ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆
Zalen
ထူးထူးဆန်းဆန်း အစားအသောက်တွေ စားပြလေ့ရှိသဖြင့် လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ဖိလစ်ပိုင်အမျိုးသမီးတဦးဟာ အလွန်အဆိပ်ပြင်းတဲ့ “Devil Crab” (ခေါ်) သရဲတစ္ဆေဂဏန်းကို ဗီဒီယိုရိုက်ကူးရင်း စားမိရာမှ သေဆုံးသွားခဲ့ပါတယ်။
အသက် ၅၁ နှစ်အရွယ်ရှိ အမ်မာ အာမစ် ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့က သူငယ်ချင်းအချို့နဲ့အတူ ပါလာဝမ်ကျွန်းရှိ လုဇ်ဗီမင်ဒါအနီးရှိ လမုတောအတွင်းမှ ပင်လယ်စာတွေ သွားရောက်ရှာဖွေခဲ့ပါတယ်။

ထို့နောက် ၎င်းတို့ရှာဖွေရရှိလာတဲ့ ပင်လယ်စာတွေ ဖေ့စ်ဘွတ် လူမှုကွန်ရက်နဲ့ TikTok တို့မှာ ဗီဒီယိုတင်ရန်အတွက် ချက်ပြုတ်စားသောက်ခဲ့ကြပါတယ်။
အမ်မာဟာ ပင်လယ်စာများကို ပြုတ်၍ ဟင်းခတ်အမွှေးအကြိုင်များဖြင့် နယ်ဖတ်ကာ ကြည့်ရှုသူများရှေ့မှာ အဆိပ်ရှိသော “Devil Crab” ကို စားပြခဲ့ပါတယ်။
နောက်တစ်နေ့ အမ်မာဟာ ပြင်းထန်စွာ နေမကောင်းဖြစ်လာပြီး အိမ်နီးချင်းတွေက ဆေးခန်းသို့ ပို့ဆောင်ခဲ့ကြပါတယ်။
သူမဟာ တက်ခြင်းတွေ ခံစားခဲ့ရပြီး နှုတ်ခမ်းတွေ ညိုမဲလာတဲ့အတွက် ဆေးရုံသို့ အရေးပေါ် လွှဲပြောင်းပေးခဲ့ရပေမဲ့ ဆရာဝန်တွေက ကယ်တင်နိုင်ခြင်း မရှိခဲ့ဘဲ ဖေဖော်ဝါရီ ၆ ရက်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
စမစ်ဆိုနီယံ အဖွဲ့အစည်း (Smithsonian Institution) ရဲ့ အဆိုအရ Devil Reef Crabs ဟုလည်း ခေါ်တဲ့ ထိုဂဏန်းတွေကို အင်ဒို-ပစိဖိတ် ဒေသတလျှောက် သန္တာကျောက်တန်းတွေမှာ တွေ့ရလေ့ရှိပါတယ်။
၎င်းတို့မှာ Saxitoxin နဲ့ Tetrodotoxin ဟုခေါ်သော ပြင်းထန်တဲ့ အာရုံကြောအဆိပ်တွေ ပါရှိပြီး ထိုအဆိပ်တွေဟာ ငါးဖောင်းဖောင်းမှာ ပါဝင်တဲ့ အဆိပ်တွေနဲ့ ဆင်တူကာ လူကို သေစေနိုင်တဲ့သထိ ပြင်းထန်ပါတယ်။
“သူမရဲ့ အိမ်မှာ အရောင်အသွေး တောက်ပြောင်တဲ့ Devil Crab ရဲ့ အခွံတွေကို စွန့်ပစ်ထားတာ တွေ့ရပါတယ်” လို့ ဒေသခံကျေးရွာလူကြီးက ပြောကြားခဲ့ပါတယ်။
ယခုဖြစ်စဉ်ကြောင့် ဖိလစ်ပိုင်အာဏာပိုင်တွေက သဘာဝအတိုင်း ရှာဖွေရရှိတဲ့ ပင်လယ်စာများကို စားသုံးရာမှာ အထူးသတိထားရန် သတိပေးချက် ထုတ်ပြန်ပါတယ်။
ကိုးကာ-ဘန်ကောက်ပိုစ်း
သတင်း-ဆလိုင်း
#DevilCrab#TikTokcele#ဖိလစ်ပိုင်#Zalen















