လူသားတစ်ယောက်ရဲ့ဖြစ်တည်မှုတန်ဖိုး (သို့မဟုတ်)လူသားဝါဒီ

ရေးသားသူ – ဒေမီယံ

မြန်မာပြည်ဖွား မီဇိုရမ်ရောက် ချင်းတိုင်းရင်းသားလူငယ်အဆိုတော်များနဲ့ မီဇိုရမ်နွယ်ဖွား ချင်းတိုင်းရင်းသား အဆိုတော်များပူးပေါင်းတင်ဆက်ထားပြီးလတ်တလောမှာ မြန်မာပြည်သူပြည်သားများသာမက ကမ္ဘာတစ်ဝှမ်းက Youtuber တွေအထိ အုတ်အော်သောင်းနင်းဖြစ်သွားစေခဲ့တဲ့သီချင်းလို့ ပြောလိုက်ရင် စာဖတ်သူအနေနဲ့ “We Are The World” လို့ခေါ်တဲ့ကမ္ဘာကျော်တေးသီချင်းတစ်ပုဒ်ကို ဆိုလိုမှန်းအထွေအထူးပြောနေစရာမလိုအောင်သိပြီးသားဖြစ်ပါလိမ့်မယ်။

အဆိုပါတေးသီချင်းကို ပေါ့(ပ်) ဘုရင်လို့တင်စားခေါ်ဝေါ်ကြတဲ့ ကမ္ဘာကျော် တေးသံရှင် အကပညာရှင်မိုက်ကယ်ဂျက်ဆင်နဲ့လီယွန်နယ်ရီချီတို့က ရေးစပ်ခဲ့ပြီး ကမ္ဘာကျော်အဆိုတော်များစွာနဲ့အတူ အာဖရိက အငတ်ဘေးဒဏ်ခံပြည်သူများအတွက် ရံပုံငွေရှာဖွေဖို့ ၁၉၈၅ခုနှစ်မှာအသံသွင်းသီဆိုထုတ်လုပ် ဖြန့်ချိခဲ့ကြသလိုနောက်ပိုင်းကာလတွေမှာလည်းအဲ့ဒီတေးသီချင်းကို နိုင်ငံပေါင်းစုံကအဆိုရှင်များစွာကလည်း ပုံစံအမျိုးမျိုးနဲ့ ပြန်လည်သီဆိုခဲ့ကြတာ လူတိုင်းအသိပါပဲ။

လူတိုင်းမသိတဲ့ အချက်ကတော့ ဒီသီချင်း စတင် သန္ဓေတည် ဖြစ်ပေါ်လာတဲ့ နောက်ခံသမိုင်း အချက်တစ်ချို့ပါပဲ။

အဆိုတော် သရုပ်ဆောင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဟယ်ရီ ဘယ်လာဖွန်တီကနေပြီးတော့ ထိုခေတ်အခါက ရောင်းအားအကောင်းဆုံး အကျော်ကြားဆုံးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “Do They Know it’s Christmas?” လို့ခေါ်တဲ့ ဗြိတိန်-အိုင်းရစ် ဂီတ Band တစ်ခုရဲ့ Charity သီချင်းကို Inspire ဖြစ်မိရာကနေသူဟာမိုက်ကယ်ဂျက်ဆင်နဲ့ လီယွန်နယ်ရီချီတို့ကို သွားရောက်တွေ့ဆုံစကားပြောပြီးတဲ့နောက်လက်ရှိတစ်ကမ္ဘာလုံး ကြိုက်နှစ်သက်နေကြတဲ့ “We Are The World” ဆိုတဲ့
သီချင်းကောင်းတစ်ပုဒ် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ မျက်မှောက်ခေတ် မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခင်းအကျင်းနဲ့လည်း ဒီသီချင်းဟာ အလွန်တရာကို လိုက်ဖက်ညီနေတဲ့အတွက် Chinlung Chuak Artist  ချင်းတိုင်းရင်းသားအဆိုရှင်များရဲ့
ပြန်လည်ဆန်းသစ်ဖန်တီးမှုကို မြန်မာပြည်သူများသာမက တစ်ကမ္ဘာလုံးကပါအသိမှတ်ပြု ခဲ့ကြပြီးသီချင်းထွက်ရှိလာတဲ့ ရက်ပိုင်းအတွင်းမှာပဲYoutube မှာလူသန်းနဲ့ချီကြည့်ရှုသူဦးရေများပြားခဲ့ပါတယ်။

