အပိုင်း (၄) နိုင်ငံရေးဦးဆောင်မှုနှင့် စစ်ရေးကဏ္ဍရှုပ်ထွေးမှုများကြားက မနိုင်ဝန်ထမ်းနေကြသည့် ချင်းဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့များကို မည်သို့စုစည်းရမည်နည်း

ရေးသူ- ဆလိုင်းဆူး

ချင်းနိုင်ငံရေး ဦးဆောင်ကောင်စီအဖြစ် လူသိများကြသည့် ICNCC မှ ချင်းအမျိုးသားတပ်ဦး နှုတ်ထွက်ပြီ ဖြစ်ကြောင်း သတင်းနှင့်အတူ ချင်းပြည်အစိုးရ ဖော်ဆောင်ရေး ချင်းအမျိုးသားတပ်ဦး ကြိုးစားမှု၏ ပထမအဆင့် ရလဒ်သည် အားရစရာ မကောင်းဘူးဟု သုံးသပ်မှု ရှိနေသည်။

 ထို့ကြောင့် ICNCC အား အပြင်မခံ၊ အပျက်မခံ အုပ်စုဖြစ်သော ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်အမတ်များနှင့် NLD (Chin) အဖွဲ့မှ ICNCC ကို မူပိုင်အဖြစ် ပိုမိုအသုံးပြု လာသည့် ခြေလှမ်း စတင်ပြီ ဖြစ်သည်။ အဆိုပါ ခြေလှမ်းသည် ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်အမတ်များနှင့် NLD (Chin) ပါတီတို့ ဦးဆောင်သည့် ချင်းပြည် တော်လှန်ရေးအစိုးရ ဖော်ဆောင်ရေး ဖြစ်သည်။ ဤ ခြေလှမ်းစတင်ဖို့ စည်းရုံးရေး တရားဝင် လုပ်ဆောင်ခြင်း မရှိသေးသော်လည်း ICNCC သို့ ချင်းအမျိုးသားတပ်ဦး တရားဝင် နှုတ်ထွက်စာ တင်ပါက ခြေလှမ်းစတင်ရန် ပြင်ဆင်ထားကြ သည်ဟု သတင်းထွက်နေသည်။ အကယ်၍ ဤလှုပ်ရှားမှု စတင်ပါက အောင်မြင်နိုင်မည်လောဆိုသည့် အချက်သည် စိတ်ဝင်စားစရာကောင်းပြီး လွယ်ကူစွာ ခန့်မှန်းရခက်နေသည်။ ထို့ကြောင့် ICNCC တွင် ချင်းပြည်တော်လှန်ရေး ဦးဆောင်နိုင်ဖို့ အရေးပါသည့် ဘဏ္ဍာငွေအင်အား၊ စစ်ရေးအင်အား၊ လူသားအရင်း အမြစ်၊ ခေါင်းဆောင်မှုစွမ်းရည်နှင့် ချင်းပြည်အစိုးရဖွဲ့ရေး အားလုံးပါဝင်နိုင်သော လုပ်ငန်းဖော်ဆောင်မှု ချဉ်းကပ်ပုံ ရှိမရှိတို့ပေါ်တွင် များစွာ မူတည်သောကြောင့် ဆန်းစစ်ခြင်းများ လုပ်ဆောင်သွားမည် ဖြစ်သည်။

ICNCC ၏ လက်ရှိအခြေအနေမှန်ကို ဆန်းစစ်ခြင်းများ

ဘဏ္ဍာရေးအခြေအနေ

နိုင်ငံရေးအရ အတိုင်းအတာတစ်ခုအထိ ချင်းပြည်ကို ကိုယ်စားပြုနေသည့် ICNCC ၏ အကြီးမားဆုံး အားနည်းချက်သည် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) မှ ချင်းပြည်တော်လှန်ရေး အင်အားစုများကို ဘဏ္ဍာငွေခွဲဝေပေးသည့် ‌ငွေကြေးများအား ကြားခံစီမံခန့်ခွဲပေးသည့် ဘဏ္ဍာငွေမှအပ ကိုယ်တိုင်ဘဏ္ဍာငွေ တပြားမှ မရှာနိုင်ခြင်း ဖြစ်သည်။ ထို့အပြင် အမျိုးသားညီညွှတ်ရေး (NUG) မှ သီးခြားဘဏ္ဍာငွေ ရှာဖွေနိုင်ရေး အတွက် အထူးငွေတိုက်စာချုပ် (NUG Bond) ကို ရောင်းချခွင့်နှင့် စီမံခန့်ခွဲခွင့် ပေးသော်လည်း ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ အထိသာ ရောင်းချနိုင်ခဲ့ပြီး ရောင်းရငွေကြေးများကိုလည်း တော်လှန်ရေးအင်အားစုများထံ ခွဲဝေပေးမှု လုပ်ဆောင်ခြင်းမရှိသည့်အပြင် မည်သို့ စီမံခန့်ခွဲကြသည်ကို မသိသည့် အနေအထားဖြစ်သည်။ ထို့ကြောင့် လက်ရှိ အခြေအနေအရ အထူးငွေတိုက်စာချုပ် (NUG bond) မှရရှိသည့် ငွေကြေးများကိုပင် ပွင့်လင်းမြင်သာစွာ စီမံခန့်ခွဲကြောင်း မချပြသည့် ICNCC ကို ချင်းပြည်သူများမှ ဘဏ္ဍာငွေပေးအပ်ပြီး တော်လှန်ရေးကာလ ချင်းပြည်အစိုးရ (သို့မဟုတ်) ပြည်သူ့ဝန်ဆောင်မှု ဦးဆောင်စီမံခန့်ခွဲခွင့် ပေးမလားဆိုသည့် မေးခွန်းရှိသည်။

