အပိုင်း (၅) နိဂုံး၊ နိုင်ငံရေးဦးဆောင်မှုနှင့် စစ်ရေးကဏ္ဍရှုပ်ထွေးမှုများကြားက မနိုင်ဝန်ထမ်းနေကြသည့် ချင်းဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့များကို မည်သို့စုစည်းရမည်နည်း

ဆလိုင်းဆူး

ခေတ်အဆက်ဆက် မြန်မာပြည်ကို အာဏာရှင်လူတစ်စုက တလှည့်စီအုပ်ချုပ်ခဲ့သော်လည်း လူများစု ဖြစ်သည့် ဗမာလူမျိုးများအပါအဝင် တနိုင်ငံလုံးထောက်ခံမှုများသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ဗမာနိုင်ငံရေး အင်အားစုများသည် အာဏာရှင်အမြစ်ဖြုတ်ရေးကို ဖော်ဆောင်ပေးမည့် လက်နက်ကိုင်လမ်းစဉ်ကို အားမပေးခဲ့ကြသည့် အတွက်ကြောင့် တိုင်းပြည်သည် များစွာ နစ်နာ ခဲ့သည့်အပြင် လက်နက်ကိုင် တော်လှန်ရေးကို ဖော်ဆောင်ခဲ့သည့် လူနည်းစု တိုင်းရင်းသားများ သည်လည်း သူပုန်များအဖြစ် သတ်မှတ်ခံရ၍ အပြင်းအထန် တိုက်ခိုက်ခြင်း ခံခဲ့ကြသည်။ ထို့ကြောင့် အာဏာရှင် ဗမာအာဏာရလူတစ်စုသည် လူနည်းစု တိုင်းရင်းသာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု အကြိမ်ကြိမ်ကျူးလွန်သော်လည်း  ဗမာလူမျိုးများ ထောက်ခံအားပေးမှုကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းမှု မဖြစ်ပွားမီအထိ အာဏာရှင်များကို အရေးယူခြင်း မဆောင်ရွက်နိုင်သလို တိုင်းပြည်သည်လည်း လူတစ်စု၏ ကိုယ်ကျိုးစီးပွားအတွက်နှင့် လူမျိုးကြီးဝါဒ လွမ်းမိုးရေးအတွက် နည်းမျိုးစုံ အသုံးချခံခဲ့သည်။

ထို့သို့သော နိုင်ငံရေး အခင်းအကျင်းတွင် နှစ်ရှည် လက်နက်ကိုင် တော်လှန်ရေးလုပ်ခဲ့သည့် လူနည်းစုတိုင်းရင်းသားများသည် အောင်မြင်မှုရနိုင်ရန် စိန်‌ခေါ်မှုများစွာ ကြုံတွေ့ ခဲ့ကြသည်။ သို့သော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် တော်လှန်ရေးကြီးတွင် ဗမာလူမျိုးများအပါအဝင် ပြည်သူတရပ်လုံးပါဝင်သည့် တော်လှန်ရေးဖြစ်သည့် အတွက်ကြောင့် ခေတ်အဆက်ဆက် လက်နက်ကိုင်တော်လှန်ရေး အခင်းအကျင်း များထက် အောင်မြင်မှု ရရှိနိုင်ခြေ အလွန်များပြားသည့် တော်လှန်ရေးဟု ဆိုကြသည်။ ဤတော်လှန်ရေးသည် အောင်မြင်မှု သေချာသည့် တော်လှန်ရေးဟု ခန့်မှန်းကြသောကြောင့် တချို့လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများသည် တော်လှန်ရေးမှ အကျိုးအမြတ်ရရှိရေးကို နည်းမျိုးစုံဖြင့် ကြိုးစားလာကြသည်။

