ကိုဗန်(တောင်ပေါ်မြေ)
မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း စီးပွားရေးကျဆင်းကာ၊ဆင်းရဲမှုအခြေအနေ မြင့်တက်လာခဲ့ရာ ချင်းပြည်နယ်သည်လည်း ခါးသီးစွာ ရင်ဆိုင်နေရသည်။ အိန္ဒိယနိုင်ငံ နယ်စပ်အနီးမှာ တည်ရှိနေသည့် တွန်ဇံမြို့ မြောက်ဘက် တောင်ကြောများပေါ်တွင် ဘိန်းစိုက်ပျိုးမှု များပြားလာခဲ့ပြီး အိန္ဒိယနိုင်ငံ မဏိပူရ်နယ်စပ်နှင့် ကပ်နေသည့် စစ်ကိုင်းတိုင်းဒေသတွေမှာပါ ဘိန်းများကို စိုက်ပျိုးလာနေကြောင်း ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းက ပြည်တွင်းမီဒီယာတခုက ဖော်ပြခဲ့သည်။
မကြာသေးမှီက social media တွင် တွန်းဇန်မြို့ပေါ်မှ လှမ်းမြင်နေရသည့် ဘိန်းခင်း ဓါတ်ပုံ တချို့ကို မြင်တွေ့လာနေရပြီ ဖြစ်သည်။ ချင်းပြည်နယ် မြောက်ဖျားအရပ်ဒေသတွင် ရှိသော တွန်းဇန်မြို့နယ်သည် ချင်းဒေသ၏ တခုတည်းသော ဘိန်းစိုက်ပျိုးရာ အရပ် ဖြစ်ကာ ၁၉၈၀ ခုနှစ်များကတည်းက စိုက်ပျိုးလာခဲ့ကြခြင်း ဖြစ်သည်။
လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ဆင်းရဲနွမ်းပါးခြင်း၊ အခြားစိုက်ပျိုးသီးနှံ စိုက်ပျိုးရန် အဆင်မပြေခြင်းတို့ကြောင့် ဘိန်းစိုက်ပျိုးမှုကို လုပ်ကိုင်နေကြခြင်း ဖြစ်သည်။ ဘိန်းစိုက်ပျိုးမှု တိုးပွားလာသဖြင့် ၂၀၁၃ ခုနှစ်မှ စ၍ ၂၀၁၆ ခုနှစ်အတွင်း စံချိန်တင် ဖျက်စီးခဲ့ရသည် ဟု UNDOC က ဖော်ပြထားသည်။ ချင်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှု အနေနှင့် ၂၀၁၈ ခုနှစ်တွင် (၆၃၀)ဟက်တာ (၁၅၅၆.၇၆ ဧက) အကျယ်အဝန်းရှိရာ ဘိန်း(၉)တန်ခန့် ထွက်ရှိခဲ့သည်ဟု UNDOC က ဖော်ပြခဲ့သည်။
၂၀၁၉ ခုနှစ်တွင်လည်း (၁၅၅၇)ဧက စိုက်ပျိုးကာ ဘိန်း(၉.၆)တန် ထွက်ရှိခဲ့ကာ ကိုဗစ်ကာလ ဖြစ်သည့် ၂၀၂၀ ခုနှစ်တွင် စိုက်ပျိုးမှု (၁၅၅၇)ဧကဝန်းကျင်၊ ဘိန်း(၈.၆)တန် ထွက်ရှိခဲ့သည် ဟု ဆိုသည်။
စစ်တပ်မှ အာဏာစသိမ်းသည့် ၂၀၂၁ ခုနှစ်အတွင်း ချင်းပြည်နယ်တွင် ဘိန်းစိုက်ဧက(၁၃၈၄)ဧက ရှိလာပြီး ဘိန်း(၇.၉)တန် ထွက်ရှိခဲ့သည် ဟု ဆိုသည်။ ၂၀၂၁ ခုနှစ်တွင် မြန်မာတနိုင်ငံလုံး ဘိန်းစိုက်ပျိုးမှုသည် ဧက(၇၅၀၀၀)ဝန်းကျင် ရှိကာ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် ဘိန်းစိုက်ပျိုးမှု တိုးလာချိန် ချင်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှု လျော့ကျခဲ့ခြင်း ဖြစ်သည်။
ထိုကာလများတွင် ချင်းပြည်နယ်တွင် နွေဦးတော်လှန်ရေးအစ လှုပ်ရှားမှု မြင့်တက်လာခဲ့ကာ တူးမီးဖြင့် စစ်ကောင်စီကို စတင်တော်လှန်ခဲ့ကြသည့် ကာလဖြစ်သည်။