လူသားအရင်းအမြစ်နှင့် ဖွဲ့စည်းမှု

ICNCC မှ ချင်းအမျိုးသားတပ်ဦး နှုတ်ထွက်ပါက အစုအဖွဲ့ (၃) ခုသာ ကျန်တော့မည် ဖြစ်သည်။ ၎င်းတို့မှာ ပါတီအစုအဖွဲ့ကိုယ်စား (NLD)၊ အရပ်ဖွဲ့လူမှုအဖွဲ့အစည်းများနှင့် CDMer များကိုယ်စား လူပုဂ္ဂိုလ် တစ်ချို့ (တက်ကြွလူဦးရေ-၃ ဦးခန့်)၊ ၂၀၂၀ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ (၁၈ဦး) ဖြစ်ပြီး အစုအဖွဲ့အလိုက် အိမ်ပြည့် ပါဝင်နိုင်သည့် အဖွဲ့မှာ ၂၀၂၀ အမတ်များနှင့် NLD (Chin) သာရှိသည်။ ဤနေရာတွင် CNLD-LA အဖြစ် ပါတီအုပ်စုတွင် ပါဝင်သော်လည်း တရားဝင်မနှုတ်ထွက်ကြသလို လှုပ်ရှားမှု များတွင် ပါဝင်ခြင်းမရှိတော့ကြောင်း အဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ICNCC လက်ကျန်အဖွဲ့ဝင်များတွင် ခေတ်ပညာတတ်လူငယ် အနည်းငယ်ပါဝင်သော်လည်း အများစုသည် အသက် (၅၀) အထက် လူကြီးများ ဖြစ်သည်။ ထို့အပြင် ICNCC တွင် ပါဝင်သူများသည် တက်ကြွစွာပါဝင်ခြင်း မရှိကြသည့်အတွက် ဖွဲ့စည်းပုံ အရ အစုအဖွဲ့ (၃) ဖွဲ့ မှ(၁၈) ဦးစီ အားလုံး (၅၄) ဦး ပါဝင်ရမည့် ကောင်စီ အစည်းအဝေးကိုပင် အယောက် (၂၀) မပြည့်နိုင်သည့် အနေအထားဖြစ်သည်ဟု အဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ထို့ကြောင့် ICNCC မှ ဖွဲ့ထားသည့် ကော်မတီများသည်လည်း ပုံမှန်အစည်းအဝေးပင် မကျင်းပနိုင်သည့် အနေအထားဖြစ်ပြီး ကောင်စီ၏ ရည်မှန်းချက်၊ ဦးတည်ချက်တွေကို အကောင်အထည်ဖော်ရန် လူအင်အား မလုံလောက်တော့သည့် အနေအထား ဖြစ်သည်။ ဤသို့သော် အားနည်းချက်များကြောင့် (၆) လ တစ်ကြိမ် အပြောင်းအလဲဖြစ်ရမည့် ကောင်စီသဘာပတိများနှင့် အတွင်းရေးမှူးများကိုလည်း ပြောင်းလဲနိုင်ခြင်းမရှိ၍ ဖွဲ့စည်းချိန်မှစပြီး ယနေ့တိုင် လူတစ်စု၏ မူပိုင်ပုံစံမျိုး ဖြစ်နေသည်။

ခေါင်းဆောင်မှုစွမ်းဆောင်ရည်ကို ပေါ်လွှင်စေသည့် ချင်းနိုင်ငံရေး ချဉ်းကပ်ပုံအဟောင်း

