အိန္ဒိယရောက် ချင်းလူငယ်များရဲ့ ပညာရေးနဲ့အနာဂတ်

ခွန်ဘီလီ

တကယ်တော့ မိသားစုနဲ့ ပညာရေးဟာ တိုက်ရိုက်အချိုးကျပါတယ်။ ကလေး တယောက်ရဲ့ပညာရေးနဲ့ ပါတ်သက်ပြီး သက်ဆိုင်ရာမိဘတွေ၊ ညီအစ်ကို မောင်နှမတွေရဲ့ အကူအညီဟာ အများကြီးလိုအပ်ပါတယ်။ လက်ရှိချိန်မှာဆို ပိုပြီးလိုအပ်တာကတော့ အကြံဥာဏ်ပေးတာ၊ ပံ့ပိုးပေးတာဟာ အရမ်းအရေးကြီးပါတယ်။ အထူးသဖြင့် မြန်မာပြည်ရဲ့ အာဏာသိမ်းမှုဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ကျောင်းသူ၊ကျောင်းသားတော်တော်များများရဲ့ ပညာရေးကို များစွာထိခိုက်နေပါတယ်။ လူငယ်အများစုဟာ နွေဦးတော်လှန်ရေးအတွက် ဘ၀ကို နှစ်မြုပ်ကြသလို တချို့ကျတော့ ပြည်ပကိုထွက်ပြေးကြရတယ်။ ပိုဆိုးတာကတော့ စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေတွေကြောင့် လူငယ်တွေဟာ ကိုယ့်ရဲ့ မိသားစုတွေကို ကျောခိုင်းရပြီး ပြည်ပကို ထွက်ပြေးကြရပြန်တယ်။ ဒီချိန်မှာ တကယ်လိုအပ်တာကတော့ ရောက်တဲ့အရပ်မှာ ပညာသင်ကြားနိုင်ဖို့ပါ။ ဒီလိုအခြေအနေမှာ တချို့ချင်းလူငယ်လေးတွေကတော့ NUG နဲ့ ချိတ်ဆက်ထားတဲ့ ကြားကာလပညာရေးရဲ့ အတန်းပညာကို ဆက်ပြီးသင်ယူကြသလို တချို့ကြတော့ မိမိရောက်တဲ့ ဒေသက အတန်းပညာကိုဆက်ပြီး သင်ယူနေကြတာကို တွေ့ရတယ်။ တချို့ကျတော့ တက်ရမည့် ကျောင်းပင်မရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြပြန်တော့ အတန်းပညာလုံး၀မရသေးတဲ့ လူငယ်လေးတွေများစွာရှိနေသေးတယ်။ နဂိုကတည်းက ပညာရေးအခွင့်အရေးရဖို့ ရုန်းကန်ခဲ့ရတဲ့ ချင်းပြည်သူတွေအတွက် ပညာရေးရနိုင်ဖို့ များစွာလိုနေသေးတာကို တွေ့ရပြန်တယ်။

ဒီလိုအခြေအနေမှာ တချို့သော ဒုက္ခသည် စခန်းတွေမှာ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေလုပ်ပြီး ကလေးတွေရဲ့ ပညာရေးကို တဖက်တလမ်းမှ ကျိုးစားနေကြပြန်တာ အရမ်းကောင်းတဲ့ အလေ့အထလေးဖြစ်ရပြန်တယ်။ ၀ေးလံခေါင်ပါးတဲ့ မီဇိုရမ်ရဲ့ တချို့သော နယ်စပ်ရွာလေးတွေမှာ အများဆုံး တွေ့ရပြန်တယ်။