ချင်းပြည်နယ်အတွင်းရှိ တွန်းဇန်မြို့နယ်တွင်လည်း ချင်းကာကွယ်ရေးတပ်ဖွဲ့များ စတင်ဖွဲ့စည်းနိုင်ခဲ့ကာ ဘိန်းစိုက်ပျိုးနေမှုတို့ကို အမြစ်ဖျက်ရန် ပြောဆိုမှုတို့ ရှိခဲ့သည်။ သို့သော်လည်း မြန်မာတနိုင်ငံလုံး စီးပွားရေးကျဆင်းမှု၊ဆင်းရဲနှိမ့်ကျသွားမှုနှင့် ချင်းပြည်နယ်အတွင်း တော်လှန်ရေးအားကောင်းသဖြင့် စစ်ကောင်စီတို့၏ ဖြတ်(၄) ဖြတ်ကို ကျင့်သုံးခဲ့မှုတို့က အဆင်းရဲဆုံးဒေသတခု ဖြစ်သည့် တွန်းဇန်မြို့နယ်ကို ဘိန်းစိုက်ပျိုးလာစေရန် တွန်းအားဖြစ်လာစေခဲ့သည်။
၂၀၂၂ခုနှစ်တွင် မြန်မာနိုင်ငံတဝှမ်း ဘိန်းစိုက်ပျိုးမှု ဧက(၁)သိန်းကျော်အထိ ရောက်ရှိလာခဲ့ပြီး ၂၀၂၁ ခုနှစ်ကထက် ဧက(၂၅၀၀၀)ဝန်းကျင် တိုးလာခဲ့သည်။ ထိုကြောင့် ၂၀၂၂ ခုနှစ် တနိုင်ငံလုံး ဘိန်းထွက်ရှိမှုသည် (၇၉၀)မက်ထရစ်တန် ဖြစ်ပြီး ငွေကြေးဖောင်းပွမှုကြောင့် ဘိန်းဈေးနှုန်းများ မြင့်တက်လာခဲ့သည်။ချင်းပြည်နယ်သည်လည်း ၂၀၂၂ ခုနှစ်အတွင်း ဘိန်းစိုက်ဧက(၁၅၈၀)ကျော် တိုးတက်လာခဲ့ပြီး ဘိန်း(၁၃)တန် ထွက်ရှိလာသည် ဟု UNDOC က ဖော်ပြခဲ့သည်။
၂၀၂၂ ခုနှစ်အတွင်း ဘိန်းမဲဈေးသည် တစ်ကီလိုလျှင် မြန်မာငွေကျပ်(၄၁၈၀၀၀) ဖြစ်ကာ ၂၀၂၁ခုနှစ်က တစ်ကီလိုဈေး ကျပ်(၂၃၈၀၀၀)သာ ဖြစ်ရာ (၆၉)ရာခိုင်နှုန်း ဈေးမြင့်တက်လာခဲ့သည် ဟု အစီရင်ခံစာက ဖော်ပြထားသည်။
ထိုကြောင့် ၂၀၂၂ခုနှစ် အတွင်း ဘိန်းစိုက်ပျိုးရောင်းချမှုမှ ချင်းပြည်နယ်သည် အမေရိကန်ဒေါ်လာ(၃.၆၅)သန်းကျော် ရရှိခဲ့သည် ဟု ဆိုနိုင်သည်။
ချင်းပြည်နယ်မှ ထုတ်လုပ်ရရှိသော ဘိန်းများကို ချက်လုပ်ရန် မြန်မာနိုင်ငံအတွင်းရှိ ဓါတ်ခွဲခန်းအသီးသီးဆီကို ပို့ဆောင်ကြောင်း ၂၀၂၂ ခုနှစ် အိန္ဒိယ လူမှုသိပ္ပံ သုတေသနကောင်စီ၏ အစီရင်ခံစာက ဆိုသည်။
စစ်တပ်မှ အသစ်မွေးထားသည့် ပျူစောထီးများသည် ဘိန်းများကို ဓာတ်ခွဲခန်းတွေပို့ဖို့ သယ်ဆောင်ရေးနှင့် ဘိန်းဖြူထုတ်လုပ်ပြီးချိန် နယ်ပယ်အသီးသီးဆီ ပြန်လည်ဖြန့်ဖြူးရေးတွင် အဓိက ပါဝင်လှုပ်ရှားကြသည် ဟု မြန်မာနိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ကိုးကားလျှက် The Diplomat သတင်းဌာနက ၂၀၂၃ ခုနှစ် ဇွန်လ(၂၉)ရက်နေ့တွင် ဖော်ပြခဲ့သည်။
ထိုအကြောင်းအရာကို ကြည့်လျှင် ချင်းပြည်နယ်မှ စိုက်ပျိုးထုတ်လုပ်သော ဘိန်းများကို ဘိန်းဖြူချက်လုပ်သော ဓါတ်ခွဲခန်းများ ရှိရာ နေရာများဆီသို့ ပေးပို့ကာ ထုတ်လုပ်ပြီးသော ဘိန်းဖြူများကို နေရပ်သို့ ပြန်လည်ပို့ဆောင်နေကြသည်ကို တွေ့နိုင်သည်။
ယင်းမှ တဆင့် နယ်စပ်ဖြစ်သော အိန္ဒိယနိုင်ငံမှ အခြား တောင်အာရှနိုင်ငံများအထိ ခြေဆန့်ကာ တင်ပို့ရောင်းချနေကြသည်ဟု ဆိုကြသည်။