ထူးခြားမှုတစ်ခုကတော့ ဒီသီချင်းထဲမှာပါဝင်တဲ့Rap စာသားတွေဖြစ်ပါတယ်။
“We Are The World 25 for Haiti” လို့ခေါ်တဲ့ ၂၀၁၀တုန်းက ထွက်ရှိခဲ့တဲ့ကမ္ဘာကျော် အဆိုရှင်များစွာရဲ့ ပြန်လည်ဆန်းသစ်ဖန်တီးထုတ်လုပ်ခဲ့ကြတဲ့Version မှာလည်း Will I.Am ဆိုတဲ့Rapper အပါအဝင် တစ်ခြားသောကမ္ဘာကျော် Rapper များက လန်ထွက် ပြန်လက်နေတဲ့ Rap စာသားများဆန်းသစ်ရေးဖွဲ့ထည့်ဆိုခဲ့ကြပြီး ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေကလည်း
အရမ်းကို နှစ်ခြိုက်ခဲ့ရတာဖြစ်ပါတယ်။

Chinlung Chuak Artist များရဲ့  ပြန်လည်သီဆိုမှုထဲမှာလည်း Mizo Rapper တစ်ဦးဖြစ်တဲ့ G’nie ရဲ့သူကိုယ်တိုင် ရေးစပ်ထားတဲ့ Rap စာသားတွေဟာ ပရိသတ်ရင်ထဲကို ရိုက်ခတ်ခဲ့ပြီးG’nie ကိုယ်တိုင်ကလည်း အဲ့ဒီ Rap စာသားတွေကိုမြန်မာနိူင်ငံက စစ်ဘေးဒုက္ခသည်များအတွက်ရည်စူးပြီးသူကိုယ်တိုင်ရေးခဲ့တာဖြစ်ကြောင်းအင်တာဗျူးတစ်ခုမှာ ပြောခဲ့ဖူးပါတယ်။ ဒါကတော့ သီချင်းရဲ့ နောက်ခံသမိုင်းအချက်တစ်ချို့ဖြစ်ပါတယ်။

ဒီဆောင်းပါးမှာ အဓိကပြောချင်တာကတော့ သီချင်းရဲ့ ပေးချင်တဲ့ “အကြွင်းမဲ့မှန်ကန်မှုသဘောတရား” အကြောင်းကိုပါ။

ကျွန်တော်တို့ နေထိုင်ကျက်စားရာကမ္ဘာကြီးမှာလူသားရယ်လို့ဖြစ်မလာခင် ကျောက်ခေတ်၊ မျောက်ကနေမှတစ်ဆင့် ဒါဝင်ရဲ့”ဆင့်ကဲပြောင်းလဲမှု” သီအိုရီအရလူဆိုတဲ့ သတ္တဝါတစ်ကောင်အဖြစ် ပြောင်းလဲလာခဲ့ကြပါတယ်။သားရိုင်းတို့ရဲ့ ထုံးစံအတိုင်း ရက်စက်ကြမ်းကြုတ်ကြပြီး သက်ရှိသားကောင်အချင်းချင်း တိုက်ခိုက်သတ်ဖြတ်စားသောက်ခဲ့ကြတဲ့ အစဥ်အလာမျိုးရှိခဲ့ကြတယ်လို့လည်းသမိုင်းအချက်အလက်တွေအရ သိရပါတယ်။

