Zalen
ချင်းအမျိုးသားရေးနှင့်ပတ်သက်လာရင်
တလုံးတဝတည်းဖြစ်ရေး၊ We are the one in Chin
ဆိုတဲ့ ချဥ်းကပ်မှုနဲ့ တလုံးတဝတည်းမဖြစ်သည့်တိုင် တည်ဆောက်လာခဲ့တာ ခုဆို နှစ်ပေါင်း၄၀/၅၀ဆယ်နီးပါး ရှိနေပါပြီ။
လိုင်မီး၊ ဇိုမီး၊ တောင်မြောက်အကွဲအပြဲတွေကြား ချင်းတွေတကယ်ပဲ တစုတစည်းတည်း ရှိနေကြနိုင်ပြီလားဆိုတာလည်း မေးခွန်းထုတ်စရာဖြစ်သလို၊ ချင်းဆိုတဲ့အရိပ်အမိုးအောက်မှာ တစုတစည်းဖြစ်ဖို့က ဖြစ်ရောဖြစ်နိုင်သေးရဲ့လားဆိုတဲ့ မေးခွန်းကလည်းရှိနေပြန်ပါပြီ။
အာဏာသိမ်းပြီးနောက် ချင်းတို့လက်နက်ကိုင်ပြီး အာဏာရှင်ကို တော်လှန်ပြီးနောက်ပိုင်း ချင်းတွေကြားထဲမှာရှိတဲ့ အကွဲအပြဲက ပိုပြီးတော့သိသာထင်ရှားလာပါတယ်။ ကျွန်မအမြင်နဲ့ပြောရရင် မျိူးနွယ်စုတွေကြားထဲမှာရှိတဲ့ အကွဲအပြဲတချို့တွေဟာ တော်လှန်ရေးမစတင်ခင်ကတည်းက ရှိနေတဲ့ မျိုးနွယ်စုတွေကြားထဲက မကျေနပ်မှုတွေ ပွတ်တိုက်မှုတွေကပဲ စတင်ခဲ့တယ်လို့ပဲ ယူဆမိပါတယ်။
လူအများစုပြောနေကြအတိုင်း ချင်းတွေက ဘယ်တော့မှမစည်းလုံးဘူး။ ကွဲကြမှာပဲ ဆိုတဲ့ယူဆချက် တွေ၊ ထင်မြင်ချက်တွေက တကယ်ပဲမှန်ကန် နေပြီလား။ ချင်းတွေတစုတစည်းထဲ မဖြစ်နိုင်တော့ဘူးလား ။ ဒီလိုမေးခွန်းတွေရှိလာရင်၊ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။
မဖြစ်သေးတာပဲရှိတာပါလို့ပြောပါရစေ။
ချင်းတွေပိုမိုစည်းလုံးလာနိုင်ဖို့အတွက် အရေးအကြီးဆုံးက We are the one in Chin ကနေဆင်းသက်လာတဲ့ တလုံးတဝတည်းဖြစ်ခြင်း၊ oneness ဖြစ်ခြင်းနည်းလမ်းကို ပြန်သုံးသပ်သင့်ပါတယ်။ တလုံးတဝဖြစ်ရေးအောက်မှာ ဘုံစာပေ၊ ဘုံစကားသတ်မှတ်ဖို့ အစရှိတဲ့ ဘုံသဘောတူညီချက်ဆိုင်ရာ ချဥ်းကပ်နည်းတွေရှိပါတယ်။
ဘုံစာပေသတ်မှတ်ဖို့အတွက် လိုင်မီးလား၊ ဇိုမီးလား၊ ဖလမ်းစကားလည်း အစရှိသဖြင့် နည်းလမ်းတွေအကြံပြုခဲ့ကြပေမယ့်၊ ခုချိန်ထိ ထိထိရောက်ရောက်
အလုပ်ဖြစ်သေးတာ မတွေ့ရှိသေးပါ။
အထူးသဖြင့် တောင်ပိုင်းသားတွေရဲ့ စာပေ၊ စကား တွေကိုဘုံအဖြစ်သတ်မှတ်ဖို့ အကြံပြုတာမရှိသလောက်ဖြစ်ပြီး၊ ဘုံစကား စာပေနဲ့ပတ်သတ်လာရင် မြောက်ပိုင်းအုပ်စုတွေကြား သဘောထားမတူညီမှုတွေ ပိုမိုရှိတာတွေ့နိုင်ပြီး၊ ဘုံစကားသတ်မှတ်နိုင်ဖို့ကတော့ ဒီအခြေနေနဲ့ လက်တွေ့ဖြစ်လာဖို့ နည်းပါးလာနေပါပြီ။
