အိုဘယ့် ချင်းပြည် အပိုင်း (၁)

Khaisa ရေးသည်။

အခန်း (၁) 

ချင်းအမျိုးသားများမှ ရွှေတြိဂံကို လက်လွှတ်ခြင်း

ULA/AA သည် ရခိုင်ပြည် လွတ်မြောက်ရေးအတွက် ရခိုင်ပြည် မြောက်ပိုင်းကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် အထူးအာရုံစိုက်ထားသည်။ ရခိုင်ပြည် မြောက်ပိုင်းကို ပထမဆုံး ထိန်းချုပ်နိုင်ရန် ချင်းပြည်ရှိ ပလက်ဝဒေသကို အရင်ဆုံး ခြေကုပ်ယူ ထိန်းချုပ်ဖို့ လိုအပ်သည်။ ရခိုင်​ပြည် တောင်ပိုင်းမှ ULA/AA ၏ ထိုးစစ်ကို စတင်ရန် မဖြစ်နိုင်ချေ။ ULA/AA ၏ အင်အားလွှမ်းမိုးမှုသည် ရခိုင်ပြည် မြောက်ပိုင်းတွင် သာလွန်အားကောင်းသောကြောင့် ဖြစ်သည်။ နောက်တချက်မှာ အိန္ဒိယနှင့် ထိစပ်သောကြောင့်လည်း ဖြစ်သည်။ ပလက်ဝသည် ရခိုင်ပြည် မြောက်ပိုင်းကို ထိန်းချုပ်ရန် အလွန်အရေးကြီးလှသော မဟာဗျူဟာမြောက်ဒေသ ဖြစ်သည်။ ပလက်ဝကို ထိန်းချုပ်နိုင်ပါက စစ်ရေးအရသာမက စီးပွားရေးကို ချုပ်ကိုင်ပြီးသား ဖြစ်သည်။ ကုလားတန် ပရောဂျက်၊ အိန္ဒိယ-မြန်မာ ကုန်းကြောင်း၊ ရေ ကြောင်း ကုန်စည်စီးဆင်းမှု၊ အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေ့ရှ် တြိဂံဒေသအားလုံးကို ချုပ်ကိုင်ပြီးသား ဖြစ်သွားပါသည်။ AA ၏ အင်အားကို အခိုင်အမာတည်ဆောက်ရေးအတွက် ဤ ဒေသမှာ ULA/ AA ၏ အသက်သွေးကြောတမျှ အရေးပါလှပါသည်ကို ULA/AA အနေဖြင့် ကောင်းမွန်တိကျစွာ တွက်ချက် အဖြေထုတ် နိုင်ခဲ့ပေသည်။ 

ဤ ဒေသအားလုံးကို CNF/CNA မှလည်း ထိန်းချုပ်ချင်ခဲ့သော်လည်း မည်သို့မျှ မတတ်နိုင်ခဲ့ပေ။အကြောင်းမှာ CNF/CNA ၏ စစ်ရေးလူအင်အား၊ ငွေကြေးဓနအင်အားနည်းပါးလွန်းရုံမက မဟာမိတ်အင်အားနှင့် ချင်းအမျိုးသားအင်အားစည်းရုံးရေးစုစည်းတည်ဆောက်နိုင်မှုတွင် ထင်သလောက် လုံးဝ ခရီးမတွင်နိုင်ခြင်း၊ ချင်းမျိုးနွယ်စုများပြားခြင်းကြောင့် စိတ်ဓာတ်သဘောထား အယူအဆ ဝိဝါဒကွဲပြားခြင်းများနှင့် CNF၏ စည်းရုံးရေးအတတ် ပညာအလွန် လိုအပ်ချက်ကြီးမားသောကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် အနောက်ပိုင်းဒေသ၏ အလွန်တရာအရေးပါ အချက်အခြာကျလှသော နယ်မြေကို CNF/CNA အနေဖြင့် သာမက ချင်းလူမျိုးများက ခေတ္တယာယီ ဆုံးရှုံးခဲ့ရသည်။ ဤ ဆုံးရှုံးမှု၏ တရားခံမှာ ချင်းလူမျိုးများ စည်းလုံးရေးညံ့ဖျင်းမှုနှင့် ရေရှည်အမျိုးသားနိုင်ငံရေး၊ ပထဝီနိုင်ငံရေး၊ ဒေသတွင်းနှင့် ပြည်တွင်းနိုင်ငံရေး နောမကျေကြ​ခြင်း အပြစ် ပင်တည်း။ 