ဒီလိုရိုင်းစိုင်းကြမ်းကြုတ်တဲ့ လူသားတွေဟာ”အသိဉာဏ်” တွေ တိုးတက်ပြောင်းလဲလာပြီး လူသားတစ်ယောက်ရဲ့ ဖြစ်တည်မှုတန်ဖိုးတွေကို အဆင့်အဆင့် မြှင့်တင်လာခဲ့ကြရာကနေရက်စက်ကြမ်းကြုတ်တဲ့သတ္တဝါတွေဟာ “ဘာသာရေး”ဆိုတဲ့ အရာနဲ့ အချင်းချင်းထိန်းချုပ်လာကြရပါတယ်။မကောင်းတာလုပ်ရင် ငရဲကို ရောက်ပြီး ကောင်းတာလုပ်ရင် နိဗ္ဗာန်(ကောင်းကင်ဘုံ)
ကိုရောက်မယ် ဆိုတာမျိုးတွေပေါ့။ တစ်နည်းပြောရရင် ကိုယ့်ကိုယ်ကို ဘာသာတရားရဲ့ အဆုံးအမတွေနဲ့ ထိန်းကျောင်းပဲ့ပြင်လာကြရတာမျိုးပါ။ ဘယ်အရာမဆို အဆိုးနဲ့အကောင်းဒွန်တွဲနေကြတဲ့ ထုံးစံအတိုင်း ဘာသာတရားတွေရဲ့ အဆုံးအမကို သေချာနားလည်ပြီး လူသားတစ်ယောက်လို နေထိုင်ခြင်းဟာ မွန်မြတ်ပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း
အဲ့ဒီဘာသာတရားအပေါ် အလွန်အမင်း”ယုံကြည်မှုပြင်းထန်လွန်းခြင်း”သို့မဟုတ် “အစွန်းရောက်ဝါဒီ” အဖြစ်ကို ပြောင်းလဲသွားရင်တော့ဆိုးဝါးတဲ့ အဖြစ်အပျက်တွေဖြစ်သွားတတ်ပါတယ်။ဒါကြောင့်လည်းဘာသာရေး စစ်ပွဲ၊လူမျိုးရေးစစ်ပွဲတွေဟာကျွန်တော်တို့ရဲ့ ကျောင်းသင်ခန်းစာထဲမှာလေ့လာလို့မကုန်နိုင်အောင် ပေါများနေတာပေါ့။

သမိုင်းတစ်လျှောက် ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေ ပထမကမ္ဘာစစ်၊ဒုတိယကမ္ဘာစစ်စသဖြင့် ပြန်လေ့လာကြည့်ရင် စစ်ပွဲဖြစ်ပွားရတဲ့ အဓိက ဇစ်မြစ်ဟာ “ဘာသာရေး”၊”လူမျိုးရေး” တွေကြောင့်ပဲဆိုတာ အထင်အရှားကြီးပါ။လူမှုဝန်းကျင် တိုးတက်လာတာနဲ့အမျှ လူတွေရဲ့ အတွေးအခေါ်တွေလည်း မြင့်တက်လာတာနဲ့အမျှစစ်ပွဲရဲ့ အနိဌာရုံတွေကို ကျွန်တော်တို့ပိုပိုပြီး ရွံရှာလာကြရပါတယ်။ဒါကြောင့် ဘာသာတရားအပေါ်မှာယုံကြည်မှုကင်းမဲ့လာကြပြီး “ဘာသာမဲ့” ဆိုတဲ့ လူတန်းစားတွေဟာလည်း ပိုမိုများပြားလာပါတော့တယ်။

ဒီဆောင်းပါးဟာ ဘာသာတရားကို အပြစ်တင်ပြောဆိုခြင်းမျိုး မဟုတ်ဘဲ ဘာသာတရားကိုခုတုံးလုပ်ပြီး မိမိတစ်ကိုယ်စာကောင်းစားရေးအတွက် အသက်ပေါင်းများစွာကို သေကြေစေခဲ့၊ဘဝပေါင်းများစွာကို ပျက်ဆီးစေခဲ့တဲ့ လူတွေရဲ့ အစွန်းရောက်ဝါဒီ”ကိုသာ မီးမောင်းထိုး ပြောဆိုလိုခြင်းဖြစ်ပါတယ်။

