ဇန်နဝါရီ ၂၈၊ ၂၀၂၆။
ထိုင်းနိုင်ငံရဲ့ ရှေးရိုးစွဲမျိုးချစ်ဝါဒီ Thai Pakdee Party ဟာ မဲဆွယ်စည်းရုံးရာမှာ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ NGO အဖွဲ့အစည်းတွေကို အဓိကပစ်မှတ်ထား နှိမ်နင်းသွားမည်ဟု မဲဆွယ်စည်းရုံးနေပါတယ်။
ယမန်နေ့ ဇန်နဝါရီ ၂၇ ရက် ညပိုင်းက ပါတီရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ခဲ့တဲ့ မဲဆွယ်ဗီဒီယိုမှာ ၎င်းတို့သာ အာဏာရရှိပါက မြန်မာအလုပ်သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးနေတဲ့ NGO နဲ့ အလုပ်သမားအဖွဲ့အစည်းကို အရေးယူသွားမယ်လို့ပြောတာပါ။
မြန်မာနိုင်ငံသားများပြားလာခြင်းကြောင့် ထိုင်းနိုင်ငံရဲ့ အချို့သော နယ်မြေဒေသတွေကို မြန်မာများက သိမ်းပိုက်စိုးမိုးသွားမည်ကို စိုးရိမ်တာကြောင့် ပါတီက အကြောင်းပြထားပါတယ်။

အမည်ဖော်ပြခြင်းမရှိသော ထိုင်းနိုင်ငံရေးပါတီ နှစ်ခုဟာ အဆိုပါ NGO တွေကို နောက်ကွယ်မှ ပံ့ပိုးကူညီနေသည်ဟု စွပ်စွဲကာ ၎င်းတို့ဟာ အမျိုးသားလုံခြုံရေးကို ထိခိုက်စေကြောင်း ဖော်ပြခဲ့ပါတယ်။
လက်ရှိ ထိုင်းနိုင်ငံမှာ ကြုံတွေ့နေရသော မြန်မာရွှေ့ပြောင်းလုပ်သားအရေးကို ဥရောပနိုင်ငံတွေ မူစလင်ရွှေ့ပြောင်းအခြေချသူတွေ ကြောင့် လူမှုရေးပြဿနာများ ဖြစ်ပွားနေတဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ကာ လူမျိုးရေးနဲ့မျိုးချစ်စိတ်ကို လှုံ့ဆော်ခဲ့ပါတယ်။
ထိုင်းပတ်ဒီပါတီရဲ့ အခုလို ထုတ်ပြန်ချက်ဟာ ရွေးကောက်ပွဲနီးကပ်လာချိန်မှာ လူမျိုးရေးအမြင်ကို အသုံးချကာ မဲဆွယ်စည်းရုံးခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက ဝေဖန်နေကြပါတယ်။
မကြာသေးမီက ထိုင်းနိုင်ငံသားတွေနဲ့ မြန်မာလုပ်သားတွေ အကြား ဖြစ်ပွားခဲ့သော ပဋိပက္ခအချို့ကို အခြေခံပြီး အခုလို အစွန်းရောက်မူဝါဒများ ထွက်ပေါ်လာခြင်း
ဖြစ်ပါတယ်။
သတင်း-ဆလိုင်း
ဓာတ်ပုံ-လူမှုကွန်ယက်
ထိုင်း#မြန်မာ#NGO#Zalen
#




















