အာဏာသိမ်းပြီး ၅ နှစ်တာကာလအတွင်း ချင်းပြည်နယ်မှာ လူ ၁၀၀၀ ကျော်သေဆုံးလို့ ICA ထုတ်ပြန်

ဖေဖော်ဝါရီလ ၂၊ ၂၀၂၆

Zalen

အကြမ်းဖက်စစ်တပ်က မတရားအာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ၅ နှစ်တာကာလအတွင်း အကြမ်းဖက်စစ်တပ်ကြောင့် ချင်းပြည်သူ ၁၁၈၃ ဦး သေဆုံးခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ် ( ICA ) က သတင်းထုတ်ပြန်ပါတယ်။

သေဆုံးသူများထဲမှာ အရပ်သားများ၊ ဆန္ဒပြသူများ၊ ခုခံတိုက်ခိုက်သူများ၊ ဘာသာရေးခေါင်းဆောင်များနဲ့ ဖမ်းဆီး ခံရပြီးနောက် ကွက်မျက်ခံရသူများလည်းပါဝင်တယ်လို့ဆိုပါတယ်။

Zalen ad

သေဆုံးသူများအနက် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြားကအများဆုံးဖြစ်ပြီး ၄၉၇ ဦး၊ ဒုတိယအများဆုံးမှာ အသက် ၃၆ နှစ်ကနေအထက်ဖြစ်ပြီး ၁၅၄ ဦး၊ အသက် ၁၁ နှစ်ကနေ ၁၇ နှစ်အကြား ၄၈ ဦး၊ အသက် ၁၀ နှစ်အောက် ကလေး ၃၃ ဦး နဲ့ အသက်အရွယ်အတည်ပြုလို့မရသူ ၄၅၁ ဦးရှိကြောင်းဖော်ပြထားပါတယ်။

သေဆုံးသူများအနက် ၅၇၄ ဦးဟာ လက်နက်ကိုင်ပဋိပက္ခများအတွင်းသေဆုံးခဲ့ကြတာဖြစ်ပြီးသူတို့အနက် ၁၆၉ ဦးက ပဋိပက္ခဇုန်များထဲမှပိတ်မိနေခြင်း နဲ့ စစ်အုပ်စုက ဖမ်းဆီးပြီးနောက်သတ်ဖြတ်ခြင်းခံကြတာဖြစ်ကာ ကျန်တဲ့ ၄၀၅ ဦးက ခုခံတိုက်ပွဲအတွင်းကျဆုံးခဲ့ကြတာလို့ဆိုပါတယ်။

စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုက ချင်းလူမှုအသိုင်းအဝိုင်းများကိုအပြင်းထန်ဆုံးထိခုက်နစ်နာစေပြီး ၅ နှစ် တာကာလမှာ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေပေါင်း ၄၀၀ ကျော်ကိုမှတ်တမ်းတင်နိုင်ခဲ့ပြီး ရလဒ်အနေဖြင့် အရပ်သား ၂၄၆ ဦးနဲ့ ခုခံတိုက်ခိုက်ရေးသမား ၁၅၄ ဦး သေဆုံးခဲ့ပြီး ၁၁၄၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အိမ်ခြေ ၂၁၉၉ လုံး၊ ခရစ်ယာန်ဘုရားကျောင်း ၇၆ လုံး ၊ အစိုးရအဆောက်အအုံများဖြစ်ကြတဲ့ စာသင်ကျောင်း၊ဆေရုံ၊ဆေးခန်း ၈၈ လုံး အပြင် အရပ်သားများရဲ့ အသက်မွေးဝမ်းကျောင်းမှုနဲ့လူမှုရေးအခြေခံ အဆောက်အအုံများပျက်စီးခဲ့တယ်လို့ဆိုပါတယ်။

အလားတူ ၅ နှစ်တာကာလအတွင်းမြေမြှုပ်မိုင်းကြောင့် အရပ်သား ၅၅ ဦးနဲ့ တော်လှန်ရေးသမား ၂၉ ဦး အားလုံးပေါင်း ၈၄ ဦးသေဆုံးခဲ့တဲ့အပြင် ဖမ်းဆီးခံရပြီးနောက် ညှဉ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု နဲ့ တရားမဲ့သတ်ဖြတ်မှုများကြောင့် အနည်းဆုံး ၃၃ ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။

လက်ရှိမှာ ချင်းပြည်သူ တစ်သိန်းကျော်ဟာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ပြည်သူ ခြောက်သောင်း ကျော်ဟာ စစ်ဘေးရှောင် ဘဝကိုရောက်ရှိသွားတာကြောင့် နိုင်ငံတကာအသိုက်အဝန်း၊ ကုလသမဂ္ဂ၊ အာဆီယံ နဲ့ လူအခွင့်အရေးအဖွဲ့အစည်း များအနေဖြင့် စစ်ကောင်စီကို ချက်ချင်းအရေးယူဆောင်ရွက်ရန်နဲ့ ပြည့်စုံသောစုံစမ်း စစ်ဆေးမှုများပြုလုပ်သွားရန် ICA က တောင်းဆိုထားပါတယ်။

သတင်း – Mickey

နောက်ဆုံးရသတင်းများ

အိန္ဒိယ-မြန်မာနယ်စပ် ရထားလမ်းတိုးချဲ့ရန် မီဇိုရမ်အမတ် ဘတ်ဂျက်တောင်းဆို

ဇန်နဝါရီ ၃၁၊ ၂၀၂၆ Zalen အိန္ဒိယ-မြန်မာနယ်စပ်အထိ ဆက်သွယ်မည့် ရထားလမ်းသစ်ဖောက်လုပ်ရေးအတွက် လာမည့် ၂၀၂၆-၂၇ ဘတ်ဂျက်နှစ်တွင် ရန်ပုံငွေခွဲဝေချထားပေးရန် မီဇိုရမ်ပြည်နယ် အထက်လွှတ်တော်အမတ် K Vanlalvena က ဗဟိုအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ယမန်နေ့ ဇန်နဝါရီလ ...

ဆက်ဖတ်ရန်