၂၅၊ဇူလိုင်၊၂၀၂၄
Zalen
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်နဲ့ ချင်းပြည်နယ် နယ်စပ်လမ်းဖြစ်တဲ့ အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်း ရှိရာ ဇိုခေါသာရ် – ရိဒ်လမ်းကို ဒီကနေ့ ဇူလိုင်လ ၂၅ ရက်ကစပြီး ယာယီပိတ်သွားမယ်လို့သိရပါတယ်။
အကောက်ခွန်ဌာန က ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (Central Bureau Investigation – CBI) အဖွဲ့တွေ ဇိုခေါသာရ်ကို ရောက်လာမှာ ဖြစ်တာကြောင့် ဒီနေ့ ဇူလိုင် ၂၅ ရက်က စပြီး နယ်စပ်လမ်းကိုယာယီပိတ်ထား တာဖြစ်ကြောင်း၊ လမ်းကို ဘယ်အချိန်ထိ ပိတ်သွားမှာကိုမသိရှိသေးကြောင်း ဇိုခေါသာရ် အုပ်ချုပ်ရေးမှူးက ပြောတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။
ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (Central Bureau Investigation – CBI) အဖွဲ့တွေ ဇိုခေါသာရ်ကိုရောက်လာ ရခြင်းမှာ မြန်မာဘက်ကနေ ကွမ်းသီးအမြောက်အမြား တရားမဝင်ဝင်ရောက်နေတာ နဲ့ အခွန်ကိစ္စတို့ကြောင့် ရောက်လာကြခြင်းဖြစ်တယ်လို့သိရပါတယ်။
“ဒီမနက်ကနေ စပြီးလမ်းပိတ်တာပါ။ဒီကလည်း ထွက်လို့မရသလို မြန်မာဘက်ကနေလည်း ဝင်လာလို့မရဘူး။ အဓိကတော့ ဒီနယ်စပ်လမ်းအသုံးပြုသူတွေက အခွန်သိပ်မပေးခြင်ကြဘူးလို့တော့ သတင်းကြားတယ်။ ပြီးတော့ မြန်မာဘက်က ကွမ်းသီးအဝင်များတဲ့ကိစ္စတွေစစ်ဆေးဖို့လည်းပါတယ်လို့ကြားတယ်။”လို့ ဇိုခေါသာရ်မှာ စစ်ဘေးရှောင်နေတဲ့ ချင်းအမျိုးသားတစ်ဦးက ပြောပါတယ်။
အဆိုပါနယ်စပ်လမ်းဟာ လက်ရှိမှာ ချင်းပြည်သူတွေအပါအဝင် နယ်စပ်နားက မီဇိုးလူမျိုးတွေကလည်း အားထားနေရတာဖြစ်ပါတယ်။
“အများကြီးပြောဖို့မလိုပါဘူး။ ဒီနယ်စပ်လမ်းက ကျွန်တော်တို့အတွက် အရမ်းကိုအရေးပါတဲ့လမ်းဖြစ်တယ်။ ဒီလမ်းက ချင်းပြည်နယ်သာမက ကလေးမြို့အထိဆက်သွယ်ပေးတယ်လေ။ သူတို့အတွက်လည်းအရေးပါ တယ်။ အခုဖလမ်း နဲ့ တီးတိန်နယ်ဘက်က ကုန်စိမ်းတွေ ဒီဘက်ကိုအဓိကတင်သွင်းတာ။ နယ်စပ်မပြောနဲ့ အိုင်ဇောလ်မြို့မှာရောင်းတဲ့ ကုန်စိမ်းတွေအများစုက ဒီကနေဝင်တာပဲ။ ကုန်စိမ်းအပြင် မီဇိုရမ်မှာ မြန်မာဘက် ကဝင်တဲ့ပစ္စည်းတွေအများကြီးပဲ။ဆိုတော့ နှစ်ဦးနှစ်ဖက်အတွက်အကျိုးပြုတဲ့လမ်းဖြစ် တာကြောင့် သူတို့ စုံစမ်းစစ်ဆေးတာတွေလုပ်ပြီးရင် ပြန်ဖွင့်မယ်လို့မျှော်လင့်ရပါတယ်။”လို့ အဆိုပါအမျိုးသား က ဆက်ပြော ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်းမှာ အိန္ဒိယနိုင်ငံ၊ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲကို အကြောင်းပြပြီး အာသံ ရိုင်ဖယ်တပ်ဖွဲ့တွေက အဆိုပါနယ်စပ်ကုန်သွယ်ရေးလမ်းကို ၃ ရက်ကြာပိတ်ပင်ခဲ့ဖူးပြီး နယ်စပ်နှစ်ဖက် ခြမ်းက ပြည်သူတွေအခက်ကြုံခဲ့ကြပါတယ်။
သတင်း – Grace