အကယ်၍သာ “ဘာသာရေး” ဆိုတာကြီးကို ခဏမေ့ထားပြီး “လူသားချင်းစာနာမှု”ကိုအလေးပေးခဲ့ကြရင် ကျွန်တော်တို့ ကမ္ဘာကြီးဟာ အခုလက်ရှိထက် ပိုပြီးသာယာငြိမ်းချမ်းဖို့ ရာခိုင်နှုန်းပိုများနေတာတော့ငြင်းမရတဲ့အချက်ပါ။ “လူသားချင်းစာနာမှု” ဆိုတဲ့နေရာမှာ ဘာလူမျိုး ဘယ်ဘာသာဆိုတာမျိူး လုံးဝမဟုတ်ဘဲလူဖြစ်ခြင်းအတွက်”သူလည်းငါ့လိုပါပဲလား” “သူ့နေရာမှာ ငါသာဆိုရင်” ဆိုတဲ့ ကိုယ်ချင်းစာတရားကို ဆိုလိုခြင်းဖြစ်ပါတယ်။နောက်တစ်ခုကတော့ ဟီရိသြတပတရား လို့ခေါ်တဲ့မကောင်းတာလုပ်ရမှာ ကြောက်တဲ့စိတ်၊မဟုတ်တာလုပ်ရမှာ ရှက်တဲ့စိတ် ဒီလိုစိတ်တွေသာ လူတိုင်းနီးပါးထားနိုင်ခဲ့ရင်
ကျွန်တော်တို့ဟာ မမြင်ရသေးတဲ့ “တမလွန်” ကိုလည်းအကြောင်းမဲ့ ကြိုတင်ပြီးတွေးပူနေဖို့ မလိုတော့သလိုသာယာတဲ့ ရပ်ဝန်းတစ်ခုကိုကျွန်တော်တို့ရဲ့ နောက်မျိုးဆက်အတွက်ချန်ထားပေးခဲ့နိုင်မှာပါ။

ကမ္ဘာကျော် တေးဂီတအဖွဲ့ဖြစ်တဲ့ The Beatles အဖွဲ့ရဲ့ ခေါင်းဆောင် ကမ္ဘာကျော် တေးရေး တေးဆို
John Lenon ရဲ့ Imagine ဆိုတဲ့သီချင်းကို မိတ်ဆွေနားမထောင်ဖူးသေးရင် နားထောင်ကြည့်ဖို့ အကြံပြုပါရစေ။

“တွေးကြည့်စမ်းပါ….
ငါတို့အပေါ်မှာ ကောင်းကင်နတ်နန်းအစား
ပြာလဲ့နေတဲ့ မိုသားကောင်းကင်ဘဲရှိနေတယ်
ငါတို့အောက်မှာ ငရဲဆိုတာလည်းမရှိဘူး
သဘာဝတရားရဲ့ မြေထုနဲ့စိမ့်စမ်းရေတွေပဲရှိနေတယ်လို့ တွေးကြည့်စမ်းပါ….
လူဟာ တစ်ရက်တာပဲအသက်ရှင်ခွင့်ရခဲ့မယ်ဆိုရင် လို့ တွေးကြည့်စမ်းပါ….
နိုင်ငံနယ်နိမိတ်စည်းမျဥ်းတွေမရှိဘူး
ဘာလူမျိုး ဘယ်ဘာသာဆိုတဲ့
ကန့်သတ်ချက်တွေမရှိဘူးလို့တွေးကြည့်စမ်းပါ
ဘယ်သူ သာတယ်နာတယ်မရှိဘူး
ငါတို့အားလုံးဟာ တစ်လုံးတစ်ဝတည်းသော
ကမ္ဘာဘုံပေါ်က တူညီကြတဲ့ လူသားတွေဖြစ်တယ်လို့ မင်းတွေးကြည့်စမ်းပါ……”

