အမ်းမှာ အေအေ ဖမ်းဆီးသွားတဲ့ ချင်းလူငယ် ၂၇ ဦး တစ်လကြာထိ ပြန်မလွတ်ပေးသေး

အောက်တိုဘာလ ၁၈ရက်၊၂၀၂၄။

Zalen

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ အာရက္ခတပ်တော် (အေအေ)က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ချင်းလူငယ် ၂၇ဦး တစ်လကြာထိ ပြန်မလွတ်ပေးသေးဘဲ အဆက်သွယ်ပြတ်နေတယ်လို့ ၎င်းတို့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

အဲ့ဒီ ဖမ်းဆီးခံရတဲ့ ချင်းလူငယ်တွေဟာ မြေပုံမြို့နယ် ကျေးရွာ ၅ရွာခန့်က ချင်းလူငယ်တွေဖြစ်ပြီး ၎င်းတို့ဟာ ပြီးခဲ့ စက်တင်ဘာလက အေအေရဲ့ အသီးသီးဖမ်းခံရတာဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေဟာ ထိုင်းနဲ့ မလေးရှားမှာ အလုပ်လုပ်ဖို့ ရေကြောင်းကနေ ထွက်ခွာလာစဥ် အမ်းမြို့နယ်အရောက် ရေဆိပ်ကမ်း တစ်နေရာမှာ အေအေက ဖမ်းဆီးခေါ်ဆောင်သွားတာလို့ သိရပါတယ်။

“ကုန်းလမ်းတွေ အကုန်ပိတ်ထားတော့ အမ်းကို စက်လှေနဲ့သွားကြတာ။ ပြီးမှ အမ်းကနေ တောလမ်းနဲ့ ခရီးဆက်မှာဖြစ်တယ်။ အမ်းအရောက် ဆိပ်ကမ်းတခုမှာ အေအေတွေက ဖမ်းဆီးသွားတာ။”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေ ပြန်လွတ်ပေးဖို့ မိသားစုဝင်တွေက အေအေတာဝန်ရှိသူတွေဆီ တောင်းဆိုပေမဲ့ ပြန်လွတ်ပေးတာမရှိဘဲ အဆက်သွယ်လည်း တစ်စုံတစ်ရာမရရှိခဲ့ဘူးလို့ သိရပါတယ်။

“ကျတော်တို့က ပြန်လွတ်ပေးဖို့ ညှိတယ်။ ငွေနဲ့ဖြစ်ဖြစ်ပေါ့။ ပြန်မလွတ်ပေးဘူး။ စစ်သင်တန်းတက်ခိုင်းမယ်ဘဲ ပြောတယ်။”လို့ ဖမ်းဆီးခံထားရတဲ့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အေအေက ဖမ်းဆီးတယ်ဆိုတဲ့ သတင်းတစ်ခုသာ ကြားသိရပြီး ၎င်းတို့ကို မည်သည့်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာ မိသားစုဝင်တွေအနေနဲ့ မသိရှိရသေးဘူးလို့ သိရပါတယ်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ချင်းလူမျိုးတွေဟာ ၎င်းတို့ မိသားစုစားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်ဖို့ ပြင်ပထွက်ခွာတာဖြစ်ပါတယ်။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ စစ်မှုထမ်းဖို့အတွက် လူငယ်တွေဖမ်းဆီးခံနေရ

၁၈၊ အောက်တိုဘာ၊ ၂၀၂၄ Zalen စစ်ကိုင်တိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်က လမ်းသွားလမ်းလာ လူငယ်တွေကို ဖမ်းဆီးပြီး စစ်မှုထမ်းဖို့အတွက် တပ်လေ့ကျင့်‌ရေး‌ကျောင်း ပို့ဆောင်ခံ နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာ ၁၈ ရက်နေ့ ဒီနေ့ညနေပိုင်းမှာလည်း ...

ဆက်ဖတ်ရန်