ရန်ကုန်ရောက် ချင်း နဲ့ မြို စစ်ဘေးရှောင်တွေ အလုပ်အကိုင်ရှားပါးတဲ့အတွက် စားဝတ်နေရေး အခက်အခဲတွေ ရင်ဆိုင်နေရ

Zalen

သြဂုတ်လ ၃၀ရက်၊ ၂၀၂၄

ရန်ကုန်ရောက်ရှိလာကြတဲ့ ချင်းနဲ့ မြို စစ်ဘေးရှောင်တွေဟာ အလုပ်အကိုင်တွေ ရှားပါးလာတဲ့အတွက် စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ နေရတယ်လို့ စစ်ဘေးရှောင်တွေဆီက သတင်းရရှိပါတယ်။

အဲ့ဒီ စစ်ဘေးရှောင်တွေဟာ ၂၀၁၈ ခုနှစ်နောက်ပိုက် အာရက္ခတပ်တော်(အေအေ) နဲ့  စစ်ကောင်စီတို့ ဖြစ်ပွားတဲ့ တိုက်ပွဲတွင်း ရန်ကုန်သို့ ထွက်ပြေး ရောက်ရှိလာကြတဲ့သူတွေ ဖြစ်ပါတယ်။

စစ်ဘေးရှောင်တွေဟာ ရန်ကုန်သို့ ထွက်ပြေးလာစဥ် မှတ်ပုံတင်၊ ကျောင်းပြောင်းလက်မှတ်၊ အောင်စာရင်း စတဲ့ အထောက်ထားစာရင်းဇယားတွေ မရှိတဲ့အတွက် အလုပ်အကိုင် ရှာဖွေရာနဲ့ ကျောင်းတက်ရာမှာ အခက်ခဲဖြစ်နေကြရတယ်လို့ သိရပါတယ်။

“အလုပ်တစ်ခုခုလုပ်မယ်ဆို မှတ်ပုံတင်လိုတာပေါ့နော်။ ပြီးတော့ ထောက်ခံစာ၊ အောင်လက်မှတ် လိုတယ်။ အဲ့ဒါတွေ မပါလာလို့ ရုံး၊ ကုမ္မဏီ ၊ စက်ရုံတွေမှာ အလုပ်ခန့်မဲ့ လူမရှိဘူး။ နေ့စား ပန်ရံတွေလောက်ဘဲ ရတယ်။ အဲ့အလုပ်တွေက နေ့တိုင်းလုပ်ရတာ မဟုတ်ဘူးလေ။ အမြဲဝင်ငွေမရှိဘူး။ ဝင်ငွေမရှိတော့ စားဝတ်နေရေး အဆင်မပြေဘူး။”လို့ စစ်ဘေးရှောင်တစ်ဦးက ဆိုပါတယ်။

ရန်ကုန်ကို ထွက်ပြေးလာတဲ့ ချင်းနဲ့ မြို စစ်ဘေးရှောင်တွေဟာ ယနေ့ထိ ရှိနေဆဲဖြစ်ပြီး လူဦးရေလည်း ပိုများလာတယ်လို့ စစ်ဘေးရှောင်တွေဆီကနေ သိရပါတယ်။

ယခင်က စစ်ဘေးရှောင်တွေကို ခရစ်ယာန်ဘာသာရေးအဖွဲ့နဲ့ NGO အဖွဲ့တွေက ကူညီပေးခဲ့ပေမဲ့ ယခုခါ စစ်ဘေးရှောင်တွေဟာ အကူညီတွေ မရရှိတော့ဘူးလို့ သိရပါတယ်။

“အရင်ကတော့ စစ်ဘေးရှောင်တွေကို တကူးတကလာရောက်ပြီး လိုအပ်တာတွေ လှူကြပါတယ်။ အခုနောက်ပိုင်း လာလှူတာတွေ မရှိတာ အတော်လေးကြပါပြီ။ အလုပ်ကလည်း မရှိ။ အရင်လို အလှူရှင်တွေကလည်း မရှိတော့ စစ်ဘေးရှောင်တွေကလည်း စားဝတ်နေရေးအတွက် အခက်ခဲတွေဖြစ်လာတယ်။”လို့ အထက်ပါ စစ်ဘေးရှောင်က ဆက်ပြောပါတယ်။

ရန်ကုန်ကို ရောက်ရှိလာကြတဲ့ စစ်ဘေးရှောင်တွေဟာ မှောင်ဘီမြို့နယ်၊ မြောင်းတကာကျေးရွာ၊ သာယာကုန်းကျေးရွာ၊ လှည်းကူးမြို့နယ်၊ ဝတ်အင်းပေါက်ကျေးရွာ၊ ကုက္ကုလ်တောင်ကျေးရွာတို့မှာ နေထိုင်ကြတယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ဘေးရှောင်တွေဟာ ချင်းပြည်၊ ပလက်ဝမြို့နယ်၊ ရခိုင်ပြည်နယ်၊ ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင်၊ ပုဏ္ဏာကျွန်း စတဲ့မြို့နယ်တွေကဖြစ်ပြီး လူဦးရေ ၁၃၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်