စွ့န်ခွာလာကုန်ကြပြီး စစ်ဖြစ်ပွားတဲ့ နယ်မြေတွေမှာ စိုက်ပျိုးရေး မလုပ်နိုင်ကြတော့ပါဘူး။
ငွေကြေးဖောင်းပွမှုဟာ လေးဆကျော် တိုးမြင့်လာခဲ့ခြင်းကြောင့် စိုက်ပျိုးရေးစရိတ်တွေ မြင့်တက်လာပေမယ့် အခြေခံ စိုက်ပျိုးသီးနှံဈေးတွေက တိုးမြင့်လာခဲ့ခြင်း မရှိပါဘူး။
တောင်သူ မစိုက်တော့ သီးနှံရှားပါးလာပြီး စားသုံးသူ ဦးရေ မြင့်မားလာတဲ့အတွက် ကုန်ဈေးနှုန်းပါ လိုက်ပါ မြင့်တက်နေတာပါ။
စိုက်ပျိုးရေးသီးနှံတွေ အထွက်နှုန်းလျော့ကျလာတဲ့ အပြင် သယ်ယူပို့ဆောင်လမ်းကြောင်းတလျှောက်မှာလည်း ငွေကြေးပေးဆောင်ရတာ တိုးမြင့်လာတာ၊ သွားလာခွင့် ကန့်သတ်လာတာတွေကို ပိုပြီး ဆိုးဝါးလာစေတယ်။
အသိသာဆုံး နှိုင်းယှဉ်ပြရရင် ၂၀၂၄ ခုနှစ် ဧပြီလလောက် ရွှေဝယ်ရတဲ့ တန်ဖိုးနဲ့ အောက်တိုဘာလလောက်မှာ ဝယ်ရတဲ့ တန်ဖိုး မတူညီတော့ပါဘူး။
သို့သော် ရွှေတစ်ကျပ်သား ဝယ်လို့ ရတဲ့ ငွေကြေးပမဏာနဲ့ စိုက်ပျိုးရေးလုပ်ခဲ့တဲ့တောင်သူဟာ ယခု သီးနှံပေါ်ကာလမှာ ရွှေတစ်ကျပ်သား ပြန်မဝယ်နိုင်တော့ပါဘူး။
ဒါဟာ စိုက်ပျိုးရေးကဏ္ဍကို နှိမ့်ကျသွားစေတဲ့ အထင်သာရှိဆုံး ဥပမာ ဖြစ်ပြီး စစ်မှုထမ်းကိစ္စနဲ့ လူငယ်တွေကို ဖမ်းဆီးနေမှုကလည်း လုပ်ကိုင်နိုင်တဲ့ စိုက်ပျိုးရေးလုပ်အားကို များစွာ လျော့ ကျသွားစေခဲ့ပါတယ်။
နယ်ဘက်တွေမှာ စိုက်ပျိုးရေးကို သက်ကြီးပိုင်းတွေ လုပ်ကိုင်တာ ပိုများလာနေပြီး လေလွင့်တာ၊ ရိတ်သိမ်းခူးယူချိန် နောက်ကျတာ အဖြစ်များလာပြီး အလေအလွင့်များလာတယ်။
စစ်ကောင်စီကတော့ စာရွက်ပေါ်က ကိန်းကဏန်းတွေနဲ့သာ တိုးတက်နေဟန် ပြောဆိုနေပေမယ့် လက်တွေ့မြေပြင်မှာ တဖြေးဖြေးကျဆင်းလာနေတာပါ။
နှစ်စဉ် စိုက်ပျိုးဧက လျော့ကျလာတာ၊သီးနှံအထွက်နှုန်း လျော့ကျလာတာနဲ့ စစ်မှုထမ်းကိစ္စကြောင့် ၂၀၂၄ ခုနှစ်မှာ စိုက်ပျိုးရေးကဏ္ဍ လုပ်သားလျော့ကျလာတာ၊ မြန်မာပြည်အထက်ပိုင်း နဲ့ အလယ်ပိုင်းဒေသတို့မှာ စစ်မက်ဖြစ်ပွားလာခြင်းတို့က ဆိုးရွားတဲ့ အကျိုးဆက်အဖြစ် ရောက်ရှိလာစေတယ်။
၂၀၂၄ ခုနှစ် မိုးအကုန် ပွင့်လင်းရာသီကာလမှာ သိသိသာသာ ခံစားလာရမှာ ဖြစ်ပြီး လာမယ့် ၂၀၂၅ ခုနှစ်မှာ ပိုမိုဆိုးရွားတဲ့ အခြေအနေကို ရင်ဆိုင်လာနေကြရတော့မှာပါ။
မြို့နေလူဦးရေ တိုးပွားလာပြီး ကျေးလက်နေ လူလျော့ကျလာခြင်း၊ စစ်အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲ ဆိုးရွားလှတဲ့ အကျိုးဆက်တွေဟာ စိုက်ပျိုးရေးကဏ္ဍအောက်ခြေကို လှိုက်စားလာနေတာကို သိသိသာသာ တွေ့မြင်ကြရတော့မယ့် ကာလ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးဆုတ်ကပ်ကို စတင် ကြုံတွေ့နေရတဲ့ ကာလကို ရောက်လာနေပြီ ဖြစ်ပြီး မပြင်ဆင်နိုင်ခဲ့ရင် အဆိုးရွားဆုံး ထိခိုက်ပျက်ဆီးမှုအခြေအနေကို ကြုံဆုံလာရတော့မှာ ဖြစ်ပါတယ်။
သို့သော်လည်း လက်ရှိအချိန်ထိ ပြိုလဲနေတဲ့ စိုက်ပျိုးရေးကဏ္ဍကို စာရွက်ပေါ်က ကိန်းကဏန်းတွေနဲ့ အကောင်းမြင်နေကြဆဲ အခြေအနေဟာ အဖြေကောင်း ဟုတ်မနေတော့တာ သတိပြုမိဖို့ လိုနေပါပြီ လို့ ဆိုပါရစေ။