ICNCC သည် ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ NLD (Chin) ကိုယ်စားလှယ်များ လွှမ်းမိုးသည့် အဖွဲ့ဖြစ်သောကြောင့် တော်လှန်ရေးကာလဖြစ်စေ၊ တော်လှန်ရေးအလွန်ဖြစ်စေ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရလွှတ်တော် အမတ်များ အာဏာပြန်လည်ရရှိရေးကို အခြေခံပြီး NLD (Chin) ၏ နိုင်ငံရေး ဦးဆောင်းမှု ပေးရေးကို အခြေခံထားသည်။ ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံကို တစ်နိုင်ငံလုံး တော်လှန်ရေး အင်အားစုများမှ တရားဝင် ပယ်ဖျက်သော်လည်း ၂၀၂၀ ရွေးကောက်ပွဲရလဒ်သည် လုံးဝမပျက်ဘူးဟု ခံယူထားကြသည်။ ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ချင်း တော်လှန်ရေးအင်အားစုများ ထံပေးအပ်သည့် ဘဏ္ဍာငွေများကို ကြားခံအဖြစ် စီမံခန့်ခွဲပေးရာတွင် ၉ မြို့နယ် မဲဆန္ဒနယ်ကို အခြေခံပြီး ခွဲဝေခြင်းနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးနှင့် သက်ဆိုင်သောကော်မတီ အပါအဝင် ၉ မြို့နယ်ကို အခြေခံသည့် ကော်မတီများကို ဖွဲ့စည်းခြင်းများ လုပ်ဆောင်ခဲ့ကြသည်။ ဤသို့သော အခြေခံစဉ်းစားချက်များကြောင့် ၂၀၂၀ ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် NLD (Chin) ပါတီ၏ ဆန္ဒသဘောထားကို လက်မခံသည့် လက်နက်ကိုင် အဖွဲ့အစည်း များကို အာဏာရှင်ဆန်သည်ဟု အကြိမ်ကြိမ် စွပ်စွဲသည်။ ထို့အပြင် တော်လှန်ရေးကာလ ချင်းပြည်၏ မြေပြင်အနေအထား ပြောင်းလဲမှုများကို လုံးဝလက်မခံဘဲ သူတို့ မဲရရှိခဲ့သည့် ၉ မြို့နယ်ဖြင့် ဆက်သွားမှ တော်လှန်ရေးကာလ၊ တော်လှန်ရေးအလွန်ကာလ ၂၀၂၀ ရွေးကောက်ပွဲရလဒ် သက်ရောက်မှုရှိမည်ဆိုသည့် အခြေခံစဉ်းစားချက်ကြောင့် သူတို့အဆိုကို သဘောမတူသည့် ချင်းကာကွယ်ရေးတပ် ခေါင်းဆောင်များကို အကြမ်းဖက်စစ်အုပ်စုနှင့်နှိုင်းယှဉ်ခြင်းများအပြင် CJDC နှင့် ICNCC ဆွေးနွေးညှိနှိုင်း အစည်းဝေးများတွင် ချင်းလက်နက်ကိုင် CJDC ကိုယ်စားလှယ်များကို စစ်တပ်နှင့် နှိုင်းပြောခြင်း၊ တွေ့ဆုံဆွေးနွေးမှု များကို “၂၀၀၈ ဖွဲ့စည်းပုံပေါ်ပေါက်လာသည့် ညောင်နှစ်ပင်ညီလာခံ” နှင့် နှိုင်းခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထို့ကြောင့် ချင်းတော်လှန်ရေးအစိုးရကို ၂၀၀၈ ရလဒ်နှင့် ၂၀၀၈ ဖွဲ့စည်းပုံမှာ ပါသည့် ပြည်နယ်အစိုးရဖွဲ့စည်းမှုအတိုင်း တော်လှန်ရေးကာလဖြစ်စေ၊ အသွင်ကူးပေါင်းရေးကာလဖြစ်စေ ဖွဲ့စည်းမှသာ လက်ခံမည့်အကြောင်း အခိုင်အမာရပ်တည်ကြသည်။