ထို့သို့သော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း (သို့မဟုတ်) ပါတီ နာမည်ကြီးရေးနှင့် ဆက်လက်အာဏာရရှိရေး အခြေခံသော တော်လှန်ရေး စိတ်ဓာတ် များပြားလာမှုကြောင့် အင်းအားအလွန်နည်းပါးလာသည့် အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာမှာ တစ်နိုင်ငံလုံး တော်လှန်ရေး ရလဒ်ကောင်းရရှိရန် အခွင့်အလမ်းများသော်လည်း ရုန်းကန်နေကြဆဲ အနေအထားသို့ရောက်လာပြီး တော်လှန်ရေး ရလဒ်ကောင်းရရှိရေးအတွက် စိန်ခေါ်မှုများစွာ ကြုံတွေ့နေဆဲ ဖြစ်သည်။ ဤနည်းတူစွာ လောဘစိတ် အမြစ်တွယ်နေသည့် ခေါင်းဆောင်းများနှင့် အဖွဲ့အစည်းတချို့ကြောင့် ‌၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနှင့် အတူ လက်နက်ကိုင်တိုက်ပွဲ အစောဆုံးဆင်နွှဲသည့် လူမျိုး၊ ထိန်းချုပ်နယ်မြေ ရာခိုင်နှုန်းအများဆုံး ပိုင်ဆိုင်သည့် လူမျိုး၊ တော်လှန်ရေးမှာ ပြည်သူပါဝင်မှု ရာခိုင်နှုန်းအမြင်ဆုံး လူမျိုး၊ တော်လှန်ရေး အင်အားစုများမှ ဖော်ဆောင်သည့် ပြည်သူ့ဝန်ဆောင်မှု ရာခိုင်နှုန်း အများဆုံး လူမျိုးဖြစ်သည့် ချင်းလူမျိုးများနှင့် ချင်းပြည်သည်လည်း ညီညွတ်မှုတည်ဆောက်နိုင်ရေး စိန်ခေါ်မှုများစွာ ကြုံတွေ့ရသည်။ ထို့ကြောင့် ချင်းလူမျိုးများသည် ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများနှင့် အဖွဲ့အစည်းများကြောင့်ပေါ်လာသည့် ပြသနာများကို ဖြေရှင်းနိုင်ပါက ပထဝီနယ်မြေ အနေအထား အားသာချက်များနှင့် အကြမ်းဖက်စစ်အုပ်စု အင်အားချိနဲ့လာမှုကြောင့်  အာဏာရှင်လက်အောက်မှ အချိန်တိုအတွင်းမှာ လွတ်မြောက်လိမ့်မည်ဟု သုံးသပ်ကြသည်။ ထို့အပြင် လက်ရှိအခြေအနေတွင် မူတည်ပြီး ချင်းလူမျိုးများ၏ တော်လှန်ရေးရလဒ် ကောင်းရေးသည် ချင်းပြည်အတွင်းမှာရှိသော အကြမ်းဖက် စစ်အုပ်စုကို အမြစ်ဖြုတ်ချေမှုန်းရေးထက် ညီညွတ်ရေး ဖြစ်နေဟုလည်း သုံးသပ်မှုများရှိလာသည်။ မည်သို့သော အခြေအနေမျိုး ရောက်ရှိနေသည် ဖြစ်စေ ပြည်သူအားလုံး အဆုံးထိတိုက်ပွဲဝင်ရမည့် တာဝန်ရှိကြသည့် အတွက်ကြောင့် ဆက်လက်ပြီး