အမ်းမှာ အေအေရဲ့ တပ်သားသစ် စုဆောင်းတဲ့အတွက် ချင်းလူငယ်တွေ နေရပ်စွန်ခွာမှုများလာ

စက်တင်ဘာလ ၂၅ ရက်၊ ၂၀၂၄

Zalen

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ကျေးရွာတွေက လူငယ်တွေကို တပ်သားသစ် စုဆောင်းတဲ့အတွက် ချင်းလူငယ်တွေ နေရပ်စွန့်ခွာ ထွက်ပြေးမှုတွေ ပိုများလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အေအေထိန်းချုပ်ထားတဲ့ ချင်းရွာတွေက ချင်းလူငယ်တွေကို အေအေက ယခုနှစ် သြဂုတ်လကစလို့ အစည်းဝေး ခေါ်ယူပြီး အခြေခံ စစ်သင်တန်း တက်ရောက်ရမယ်လို့ ပြောဆိုပြီးနောက် လူငယ်အများပြားဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

“ရွာကလူတွေကို အစည်းဝေးခေါ်ယူပြီး စစ်သင်တန်းတက်ရမယ်လို့ ပြောတယ်။ လူငယ်တွေက စစ်သင်တန်းတက်ရောက်ပြီး စစ်တိုက်ခိုက်မှာကို ကြောက်လန့်ပြီး အမ်းကနေ ရန်ကုန်ဘက်ကို တောလမ်းကနေ ထွက်ပြေးကြတယ်။”လို့ အမ်းဒေသခံတစ်ဦးက Zalen ကို ပြောပါတယ်။

အေအေရဲ့ စစ်မှုထမ်းဖို့ ခေါ်ယူတဲ့ထဲမှာ အမျိုးသမီးတွေလည်း ပါဝင်ကြောင်း၊ စစ်သင်တန်းမတက်ချင်ကြတဲ့ လူငယ်တွေဟာ အမ်းမြို့နယ်ကနေ ရခိုင်ရိုးမကို တောလမ်းဖြင့် ဖြတ်ကျော်ပြီး ရန်ကုန်ရှိ ဆွေးမျိုးအသိတွေဆီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ထိုတောလမ်းဖြင့် ထွက်ပြေးစဥ် ချောင်းရေနစ်ပြီး သေဆုံးတဲ့ လူငယ်တွေ ရှိသလို အေအေ လက်ထဲ ဖမ်းဆီးခံရတဲ့ လူငယ်တွေလည်းရှိပြီး အဆက်သွယ်မရဘဲ ပြတ်တောက်နေတဲ့ လူတွေလည်းရှိတယ်လို့ သိရပါတယ်။

“ချင်းလူမျိုးရယ်လို့တော့ မဟုတ်ပါဘူး။ ရခိုင်တွေပါတယ်။ အဲ့လိုထွက်ပြေးရင်း ရေကူးတဲ့ခါ ရေနစ်သေတဲ့ လူငယ်ရှိတယ်။ အေအေနဲ့ တွေ့ပြီး ဖမ်းဆီးခံရတာလည်းရှိတယ်။ တချို့က သေသလား၊ ရှင်သလား လုံးဝအဆက်သွယ်မရတဲ့သူလည်း ရှိပါတယ်။”လို့ အမ်းဒေသခံတစ်ဦးက Zalen ကို ပြောပါတယ်။

ဒေသခံတွေရဲ့ပြောဆိုချက်နဲ့ ပတ်သက်လို့ အေအေပြောခွင့်ရ ခိုင်သုခကို Zalen က ဖုန်းဖြင့် ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရပါ။

ယခုနှစ်အစောပိုင်းကလည်း အမ်းမြို့နယ်ရှိ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ချင်းရွာတွေက ချင်းလူငယ်တွေကို စစ်ကောင်စီက စစ်မှုထမ်းဖို့ ဖိအားပေးခံရပါတယ်။

အမ်းမြို့နယ်ဟာ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာမြို့ဖြစ်ပြီး အမ်းမြို့အရှေ့ဘက်ကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး အမ်းအနောက်ဘက်ကို အေအေက ထိန်းချုပ်ထားပါတယ်။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

သုံးနှစ်ကျော်အတွင်း နေအိမ်အပါအ၀င် ပိုင်ဆိုင်မှု တစ်ထောင်ကျော် ချိပ်ပိတ်သိမ်းဆည်းခံရ

၂၈၊ စက်တင်ဘာ၊ ၂၀၂၄ Zalen အာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်အတွင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေနဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေ အပါအ၀င် ပိုင်ဆိုင်မှု ၁၀၁၄ ခုကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့တယ်လို့ NLD ...

ဆက်ဖတ်ရန်