ချင်းလူမျိုး တော်လှန်ရေး အခြေအနေနှင့် တစ်ပါတီဦးဆောင်မှုစိန်ခေါ်ချက်

မြေပြင်တော်လှန်ရေး အင်အားစုများနှင့် ဘဏ္ဍာငွေအားဖြည့်ပေးသည့် ပြည်ပရောက် တော်လှန်ရေး အင်အားစုများသည် ပါတီအမြင်လုံးဝမရှိတော့ဘဲ ပြည်သူ့တော်လှန်ရေး စစ်စစ်ကို ဖော်ဆောင်နေကြသည်။ ထို့ကြောင့် မြေပြင်တော်လှန်ရေး အင်အားစု ခေါင်းဆောင်များကသာ အဖွဲ့အစည်း (သို့မဟုတ်) ပါတီတစ်ခု လွှမ်းမိုးမှုအောက်ကို ဝင်ပါက တော်လှန်ရေးအင်အားစုများတွင် အကွဲအပြဲများ ဖြစ်ပွားသည်အထိ အကျိုး သက်ရောက် နိုင်သည်။ လက်ရှိ ချင်းတော်လှန်ရေးသည် ၂၀၂၀ ရွေးကောက်ပွဲမှာ CNLD၊ NLD နှင့် တချို့ USDP ကို မဲပေးထောက်ခံသော ချင်းလူမျိုးများ၊ ချင်းအမျိုးသားတပ်ဦးကို ထောက်ခံသူနှင့် မထောက်ခံသူ များ အားလုံးပါဝင်ပြီး တော်လှန်သည့် တော်လှန်ရေးဖြစ်သည်။ ထို့ကြောင့် ဤအရှိတရား အခြေအနေကို လျှစ်လျှူရှုပြီး ချင်းနိုင်ငံရေးကို ချဉ်းကပ်ကြပါက ပြည်သူ့တော်လှန်ရေးသည် ပါတီ (သို့မဟုတ်) အဖွဲ့အစည်း တော်လှန်ရေး အသွင်ပြောင်းလဲသွားမည်ဖြစ်ပြီး တော်လှန်ရေးရလဒ်ကိုလည်း ထိခိုက်စေသွားမည် ဖြစ်သည်။ အထက်ပါအချက်များကြောင့် ICNCC အစိုးရဖော်ဆောင်ရေး ဆန်းစစ်ချက်ကို အကျဉ်းချုပ်မည် ဆိုပါက ဘဏ္ဍာငွေကြေး အားနည်းချက်၊ နိုင်ငံရေးချဉ်းကပ်မှုအဟောင်း အားနည်းချက်၊ ကိုယ်ပိုင် လက်နက်ကိုင်မရှိ၊ လူသားအရင်းအမြစ် အားနည်းချက်နှင့် ခေါင်‌ဆောင်မှုစွမ်းဆောင်ရည် အားနည်းချက်များ အပြင် ICNCC နှင့် CJDC ဆွေးနွေး ညှိနှိုင်းမှုများကို တဖက်သတ် ရပ်စဲခြင်းတို့ကြောင့် မြို့နယ်/ ဒေသအခြေပြု လက်နက်ကိုင်များနှင့် ပြည်သူများ ပူးပေါင်းဖွဲ့စည်းထားသည့် ဒေသန္တရအစိုးရအနေဖြင့် ICNCC ဖွဲ့စည်းမည့်အစိုးရနှင့် ပူးပေါင်းနိုင်ခြေ အလွန့်အလွန် နည်းသည်။  ICNCC အနေဖြင့် အားနည်းချက် များလွန်းသည့်အတွက် ချင်းနိုင်ငံရေး ဦးဆောင်မှုကို ချဉ်းကပ်မှုအသစ် ပြောင်းလဲသည်ဖြစ်စေ အစုအဖွဲ့ တစ်ခုတည်းဖြင့် ဦးဆောင်နိုင်မည့် အရည်အချင်း နည်းသည်။ ထို့ကြောင့် ICNCC အနေဖြင့် ချင်းပြည်အစိုးရ ဖော်ဆောင်ရေး ဆက်လက် ကြိုးပမ်းပါက လက်ခံနိုင်ကြမည်လောဆိုသည့် မေးခွန်းသည် “ဖြစ်နိုင်ခြေနည်း” ဟု အဆုံးသတ်ပြန်သည်။ ထို့ကြောင့် “ဖြစ်နိုင်ခြေနည်း” နှစ်နည်းဖြစ်ကြသော “ချင်းအမျိုးသားတပ်ဦး ဦးဆောင်မှု ဖြစ်နိုင်ခြေနည်း” နှင့် “၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် NLD (Chin) ဦးဆောင်မှု ဖြစ်နိုင်ခြေနည်း” များမှ ချင်းပြည်အစိုးရဖွဲ့စည်းနိုင်ရေး ဖြစ်နိုင်ခြေအများဆုံး နည်းလမ်းများကို အပိုင်း (၅) မှာ ဖော်ပြပေးသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းများ

မလေးရှားမှာ ချင်းကလေးငယ် တစ်ဦး လည်ပင်းညစ် အသတ်ခံရ၊ လူသတ်သမားထွက်ပြေး

၁၅၊ ဧပြီလ၊ ၂၀၂၄ Zalen မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူမြို့၊ ပူဒူးရပ်ကွက်မှာ အသက် ၇ နှစ်အရွယ် ကလေးငယ် တစ်ဦး လည်ပင်းညစ် အသတ်ခံရတယ်လို့ ရပ်ကွက်နေ ချင်းလူမျိုးတွေဆီက သိရပါတယ်။ ကွာလာလမ်ပူမြို့၊ ပူဒူးရပ်ကွက်မှာ မနေ့ ...

ဆက်ဖတ်ရန်