စာရေးသူရောက်ခဲ့တဲ့ မီဇိုရမ်နဲ့ ပလက်၀နယ်စပ်နား တွီဒါန် ( Tuidang) ရွာကလေးမှာဆို ပလက်၀ဒေသခံတွေကိုယ်တိုင် ပြုစုပျိုးထောင်ထားတဲ့ ကျောင်းလေး တစ်ကျောင်းကို လေးစားဂုဏ်ယူဖွယ်တွေ့ရတယ်။  အများစုကတော့ ပလက်၀မြို့နယ်ဖက်က စစ်ဘေးရှောင်လာတဲ့ ကလေးတွေဖြစ်တယ်။ တကယ်ပဲ ခက်ခဲတဲ့ အခြေအနေမှာ ဆရာ၊ ဆရာမတွေ ပေးဆပ်ပြီး ပလက်၀ဖက်က စစ်ရှောင်ကလေးတွေများစွာကို လက်ခံသင်ကြားပေးနေတာကို တွေ့ရတော့ ပညာရေးမှာ ပေးဆပ်သူ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းကော်မတီတွေ၊ မိဘတွေကို လေးစားရပြန်တယ်။  ဘယ်လောက်ပဲခက်ခဲနေပါစေ ချင်းလူငယ်လေးတွေအတွက် ကျရာတာ၀န်ထမ်းဆောင်ကြရင်း မီဇိုရမ်မှာ ပညာသင်ပေးကြတာ တကယ်ပံ့ပိုးပေးသင့်တဲ့ ကျောင်းလေးဖြစ်တယ်။ ကျောင်းသားလူငယ်ပေါင်း လေးရာကျော်ကို လက်ခံသင်ကြား ပေးနေတာဖြစ်တယ်။။ ၀ါးထိုင်ခုံ၊ စားပွဲလေးလုပ်ပြီး ပညာကို ခက်ခက်ခဲခဲ ဆည်ပူးကြတဲ့ ချင်းလူငယ်လေးတွေကို တွေ့ရပြန်တော့ တကယ်ပဲ ၀မ်းသာဂုဏ်ယူမိတယ်။ တနေ့ကျရင် အောင်မြင်လာမည့် အနာဂတ်ချင်း လူငယ်လေးတွေအဖြစ် တွေ့ရပြန်အုံးမယ်။ အဲဒီအချိန်ကျရင် ဘ၀နဲ့ရင်းတဲ့ သင်ခန်းစာအဖြစ်ပြောင်းလဲကြပြီး အနာဂတ် ချင်းပြည်တည်ဆောက်ရေးအတွက် ပါ၀င်ပေးမည့် ကြယ်ပွင့်လေးတွေဖြစ်လာမှာ အမှန်ပါပဲ။ ဒါကြောင့် ချင်းလူငယ်လေးတွေရဲ့ အိပ်မက်ကို အကောင်အထည်ဖေါ်ပေးနိုင်ဖို့တာ၀န်က မိဘ၊ ညီအစ်ကို မောင်နှမတွေရဲ့ တာ၀န်ဖြစ်လာတယ်။

ဒီနေရာမှာ အထူးပြောပြချင်တာကတော့ ချင်းပြည်ရဲ့ အနာဂတ်ကို ပညာရေး အားဖြင့်တည်ဆောက်နိုင်ဖို့ အရမ်းအရေးကြီးပါတယ်။ ဘယ်ချင်းမျိုးနွယ်စုဖြစ်ပါစေ ပညာရေးမှာ ၀ိုင်း၀န်ပံ့ပိုးပေးဖို့ တကယ်လိုအပ်လာပါပြီ။ အနာဂတ်ချင်းပြည်တည်ဆောက်ရေးမှာ ဒီလိုလူငယ်လေးတွေရဲ့ အနာဂတ်ကို ၀ိုင်း၀န်းပံ့ပိုးဖို့ အချိန်တန်ပြီဖြစ်ပါတယ်။ အထူးသဖြင့် အလုပ်အကိုင်အခွင့်အလမ်းနည်းတဲ့ မီဇိုရမ်မှာ မိဘတွေအနေနဲ့ ၀င်ငွေရှာရတာခက်ခဲသလို ကျောင်းသားလူငယ်တွေကို ပံ့ပိုးရတာ အလွန်ခက်ခဲပါတယ်။ အတတ်နိုင်ဆုံးလည်း ၀င်ငွေထဲက အနည်း၊အများပါ၀င်ပြီး ကိုယ်ရဲ့ ကလေးတွေအတွက် ပံ့ပိုးနေကြပြန်တယ်။ ဒီအခြေအနေက ဘာတွေပြနေလည်းဆိုရင် ပြည်တွင်း၊ ပြည်ပရောက်နေတဲ့ ချင်းညီအစ်ကိုတွေအနေနဲ့ ချင်းလူငယ်လေးတွေရဲ့ ပညာရေးအတွက် ၀ိုင်း၀န်းထောက်ပံ့ကြဖို့ပါ။ ပညာရေးအတွက် ရင်းနှီးမြုပ်နှံခြင်းအားဖြင့် ချင်းပြည်တည်ထောင်ရေးမှာ ၀ိုင်း၀န်းပါ၀င်ကြဖို့ တိုက်တွန်းချင်ပါတယ်။

