မတ် ၂၄၊၂၀၂၆
Zalen

ချင်းပြည်နယ်၊ လောက်တူဒေသအတွင်း မည်သည့်အကြောင်းကြောင့်ဖြစ်စေ ဧည့်သည်အဖြစ်နေထိုင်ကြတဲ့ မည်သူမဆို ယာယီအိမ်ထောင်စုစာရင်းပြုလုပ်ကြဖို့ လောက်တူဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ( LRPA ) က ယမန်နေ့ မှာအသိပေးထုတ်ပြန်လာပါတယ်။
မတ်လ ၁၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ လောက်တူဒေသန္တရ
ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေး သဘောတူညီ ချက်အရ ဒေသတွင်းလုံခြုံရေးအတွက် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းစဉ်များစနစ်တကျကြပ်မတ်ဆောင်ရွက်နိုင် ရန် ဒီအမိန့်ကိုထုတ်ပြန်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့ကြောင့် လောက်တူဒေသအတွင်းနေထိုင်ကြတဲ့ လောက်တူဒေသခံပြည်သူမဟုတ်သူများ၊ လောက်တူဒေသခံ အမျိုးသား သို့မဟုတ် အမျိုးသမီးနဲ့အိမ်ထောင်ပြုနေထိုင်သူများ၊ တဦးတည်းဖြင့်ဖြစ်စေ၊ မိတ်ဆွေများနဲ့အဖွဲ့ လိုက်ဖြင့်ဖြစ်စေ နေထိုင်လျက်ရှိသူများ၊ NGO လုပ်ငန်းတာဝန်အရ နေထိုင်သူများနဲ့ ဒေသခံအိမ်ထောင်စုတခုခု မှာခိုလှုံနေတဲ့ဧည့်သည်များ အနေဖြင့် ၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အတွင်းသက်ဆိုင်ရာရပ်ကွက်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ သွားရောက်မှတ်ပုံတင်ရမှာဖြစ်ပြီး တာဝန်ရှိသူများဘက်မှ ယာယီအိမ်ထောင်စု စာရင်း ထုတ်ပေးသွားမယ်လို့ဆိုပါတယ်။
လောက်တူဒေသခံဖြစ်ပြီး လောက်တူဒေသပြင်ပမှ စစ်ဘေးရှောင် အဖြစ်လောက်တူဒေသကိုပြန်လည်ဝင်ရောက် ခိုလှုံသူများကတော့ ဆောင်ရွက်ရန်မလိုဘူးလို့သိရပါတယ်။
ဒီယာယီအိမ်ထောင်စုစာရင်း စီမံချက်ကိုဆောင်ရွက်ပြီးနောက် လောက်တူဒေသအတွင်းဝင်ရောက်နေထိုင်တဲ့ မည်သူမဆို သတ်မှတ်နည်းလမ်းနဲ့အညီ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ယာယီအိမ်ထောင်စုစာရင်းကိုနှစ်ပတ်အတွင်းလုပ်ရမယ်လို့ဆိုပါတယ်။
ဒီအမိန့်ဟာ ထုတ်ပြန်တဲ့နေ့ကနေစပြီးအာဏာသက်ရောက်မှာဖြစ်ပြီးပြင်ဆင်ခြင်း ဒါမှမဟုတ် ပယ်ဖျက်ခြင်း မပြု သမျှကာလအတွင်း လောက်တူဒေသတဝန်းလုံးအတွက် အတည်ဖြစ်ကြောင်း နဲ့ ဒီအမိန့်ပါပြဌာန်းချက်များကို ပျက်ကွက် ကျူးလွန်သူများအား စီမံခန့်ခွဲရေးနည်းလမ်းအရ ပြင်းထန်စွာအရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါ တယ်။
သတင်း – Mickey




