ရှေ့ဆက်ကြရမည် ဖြစ်သည်။ ထို့ကြောင့် စိန်ခေါ်မှုများစွာ ကြုံတွေ့နေသည့် ချင်းပြည်နိုင်ငံရေး အခင်းအကျင်းများမှ ချင်းတော်လှန်ရေးအင်အားစုများ ညီညွတ်ရေးနှင့် နိုင်ငံရေးဦးဆောင်မှုနှင့် စစ်ရေးကဏ္ဍ ရှုပ်ထွေးမှုများကြားက မနိုင်ဝန်ထမ်းနေကြသည့် ချင်းဒေသန္တရ အစိုးရများကို အလွယ်ကူဆုံး စုစည်းနိုင်မည့် နည်းလမ်းကို စာရေးသူ၏ နှစ်နှစ်ကျော်မြေပြင် အတွေ့အကြုံများ အခြေခံပြီး အကြံပြု တင်ပြထား ပါသည်။

ညီညွတ်ရေးပြန်လည် အစပြုနိုင်ရေးအကြံပြုချက်

ဤ ခေါင်းစဉ်ကိုဖတ်ပြီး ချင်းလူမျိုးများ ယနေ့တိုင် ညီညွတ်ရေးအစပြုနိုင်ခြင်း မရှိသလောဟူသည့် မေးခွန်းရှိနိုင်သည်။ အမှန်မှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်းတွင် ညီညွတ်ရေးအစောဆုံး အစပြုနိုင်သည့် လူမျိုးထဲမှာ ချင်းလူမျိုးပါခဲ့သည် သို့သော် ရလဒ်မကောင်းခဲ့သည့် အတွက်ကြောင့် ညီညွတ်ရေးပြန်လည်အစပြုနိုင်ရေးကို ရည်ညွန်းခြင်းဖြစ်သည်။ ချင်းနိုင်ငံရေး ခေါင်းဆောင်တချို့၏ ကြိုးပမ်းအားထုတ်မှုကြောင့် ပေါ်ပေါက်လာခဲ့သည့် ချင်းနိုင်ငံရေးဦးဆောင်မှုအဖွဲ့ Interim Chin National Consultative Council (ICNCC) နှင့် လက်နက်ကိုင်ခေါင်းဆောင်များ အမျှော်အမြင် ကြီးမှုကြောင့် ပေါ်ပေါက်လာခဲ့သည့် ချင်းလက်နက်ကိုင်အဖွဲ့ စုပေါင်းအင်အား ထုတ်နိုင်ရေး Chinland Joint Defense Committee (CJDC) တို့သည် ညီညွတ်ရေး အတွက် အလွန်ကို အရေးပါခဲ့သည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် ညီညွတ်ရေး မတည်ဆောက်နိုင်သည့်အပြင် မတည်ဆောက်ရသေး သည့် ယုံကြည်မှုတွေပါ ထိခိုက်လာမည့် အခြေအနေကို ရောက်ရှိနေသည်။ ထို့ကြောင့် ဤ ချင်းလူမျိုးများ ညီညွတ်ရေး အတွက် ဖွဲ့စည်းခဲ့သည့် အစုအဖွဲ့မှ ရရှိခဲ့သည့် ရလဒ်သည် မျှော်လင့်သလို မဖြစ်သည့် အကြောင်းရင်းများကို ရှာဖွေကြည့်ရာတွင် အောက်ပါ (၃) မျိုးဖြစ်ကြောင်း တွေ့ရှိရသည်။ ၎င်းတို့မှာ (၁) တော်လှန်ရေး ကာလဖြစ်စေ၊ တော်လှန်ရေး ကာလဖြစ်စေ နိုင်ငရေးလွှမ်းမိုးနိုင်ရေး ကြိုးပမ်းသည့် အဖွဲ့အစည်းများရှိခြင်း၊ (၂) တော်လှန်ရေး အလွန်ကာလ နိုင်ငံရေး အခင်းအကျင်း