တချို့အထက်တန်းပြီးပြီးသား ချင်းလူငယ်လေးတွေလည်း အိန္ဒိယနိုင်ငံမှာ အများကြီးစစ်ရှောင်ကြတာကို တွေ့ရပြန်တယ်။ အများစုကတော့ မိဘတွေ၊ ညီအစ်ကိုတွေရဲ့ အကူအညီနဲ့ ကျမ်းစာကျောင်းတက်ကြတာများတယ်။ အရေးမကြီးဘူးလို့ မဆိုလိုပေမဲ့ ဒီကနေကျောင်းပြီးလာရင် ဘယ်ကို ဆက်သွားမလဲဆိုတဲ့ အဖြေတော့ ကြိုတင် စဥ်းစားထားဖို့လိုပါတယ်။ မိမိအနေနဲ့ မြင်တာကတော့ အနာဂတ်ချင်းပြည်ထူထောင်ရေးမှာလည်း လက်တွေ့အသုံးချနိုင်တဲ့ ဘာသာရပ်တွေ၊ မိမိရဲ့ အသက်မွေး၀မ်းကြောင်းလည်းတဲ့ ဘာသာရပ်တွေကို သေချာရွေးတက်စေချင်တယ်။။ တချို့ကျောင်းတွေရဲ့ ကုန်ကျစရိတ်ဟာ ကျမ်းစာကျောင်းတက်တဲ့ စရိတ်ထက် နည်းနည်းပဲပိုတာကို တွေ့ရတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ကလေးတွေကို အသက်မွေး၀မ်းကျောင်း ဘာသာရပ်တွေကို တက်ဖို့ တိုက်တွန်းသင့်ပါတယ်။ ကျမ်းစာကျောင်းကြီးပဲတက်နေရင် အနာဂတ်ချင်းပြည်တည်ဆောက်ရေးမှာ အားနည်းနိုင်သလို လူတယောက်ရဲ့ အသက်မွေး၀မ်းကျောင်းသေချာ မရတော့ပဲ လမ်းပျောက်တဲ့ အခြေအနေမကြုံမိဖို့လိုပါတယ်။ ဒါကြောင့် တချို့ ဘာသာရပ်တွေကို ဖေါ်ပြပေးချင်ပါတယ်။ ဒီလိုဘာသာရပ်တွေဟာ မြန်မာပြည်က အထက်တန်းအောင်လက်မှတ်၊ အမှတ်စာရင်းတွေနဲ့ အိန္ဒိယ နိုင်ငံကျောင်းတွေမှာ လက်ခံသင်ကြားပေးနေတာကိုတွေ့ရပါတယ်။ အထူးသဖြင့် မီဇိုရမ်တက္ကသိုလ်၊ ရှိလောင်မြို့မှာရှိတဲ့ တက္ကသိုလ်တွေမှာ လက်ခံပေးနိုင်ပါတယ်။

၁။ နည်းပညာ ကွန်ပြူတာဘာသာရပ် ( Information Technology)

လက်ရှိရာစုရဲ့ လျင်မြန်စွာ ပြောင်းလဲတိုးတက်နေသော အခင်းအကျင်းမှာ လက်တွေ့ကျပြီး အသုံးချပညာရပ်များဆီသို့ ပြောင်းလဲသွားရချိန်တန်ပါပြီ။  ကျမ်းစာကျောင်း၊ ဓမ္မပညာနှင့် ဘာသာရေးလေ့လာမှုတွေက ဘာသာရေး၊ ယဉ်ကျေးမှုနှင့် ကိုယ်ကျင့်တရားဆိုင်ရာ များကို ပြုပြင် ပေးနိုင်သော်လည်း လက်တွေ့ကျတဲ့ သတင်းအချက်အလက်နည်းပညာ (IT)၊ စီးပွားရေး၊ English as a Second Language (ESL) နှင့် သူနာပြုကဲ့သို့သော နယ်ပယ်တွေကို ပိုပြီး ရွေးချယ်ပြီး တက်လာကြတယ်။ ဤအရာများသည် ယနေ့ခေတ်လူငယ်များအတွက် အရေးပါသော ဘာသာရပ်ဖြစ်သည်။

