ဇန်နဝါရီ ၁၉၊ ၂၀၂၆။
Zalen
အိန္ဒိယအစိုးရက ဆောက်လုပ်နေဆဲဖြစ်တဲ့ အိန္ဒိယ-မြန်မာနယ်စပ်ကြားက ခြံစည်းရိုးကို အမည်မသိ အဖွဲ့တဖွဲ့က ဖျက်ဆီးသွားတယ်လို့ ဒေသသတင်းများက ပြောပြထားပါတယ်။
အဲဒီ နှစ်နိုင်ငံနယ်စပ်ကြားက ခြံစည်းရိုးကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ရက်နေ့နဲ့ ၁၅ရက်နေ့တွေမှာ အခုလိုဖျက်ဆီးခံရတာဖြစ်ပါတယ်။
အဆိုပါ နယ်စပ်ခြံစည်းရိုးဖျက်ဆီးခံရတဲ့နေရာဟာ အိန္ဒိယ၊ မဏိပူရ်ပြည်နယ်၊ ချန်ဒေခရိုင်၊ New Samtal အနီး နယ်စပ်မှတ်တိုင်အမှတ်(၆၂) နဲ့ ၆၂/၂ကြားက ခြံစည်းရိုးဟာအခုလိုဖျက်ဆီး ခံခဲ့ရတာဖြစ်ပါတယ်။
အခုလိုဖျက်ဆီးခံရတဲ့နယ်စပ်ခြံစည်းရိုးဟာ မီတာ ၁၅၀ ရှည်လျားပြီး ခြံစည်းရိုးတိုင် ၄၇ တိုင်ခန့် ဖြတ်တောက်ဖြိုဖျက်ခံရကာ ခြံစည်းရိုးတိုင် တခုလည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
အဆိုပါဖျက်ဆီးခံရတဲ့ နယ်စပ်ခြံစည်းရိုးကို ဇန်နဝါရီလ ၁၅ ရက်နေ့ကဒေသခံများက သွားရောက်တွေ့ရှိခဲ့တာကြောင့် အိန္ဒိယ လုံခြုံရေးတပ်များထံ အသိပေးခဲ့ပြီး နယ်စပ်တလျှောက်မှာ လုံခြုံရေးတင်းကျပ်စွာ ချထားခဲ့တယ်လို့သိရပါတယ်။
ဒါ့ကြောင့် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များက ကျူးလွန်သူများကို ရှာဖွေဖော်ထုတ်သွားပြီး အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အခုလို အိန္ဒိယ-မြန်မာနယ်စပ်ကြားက အိန္ဒိယအစိုးရက တည်ဆောက်နေတဲ့ နယ်စပ်ခြံစည်းဖျက်ဆီးခံရမှုဟာ အခုတကြိမ်တည်းမဟုတ်ဘဲ ၂၀၂၅ ဒီဇင်ဘာလ ၄ရက်နေ့ကလည်း နယ်စပ်မှတ်တိုင်အမှတ် ၆၈ မှာတည်ဆောက်ထားတဲ့ နယ်စပ်ခြံစည်းများကိုလည်း ဖျက်ဆီးခံခဲ့ရတာဖြစ်ပါတယ်။
အဲဒီလိုဖျက်ဆီးခံရတဲ့ အိန္ဒိယ-မြန်မာနယ်စပ်က ခြံစည်းရိုးကို ဘယ်အဖွဲ့ကဖျက်ဆီးခဲ့တယ်ဆိုတာ မသိရှိရသေးပေမယ့် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များက မြန်မာမှာဘက်ကနေ ဝင်ရောက်ဖျက်ဆီးခဲ့တာဖြစ်နိုင်တယ်လို့ သံသယဝင်နေကြတယ်လို့ အိန္ဒိယဒေသသတင်းတွင် ဖော်ပြထားပါတယ်။
တဘက်မှာ အိန္ဒိယ၊ မဏိပူရ်ပြည်နယ်နဲ့ မြန်မာနယ်စပ်ကြားတလျှောက်မှာ အိန္ဒိယအစိုးရက တည်ဆောက်နေတဲ့ နယ်စပ်ခြံစည်းရိုးကာရံမှုကို ပြည်နယ်အတွင်းက ဌာနေတိုင်းရင်းသားများက ကန့်ကွက်နေကြတာဖြစ်ပါတယ်။
သတင်း – PR
ပုံစာ – ဖျက်ဆီးခံရတဲ့ နယ်စပ်ခြံစည်းရိုးအားတွေ့ရစဉ်။
ဓာတ်ပုံ – အိန္ဒိယ၊ ဒေသသတင်းများ
#အိန္ဒိယ#မြန်မာ#နယ်စပ်#ခြံစည်းရိုး#Zalen