ပုံဖော်မှုမတူညီကြခြင်း၊ နှင့် (၃) တော်လှန်သည့် ရန်သူတူသော်လည်း နိုင်ငံရေးရလဒ် မျှော်မှန်းချက် မတူကြခြင်း တို့ဖြစ်သည်။ ဤအချက် (၃) ချက်ကို အဖြေရှာ ဖြေရှင်းနိုင်ပါက ချင်းပြည်ညီညွတ် ရေးပြန်လည်အစပြုနိုင်ပြီး အင်အား တောင့်တင်းစွာဖြင့် တော်လှန်ရေးမှာ ပြန်လည် လက်တွဲနိုင်ကြမှာ ဖြစ်သည်။ သို့သော် ဤစိန်ခေါ်မှုများကို အချိန်တိုအတွင်း ဆွေးနွေးအဖြေရှာရန် ဖြစ်နိုင်ခြေနည်းသည့် အတွက် ဤစိန်ခေါ်မှုများကို ‌ခေါက်ထားပြီး ညီညွတ်ရေး တည်ဆောက်နိုင်မည့် နည်းလမ်းကို ရှာဖွေရမည် ဖြစ်သည်။ ၎င်းနည်းလမ်းသည် အဖွဲ့အစည်း အသီးသီးကြား အားလုံးနားလည်မှု တူညီသည့် ချင်းပြည် တော်လှန်ရေးလမ်းပြမြေပုံ (သို့မဟုတ်) နိုင်ငံရေး လမ်းပြမြေပုံ အမြန် ရေးဆွဲပြီး အဖွဲ့အစည်းအားလုံး နိုင်ငံရေးအရ တန်းတူအခွင့်အရေးများဖြင့် ပေါင်းစည်းရေး ကြိုးစားခြင်း ဖြစ်သည်။  ချင်းပြည် တော်လှန်ရေး လမ်းပြမြေပုံ (သို့မဟုတ်) နိုင်ငံရေး လမ်းပြမြေပုံ အကြမ်းကို ချင်းအမျိုးသားတပ်ဦးနှင့် ICNCC တို့မှ အကြမ်းပြုစုထားမှု ရှိသော်လည်း ယေဘုယျ ဆန်သည့် အပြင် အသေးစိတ် ဆွေးနွေးအဖြေရှာခြင်းလည်း မရှိခဲ့ပေ။ ချင်းတော်လှန်ရေး အင်းအားစုများ ညီညွတ်ရေးအတွက် တော်လှန်ရေး လမ်းပြမြေပုံ (သို့မဟုတ်) နိုင်ငံရေး လမ်းပြမြေပုံ အမြန်ဖော်ဆောင်ရာ တွင် ထွက်ရှိပြီးသော မူကြမ်းများကိုသော်လည်းကောင်၊ အဖွဲ့အစည်းတစ်ခုခုမှ အကြမ်းရေး၍ အဆိုပြု ဖော်ဆောင်ခြင်းဖြင့် သော်လည်းကောင်း၊ ICNCC (သို့မဟုတ်) CJDC  ၌ ဆွေးနွေးအဖြေရှာခြင်းဖြင့် သော်လည်းကောင်း တစ်နည်းနည်းဖြင့် အမြန်ကြိုးပမ်းရန်လိုအပ်ပြီး အချိန်တိုအတွင်း အများစု သဘောတူ သည့် ရလဒ်ထွက်ရှိနိုင်ခြေလည်း အခွင့်အလမ်းများစွာ ရှိနေသည်။

တော်လှန်ရေးကာလ ချင်းပြည်အစိုးရ ဖွဲစည်းနိုင်မည့်နည်းလမ်းအကြံပြုချက်

ချင်းပြည်အစိုးရ ဖွဲ့စည်းနိုင်ရေး ICNCC နှင့် CJDC ကိုလည်း မျှော်လင့်မရ၊ ချင်းအမျိုးသားတပ်ဦးကိုလည်း မျှော်လင့်မရ၊ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (ချင်း) ကိုလည်း မျှော်လင့်မရတော့သည့် အတွက်ကြောင့် မဖြစ်မနေ ဖြစ်နိုင်ခြေများကို ရှာဖွေဖို့လိုအပ်နေပြီ ဖြစ်သည်။ ချင်းပြည်အစိုးရဖွဲ့ရေးသည် ဖြစ်နိုင်ခြေများစွာရှိသော်လည်း တော်လှန်ရေးကာလ လက်တွေ့ကျပြီး အမြန်ဆုံးဖြစ်နိုင်ခြေ နည်းလမ်းသည် တော်လှန်ရေး အင်အားစု အများစုလက်ခံသည့် တော်လှန်ရေး လမ်းပြမြေပုံ (သို့မဟုတ်) နိုင်ငံရေးလမ်းပြမြေပုံ အမြန်ဖော်ဆောင်ပြီး ချင်းပြည်သူများကို ချပြ၍ အဆိုပါ လမ်းပြမြေပုံကို အခြေခံပြီး ချင်းပြည်အစိုးရဖွဲ့စည်းခြင်း ဖြစ်သည်။ ထို့အပြင် ချင်းပြည်အစိုးရ ဖွဲ့စည်းရေးအတွက် တော်လှန်ရေး (သို့မဟုတ်) နိုင်ငံရေးလမ်းပြမြေပုံတွင် မရှိမဖြစ် အောက်ပါအချက်များကို ထည့်သွင်းရန် လိုအပ်မည် ဖြစ်သည်။

 ၎င်းတို့မှာ (၁) တော်လှန်ရေးကာလတွင် ‌ဖော်ဆောင်ပြီးသည့် ဒေသန္တရအစိုးရကို အကန့်အသတ်ဖြင့် အသိအမှတ်ပြုပြီး  မြို့နယ်၊ မျိုးနွယ်စု အစရှိသော အခြေခံ စဉ်းစားမှုများကို တော်လှန်ရေးကာလတွင် ယာယီခေါက်ထားရန် (၂) ချင်းပြည်အစိုးရ (သို့မဟုတ်) ပြည်သူ့ဝန်ဆောင်မှု ပေးနိုင်ရေးးဆိုသည့် အခြေခံနားလည်ပုံ တူညီအောင် ညီနှိုင်းအဖြေရှာရန်၊ (၃) ချင်းအမျိုးသားရေး စည်းလုံးညီညွတ်ရေးနှင့် တော်လှန်ရေးကာလချင်းပြည်အစိုးရကဏ္ဍကို ပိုင်းခြားထားရန် နှင့် (၄)  ချင်းပြည်အစိုးရကို ဖော်ဆောင်ရာတွင် ယှဉ်ပြိုင်အစိုးရမပေါ်ပေါက်ရေးနှင့် ချင်းအမျိုးသားရေး အတွက် ကောင်းမွန်သော အခြေခံအောက်မြစ် ဖြစ်စေရေးတို့ကို အခြေခံရန် တို့ဖြစ်သည်။ ထို့အပြင် ချင်းပြည်အစိုးရကို ဖွဲ့စည်းသည်ဖြစ်စေ တခြားနည်းလမ်းဖြင့် ပြည်သူ့ဝန်ဆောင်မှု ဖော်ဆောင်ရေးကို ဖွဲ့စည်းသည်ဖြစ်စေ အရေးကြီးဆုံးသည် မပါဝင်နိုင်သေးသည့် တော်လှန်ရေးအင်အားစုများနှင့် တန်းတူဆက်ဆံမှု ဖွင့်ထားရန် တော်လှန်ရေးအင်အားစုတိုင်း လွယ်ကူစွာ ပူးပေါင်းလာနိုင်ရေးကို လမ်းဖွင့်ထားရန် တို့ဖြစ်သည်။ ချင်းပြည်သူများသည် မည်သည့်အချိန်မျိုးမဆို ချင်းလူမျိုးစည်းလုံးရေး အတွက် အဖွဲ့အစည်းအားလုံး စည်းလုံးမှုကို လိုလားကြသော်လည်း ပါတီ (သို့မဟုတ်) အဖွဲ့အစည်း တစ်ခုခု လွှမ်းမိုးရေးကိုမူ လုံးဝမလိုလားကြသည်ကို ခေါင်းဆောင်များအားလုံး သတိထားပြီး ချင်းလူမျိုး စည်းလုံးရေးကို ချဉ်းကပ်ရမည် ဖြစ်သည်။ အကြောင်းရင်းမှာ ချင်းပြည်သူများသည် တော်လှန်ရေး အလွန်တွင် ရွေးကောက်ပွဲအသစ် ကျင်းပပြီး သူတို့လိုလားသည့် ခေါင်းဆေင်ကို ရွေးချယ်တင်မြောက်ရန် ဆန္ဒရှိကြသည်။ ထို့ကြောင့် တော်လှန်ရေးအင်အားစုများစွာ စတင်ပေါ်ပေါက် လာချိန်ကစပြီး NLD ဦးဆောင်သော အဖွဲ့၊ CNLD ဦးဆောင်သောအဖွဲ့ စသဖြင့် ပါတီ အခြေခံ အဖွဲ့အစည်းမရှိသလို ပါတီသစ် ဦးဆောင်မှုဖြင့် တော်လှန်ရေး အင်အားတည်ဆောက်ခြင်းလည်း မရှိကြခြင်း ဖြစ်သည်။ ဤ အခြေအနေများကြောင့် တော်လှန်ရေး အလွန်ကာလ ချင်းပြည်တွင် CNLD၊ NLD တို့ အပါအဝင် ရှိပြီးသားပါတီများသာ ပါတီနိုင်ငံရေးလုပ်နိုင်ခြေ ရှိကြပြီး တော်လှန်ရေးကြောင့် ပေါ်ပေါက်လာနိုင်ခြေရှိသည့် ပါတီသစ်မှာ ချင်းအမျိုးသားတပ်ဦး (CNF) သာဖြစ်သော်လည်း ချင်းအမျိုးသားတပ်ဦး ကမူ ယနေ့တိုင် ပါတီနိုင်ငံရေး မလုပ်ရန်ဆုံးဖြတ်ထားသည်ဟု ကြွေးကြော်ထားသည့် အဖွဲ့ဖြစ်သည်။ ထို့ကြောင့် တော်လှန်ရေး အလွန်ကာလများမှာ နိုင်ငံရေးကို ဆက်လက်လုပ်လိုသူများ အနေဖြင့်  ဒီမိုကရေစီ နည်းလမ်းကျကျ ရွေးကောက်ပွဲဖြင့် ပြည်သူထောက်ခံမှုကို အရယူရန်ကိုသာ ဦးတည်ကြရမည်ဖြစ်ပြီး တော်လှန်ရေးကာလာ၊ တော်လှန်ရေး အလွန်ကာလများမှာ လွယ်လွယ်ကူကူ အာဏာဆက်လက် ချုပ်ကိုင်နိုင်ရေးကို မတရားနည်းဖြင့် လုံးဝ မကြိုးစားကြရန် လိုအပ်သည်။ မည်သည့် ပါတီဖြစ်စေ၊ မည်သည့် အဖွဲ့အစည်းဖြစ်စေ တော်လှန်ရေး အားကောင်းရေး အတွက် လုပ်ဆောင်ကြပါက တော်လှန်ရေး အလွန်ကာလ၌ ပြည်သူများ၏ ထောက်ခံအားပေးမှုကို ဆက်လက်ရရှိနေမည် ဖြစ်သောကြောင့် ပါတီ (သို့မဟုတ်) အဖွဲ့နှင့် လူပုဂ္ဂိုလ် နိုင်ငံရေး အကျိုးအမြတ်ရရှိရေး တို့ကို လုပ်ဆောင်ခြင်းများ ရပ်တန့်ကြရမည် ဖြစ်သည်။  နိဂုံးချုပ်အားဖြင့် ‌တော်လှန်ရေးမှာ ဆုံးဖြတ်ချချမှတ်နိုင်သည့် နေရာ၌ ရှိနေလူဂ္ဂိုလ်များ အားလုံး စေတနာရှိရှိဖြင့် ချင်းအရေးကို ဦးစားပေးလုပ်ဆေင်ကြရန် လိုအပ်ပြီး မိမိတို့ကိုယ်တိုင် ပါဝင်ခွင့်မရှိတော့မည့် နိုင်ငံရေး အခင်းအကျင်းအတွက် နိုင်ငံရေးအမွေကောင်း ထားခဲ့နိုင်ရေး ကြိုးပမ်း ကြမှသာ ဤတော်လှန်ရေး ရလဒ်သည် ကောင်းမွန်မည်ဖြစ်ကြောင်း ……

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်