ဒီသီချင်းကို John Lenon ကိုယ်တိုင် ရေးစပ်သီဆိုခဲ့ပြီး ၁၉၇၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သီချင်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။အဲ့ဒီခေတ်အခါတုန်းက ဘာသာရေး လူမျိုးရေးဝါဒတွေအရှိန်ကောင်းနေတဲ့ ကာလဖြစ်နေတော့ အဲ့ဒီသီချင်းကြောင့်ပဲ John Lenon ကိုယ်တိုင်လုပ်ကြံခံခဲ့ရပါတယ်။ဒါပေမယ့် ဒီခေတ်လို အစစအရာရာ တိုးတက်နေတဲ့ ခေတ်မှာသူ့ရဲ့ သီချင်းထဲက “အကြွင်းမဲ့မှန်ကန်မှုသဘောတရား” ကို လူတော်တော်များများသတိထားမိလာကြပါပြီ။

ဆက်လက်ပြီးတော့လည်း ကျွန်တော်တို့ရဲ့ နောင်လာမယ့်မျိုးဆက်ကို “အစွန်းရောက်ဝါဒီ” တွေမဖြစ်အောင် လက်ရှိ မျိုးဆက်ဖြစ်တဲ့ ကျွန်တော်တို့မှာ တာဝန်အပြည့်ရှိပါတယ်။

အချုပ်အနေနဲ့ ပြောရရင် 9/11 လိုဖြစ်စဥ်ဟာ အိုစမာဘင်ဘာဒင်တစ်ဦးတည်းအပေါ်မှာသာတာဝန်ရှိပြီး အစ္စလာမ်ဘာသာတရားနဲ့ လုံးဝမသက်ဆိုင်သလိုဂျူးလူမျိုး သန်းနဲ့ချီသတ်ပစ်ခဲ့တဲ့ဟစ်တလာရဲ့ လုပ်ရပ်မျိုးတွေဟာ ဟစ်တလာအပေါ်မှာသာ တာဝန်ရှိပြီးဂျာမန်လူမျိုးတွေနဲ့ လုံးဝသက်ဆိုင်မှု မရှိပါဘူး။ ဗမာစကားပုံမှာ “ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်ရတယ်” ဆိုတဲ့ စကားပုံရှိပါတယ်။ဒါပေမယ့် အဲ့ဒီ ငါးခုံးမကိုသာစောစောစီးစီး ဖယ်ရှားနိုင်ခဲ့ရင်တစ်လှေလုံး ပုပ်သွားစရာအကြောင်းမရှိတော့ပါဘူး။ကျွန်တော်တို့ဟာ ပုထုဇဥ်လူသားဖြစ်ကြတဲ့အလျောက် အမှားနဲ့မကင်းကြသူချည်းပါ။ မှားတာဟာ အပြစ်မဟုတ်ဘဲအဲ့ဒီအမှားပေါ် မျောပါမသွားဖို့တော့ကျွန်တော်တို့ အားထုတ်ကြဖို့ လိုပါတယ်။

ဒါဟာ “လူသားတစ်ယောက်ရဲ့ဖြစ်တည်မှုတန်ဖိုး” သို့မဟုတ် “လူသားဝါဒီ” လို့ခေါ်တဲ့မွန်မြတ်လှတဲ့ အကြွင်းမဲ့မှန်ကန်မှု ဖြစ်ပါတယ်။

ကိုးကား – Wikipedia

နောက်ဆုံးရသတင်းများ

ကလေးမြို့ ဒကစ၊လေယာဉ်ကွင်းနဲ့ ထောက်ပို့တပ်ကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

၇၊မေ၊၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊ကလေးမြို့ စစ်ကောင်စီတပ်ရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ-ကလေး)၊လေယာဉ်ကွင်း၊ ထောက်ပို့တပ် စသည်တို့ကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ယမန်နေ့ မေလ၆ရက်နေ့မှာ စစ်ကောင်စီတပ်ရဲ့ ဒကစ(ကလေး)ကို ဒရုန်းနဲ့ဗုံး ၂လုံး၊ ကလေး လေယာဉ်ကွင်းကို ဗုံး၄လုံး၊ ထောက်ပို့တပ်ကို ဗုံး၃လုံးဖြင့် ...

ဆက်ဖတ်ရန်