သတင်းအချက်အလက်နည်းပညာဟာ ခေတ်ပြိုင်လူ့အဖွဲ့အစည်းရဲ့ ကျောရိုးဖြစ်ပြီး၊ လုပ်ငန်းတိုင်းနီးပါးတွင် မရှိမဖြစ်လိုအပ်သည်။ အိုင်တီ လေ့လာခြင်းသည် ကဏ္ဍအသီးသီးတွင် မရှိမဖြစ်လိုအပ်သော ကျွမ်းကျင်မှုများဖြင့် ကျောင်းသားများကို ထောက်ပံ့ပေးသည်။ နည်းပညာများ ဆက်လက် တိုးတက်လာသည်နှင့်အမျှ၊ အိုင်တီကျွမ်းကျင်မှုသည် လူတစ်ဦးချင်းစီသည် နည်းပညာဖြင့်မောင်းနှင်သောကမ္ဘာအတွင်း လိုက်လျောညီထွေဖြစ်အောင် ဆန်းသစ် တီထွင်နိုင်ကာ အကျိုးအမြတ်များပြီးလူငယ်တယောက်ကို ပြည့်စုံသော အလုပ်အကိုင်များကို အာမခံပေးနိုင်ကြောင်း အာမခံပါတယ်။ မည်သည့်နိုင်ငံတွင် မဆို အလုပ်ရနိုင်တဲ့ အသက်မွေး၀မ်းကျောင်းဖြစ်ပါတယ်။

၂။ စီးပွားရေး ( Economy and Marketing)

လက်ရှိ ဖွံ့ဖြိုးရေးတွင် ဒေသဆိုင်ရာ ဖွံ့ဖြိုရေးအတွက် ကောင်းမွန်တဲ့ စီးပွားရေး ဆုံးဖြတ်ချက်များချရန်အတွက် စီးပွားရေးရဲ့ အခြေခံမူတွေကို နားလည်ရန် အရေးကြီးပါတယ်။ စီးပွားရေးကိုလေ့လာခြင်းက ကျောင်းသား၊သူများအား စျေးကွက်လှုပ်ရှားမှုများ၊ ဘဏ္ဍာရေးစနစ်များနှင့် မူဝါဒဆုံးဖြတ်ချက်ရမည့် ပုံစံများကို အကျိုးထိရောက်စွာ သိမြင်စေတယ်။ ဤအသိပညာသည် စီးပွားရေးတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကကျသော ကမ္ဘာတစ်ခုတွင် အရေးကြီးပါသည်။ စီးပွားရေးသဘောတရားများကို ဆုပ်ကိုင်ထားခြင်းဖြင့် မျိုးဆက်သစ်များသည် လူမှုချမ်းသာကြွယ်ဝမှုကို အထောက်အကူပြုနိုင်ပြီး ကမ္ဘာ့ဘဏ္ဍာရေးစနစ်များကို လမ်းညွှန်နိုင်ပြီး အနာဂတ်ချင်းပြည်ထူထောင်ရေးအတွက် အလွန်အရေးကြီးပါတယ်။

၃။ အင်္ဂလိပ်ကို ဒုတိယဘာသာစကားအဖြစ်လေ့လာခြင်း ( English as Secondary Language Language)

အင်္ဂလိပ်စာသည် နိုင်ငံတကာစီးပွားရေး၊ သံခင်းတမန်ခင်းနှင့် ယဉ်ကျေးမှု ဖလှယ်ခြင်းများအတွက် မရှိမဖြစ်လိုအပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ဘာသာစကားဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာစကားကို ကိုယ့်ရဲ့ ဒုတိယဘာသာစကားအဖြစ် ကျွမ်းကျင်စွာ တတ်မြောက်ခြင်းက ကိုယ့်ရဲ့ အသက်မွေး၀မ်းကျောင်းအဖြစ်ဆက်ပြီး အသုံးပြုနိုင်သလို ကမ္ဘာတစ်ဝှမ်းရှိ ပညာရေးနှင့် အလုပ်အကိုင်အတွက် အခွင့်အလမ်းများစွာကို ဖွင့်လှစ်ပေးပါတယ်။

၄။ သူနာပြု ( Nursing)

ချင်းပြည်အတွက် မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ လူထုကျန်းမာရေးစောင့်ရှောက်မှုစနစ်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ကိုယ့်ရဲ့ အသက်မွေး၀မ်းကျောင်းလည်းလုပ်လို့ရတယ်။ မကြာသေးမီက ကိုဗစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အကျပ်အတည်းက ကျွမ်းကျင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သူ များစွာ လိုအပ်ချက်ကို မီးမောင်းထိုးပြခဲ့တာဖြစ်တယ်။ သူနာပြုတွေက တည်ငြိမ်ပြီး မိမိရဲ့အကျိုးရှိသော အသက်မွေးဝမ်းကြောင်းလမ်းကြောင်းဖြစ်သလို နှင့် လူတို့၏ဘဝကို  ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ ကျန်းမာလုံခြုံမှုနှင့် လူမှုရေးဆိုင်ရာမှာ အထူးပံ့ပိုးပေးတာဖြစ်တယ်။

ဒါကြောင့် ဓမ္မပညာနှင့် ဘာသာရေးလေ့လာမှုများထက် မိဘများအနေနဲ့ ယနေ့ခေတ်နဲ့ ကိုက်ညီတဲ့ အသက်မွေးဝမ်းကြောင်းကိုသာ သား၊သမီးတွေအတွက် လမ်းညွန်ပေးသင့်ပါတယ်။ ဓမ္မပညာနှင့် ဘာသာရေးလေ့လာမှုများ အားမပေးနဲ့လို့ တားမြစ်တာမဟုတ်ပဲ ကိုယ့်ရဲ့ သား၊သမီးတွေအတွက် အနာဂတ်မှာ လက်တွေ့ကျမည့် ဘာသာရပ်တွေကိုသာ အတတ်နိုင်ဆုံး ကူညီပေးသင့်ပါတယ်။

အထက်ကဖေါ်ပြပေးထားတဲ့ ဘာသာရပ်တွေအပြင်အခြားဘာသာရပ်တွေ ရှိနိုင်ပါသေးတယ် ဒါပေမဲ့ အသက်မွေး၀မ်းကြောင်းပညာကို ဦးစားပေးလေ့လာခြင်းဖြင့် မျိုးဆက်သစ်များသည် အနာဂတ်စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများအတွက် ကောင်းမွန်စွာပြင်ဆင်ထားဖို့လည်း အကြံပြုချင်ပါတယ်။ အထူးသဖြင့် သတင်းအချက်အလက်နည်းပညာ၊ စီးပွားရေး၊ အင်္ဂလိပ်စာကို ဒုတိယဘာသာစကားလေ့လာတဲ့ ဘာသာရပ်တွေ၊ သူနာပြုဘာသာရပ်တွေက ကျမ်းစာကျောင်းရဲ့ ကုန်ကျငွေနဲ့ အနည်းငယ်သာ ကွာတဲ့ အတွက် တက်ရောက်ကြစေချင်မိတယ်။

ခွန်ဘီလီ

ခရီးသွားဧည့်သည်၊ မီဇိုရမ်

နောက်ဆုံးရသတင်းများ

တမူးကနေသွားတဲ့ လူနာတင်ကားများကို ကလေးမြို့အဝင် စစ်ကောင်စီဂိတ်ကနေ ဖြတ်သန်းခွင့်ပိတ်

၁၉ အောက်တိုဘာ၊ ၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊ တမူးမြို့ကနေ ကလေးမြို့ကို ဆေးဝါးကုသဖို့ သွားတဲ့ အရေးပေါ်လူနာများကို စက်တင်ဘာလကစပြီး ခုချိန်ထိအဝင်မခံလို့ ပြန်လှည့်ခဲ့ရတယ်လို့ လူနာရှင်များက ပြောပါတယ်။ “ကျွန်တော်တို့က ကားနဲ့ကောဆိုင်ကယ်နဲ့လည်း သွားကြတာ။ ကလေးအဝင် ဆည်ကြီးရွာ ...

ဆက်ဖတ်ရန်