ဝမ္မသူး ဆေးရုံ လေကြောင်းတိုက်ခိုက်မှု ကျပ်သိန်း သုံးထောင်နီးပါး ပျက်စီးဆုံးရှုံး

၂၊ မေ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ဝမ္မသူးကျေးရွာတိုက်နယ်ဆေးရုံ လေကြောင်းတိုက်ခိုက်မှုတွင် ကျပ်သိန်း သုံးထောင်နီးပါး ဆုံးရှုံးလိုက်ရပြီး ဆေးရုံတစ်ခုလုံး ပျက်စီးသွားတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ ဧပြီလ ၂၅ ရက်နေ့က လေကြောင်း တိုက်ခိုက်မှုတွင် အရပ်သား ၅ ဦး သေဆုံးတဲ့အပြင် အရပ်သားအများပြား ထိခိုက်ပြီး ဆေးရုံတစ်ခုလုံး ပျက်စီးကာဆေးရုံးပြန်လည်ထူထောင်ဖို့နဲ့ ဆေးကုသမှု ပြန်လည်ပတ်ဖို့ အကူညီလိုအပ်နေတယ်လို့ သိရပါတယ်။

“ဆေးရုံအောက်ဘက် သိုလှောင်ရုံထဲက ဆေးဝါးတွေ ရံပုံငွေ အကုန်လုံးပျက်စီးသွားတာပေါ့နော်။ ဆေးရုံသုံး ကား၊ ဆိုင်ကယ်တွေ အကုန်လုံး သိန်း နှစ်ထောင်ခြောက်ရာလောက်ပေါ့။ စုစုပေါင်း သိန်း သုံးထောင်နီးပါး ပျက်စီးဆုံးရှုံးသွားတယ်။ ဆေးရုံအဆာက်အဦး၊ ကုတင်တွေလည်း အကုန်ပျက်စီးသွားတယ်။”လို့ မြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။

ဝမ္မသူးဆေးရုံကို ချင်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့မှ မြို့နယ်(၁၃)မြို့က ပြည်သူတွေ လာရောက်ဆေးကုသတဲ့ ဆေးရုံဖြစ်တာကြောင့် ဆေးရုံပျက်စီးသွားတာဟာ ပြည်သူတွေအတွက် ကြီးမားတဲ့ဆုံးရှုံးမှုဟု ဆိုပါတယ်။

အဲ့ဒီ ဆေးရုံမှာ ပြည်သူတွေ ဆေးကုသမှု ငွေကြေးမတက်နိုင်တဲ့ ပြည်သူတွေအတွက် အခမဲ့နီးပါး ဆေးကုသပေးနေတဲ့အပြင် ကြိုပို့တွေ လုပ်ပေးတယ်လို့ မင်းတပ်မြို့နယ် ဒေသခံတွေဆီက သိရပါတယ်။

“ကျွန်တော်တို့ နယ်ဘက်က ပြည်သူတွေက ဝမ္မသူး ဆေးရုံမှာ ဆေးကုသကြတယ်။ အဲ့ဒီ ဆေးရုံက ဆေးဖိုးလောက်ယူပြီး အကုန်လုံး အခမဲ့ကုပေးတယ်။ လိုအပ်ရင် ဆေးရုံက ကြိုပို့လုပ်ပေးတယ်။ ဆေးရုံလေကြောင်း တိုက်ခိုက်ခံရတော့ ကျွန်တော်တို့အတွက် ဆုံးရှုံးမူတစ်ခုဖြစ်ပါတယ်။”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဝမ္မသူးဆေးရုံ လေကြောင်း တိုက်ခိုက်ခံရပြီး နောက်နေ့ ဧပြီလ ၂၆ ရက်နေ့မှာ စစ်ကောင်စီက ဒုတိယအကြိမ် ထပ်မံ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။

သတင်း – ဆလိုင်း အောက်ချင်း

နောက်ဆုံးရသတင်းများ

သင်ခန်းစာ ယူစရာအပြည့်နဲ့ ဆီးရီးယား ပြည်တွင်းစစ်

ကိုဗန် ၂၀၁၁ ခုနှစ် အာရပ်နွေဦးတော်လှန်ရေးကနေ စတင်ခဲ့တဲ့ ဆီးရီးယားတော်လှန်ရေးဟာ (၁၄)နှစ် နီးပါးအကြာမှာ အာဏာရှင်ခေါင်းဆောင် အာဆက်ကို ပြုတ်ကျသွားစေခဲ့ပြီ ဖြစ်တယ်။ ဆီးရီးယားစစ်ပွဲသမိုင်းဟာ နိုင်ငံတကာခေါင်းဆောင်တွေ၊နိုင်ငံရေးသုတေသီတွေရဲ့ ထင်မြင်ချက်၊ယူဆချက်တွေကိုတောင် မှားယွင်းကြောင်း ပြသသွားတဲ့ ပြယုဒ်တခုပဲ။ ဆီးရီးယား ပြည်တွင်းစစ်ဖြစ်တော့ ...

ဆက်ဖတ်ရန်