ဘုံစကား၊ ဘုံစာပေမရှိတဲ့ ချင်းတွေအတွက် ဘုံသဘောတူညီချက်တွေရနိုင်ပါ့မလား။ နည်းလမ်းရှိပါ့မလားလို့ပြောရရင် သဘောထားကွဲလွဲနေတဲ့အကြား ဘုံသဘောတူညီချက်တွေ ရှာဖွေနေရင် ရွှေပြည်တော်မျှော်တိုင်း ဝေးနေအုံးမှာပါ။
လက်ရှိချင်းလူမျိုးတွေကြား ထားရှိတဲ့ နိုင်ငံရေးဆိုင်ရာ သဘောထားမတူညီမှုတွေ၊ ကွဲလွဲမှုတွေကို ဦးစားအလေးပေး ဖြေရှင်းမယ့်အစား၊ သဘောထားတူညီတဲ့ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ ချင်းလူမျိုးတွေကြား အဓိကဖြစ် နေတဲ့ issues တွေကို ဆွဲထုတ်ပြီး issues -based collaboration ..ပိုလုပ်သင့်ပါတယ်။
ဥပမာ ချင်းလူမျိုးတွေကြား အမျိုးသမီးအရေးစိတ်ဝင်စားတဲ့ ချင်းအမျိုးသမီးအဖွဲ့ တွေ လက်တွဲလုပ် ဆောင်မယ် ။ အနုပညာဝါသနာပါတဲ့ ချင်းအနုပညာရှင်တွေ အနုပညာတွေ ဖလှယ်ကြမယ်။ အစရှိသဖြင့် issues အပေါ်အခြေခံပြီး cultural exchange program တွေခပ်များများလုပ်ပေးခြင်းအားဖြင့်လည်း ချင်း မျိုးနွယ်တွေကြား အထိုက်အ လျောက်နားလည်မှုတွေ စပြီးတည် ဆောက်လို့ရနိုင်မယ်လို့ မျှော်လင့်မိပါတယ်။
ပူးပေါင်းခြင်းကနေရရှိလာတဲ့ “ဆင့်ပွားသက်ရောက်မှုများ” (Spillover effects) တွေက တဆင့် နောက်ဆုံးမှာ ပိုမိုကျယ်ပြန့်တဲ့ ပူးပေါင်းမှုတွေရရှိလာနိုင်ပါတယ်။
နောက်တချက်က ချင်းလို့ ပြောလိုက်တာနဲ့ geographically တောင်ပေါ်တခုတည်းကိုကွက်ပြီး စဉ်းစားဆုံးဖြတ်ကြတဲ့ အတွေးအခေါ်လေးတွေပြင်ရပါမယ်။ချင်းဆိုရင် တောင်ပေါ်ချင်း မြေပြန့်ချင်း ရခိုင်ချင်း အစရှိသဖြင့် ပြန့်ကြဲနေတဲ့ ချင်းလူမျိုးတွေရဲ့ ချင်းလူမျိုးရေးဖြစ်တည်မှုအပေါ်မူတည်ပြီး အားလုံးအကျုံးဝင်မှုရှိတဲ့ Chin Society ဖြစ်ဖို့ကြိုးပမ်းရပါမယ်။
တောင်ပေါ်ချင်းတွေ အနေနဲ့ငါတို့စကားသာ ဘုံစကား၊ ခရစ်ယာန်သည်သာ ချင်းဘာသာ အစရှိတဲ့ အတွေးအခေါ် တွေလည်း ဖျောက်ပစ်သင့် နေပါပြီ။လက်ရှိချင်းခေါင်းဆောင်များအနေနဲ့ ချင်းလူမျိုးတွေရဲ့ ကွဲပြားလွန်းတဲ့ အရှိတရားကိုလက်ခံပြီး ၊ issues-based collaborations များများလုပ်ဆောင်ပြီး အားလုံးပါဝင်နိုင်မယ့် အခင်းအကျင်းမျိုးတွေ လုပ်ဆောင်သင့်ကြောင်း တဦးတယောက်တည်း အမြင်ကို ဝေမျှ လိုက်ရပါတယ်။
ဆောင်းပါး – Mai Phoenix
ပုံဒီဇိုင်း – Mai NwayOo
#ဆောင်းပါး#Zalen

အကွဲအပြဲကြားမှသည် တစုတစည်းတည်းပေါင်းစည်းခြင်းဆီသို့