ချင်းနှင့် ရခိုင် ကွဲပြားမှုတွင် မျိုးနွယ်စု အနည်းအများပေါ် မူတည်ပြီး စုစည်းမှု အားကောင်းတိုးတက်မှု ကွာခြားသွားသည်ကို လေ့လာတွေ့ရှိနိုင်သည်။ နောက်တချက်မှာ ဘာသာစကား ဖြစ်ပြီး ရခိုင်လူမျိုးများသည် ဘုံသာသာစကား ရှိခဲ့ကြပြီး ချင်းလူမျိုးများတွင် ဘုံဘာသာစကား မရှိခြင်းက အမျိုးသားရေးဆိုင်ရာ စည်းရုံးရေးကို ထိခိုက်စေ သည်။ နောက် တချက် ရှိပါသေးသည်။ ဘာသာရေး ဖြစ်သည်။ ရခိုင် အများစုက ဗုဒ္ဓဘာသာတရားတွင် သွားစုစည်းနိုင်ကြပြီး ချင်းခရစ်ယာန်များက ခရစ် ယာန်ဘာသာတွင် စုစည်းကြသော်လည်း ဂိုဏ်းဂဏ ကွဲပြားကုန်ကြသည်မှာ ရခိုင်နှင့် ချင်း ခြားနားချက် နောက်တခု ​ပင် ဖြစ်သည်။ ဤ ခြားနားချက် ၃ ချက်က ရခိုင်ပြည်သူနဲ့ ချင်းပြည်သူတို့၏ စည်းလုံးရေးအင်အားကို ကွာခြားသွားစေပုံကို မီးမောင်းထိုးပြ သည်။ 

CNF/CNA အနေဖြင့် ဤဒေသကို ထိန်းချုပ်ရန် အခွင့်အရေးမရခဲ့ရုံသာမက CNF/CNA ၏ အင်အားကို ခိုင်မာအောင် တည်ဆောက်ရန် နည်းလမ်းမျိုးစုံအသုံးပြုကာ အနိုင်နိုင် ကြိုးစား တည်ဆောက် နေခဲ့ရသည်။ ULA/ AA စတင် တည်ထောင်စဥ်က ချင်းတော်လှန်ရေးနှင့် နိုင်ငံရေး ခေါင်းဆောင်များမှာ ULA/AA အနေဖြင့် ယခုကဲ့သို့ အင်အားကြီးထွားလာမည်ကို လုံးဝ မယုံကြည်ခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် ရခိုင်တော်လှန်ရေးအဖွဲ့အစည်းများမှာ ကြာရှည်မခံခဲ့ကြသော ရခိုင်စစ်အာဏာရှင် တော် လှန်ရေးသမိုင်းကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် ULA/ AA အနေဖြင့် ပလက်ဝတွင် အခြေချခြင်းကို CNF ဖက်မှ တိုင်းရင်းသား ညီအစ်ကိုချင်း စာနာမှုဖြင့် သဘောထားကြီးစွာ သဘောတူညီ​ပေးခဲ့သည်ဟု သိရသည်။ (အထောက်အထားမတွေ့ရသေးပါ။ တဆင့်ခံပြောစကားများ ကြားရခြင်းသာ ရှိပါသည်) သို့သော် CNF ၏ တွက်ကိန်းမှာ အကြီး အကျယ် မှားသွားခဲ့တော့၏။ ULA/ AA ၏ အင်အားနှင့် ရခိုင်ပြည်သူ၏ ထောက်ခံအားပေးမှုမှာ ကြောက်ခမန်းလိလိ ဖြစ်လာတော့သည်ကို မျက်ဝါးထင်ထင် မြင်တွေ့သော ချင်းနိုင်ငံရေးနှင့် တော်လှန်ရေးသမားများမှာ မည်သို့မျှ မတတ်နိုင်ကြ တော့ချေ။ 

ချင်းနိုင်ငံရေးနှင့် တော်လှန်ရေးသမားတချို့က ပလက်ဝရှိ ခူမီးလူမျိုးများနှင့် ရခိုင်များ၊ ရခိုင်နှင့် ချင်းကို ရန်တိုက်ပေးနေကြပါတော့သည်။ ချင်းအမျိုးသားရေးကိစ္စတွင် ပလက်ဝနှင့် ရခိုင်အရေးကို အသုံးချလာကြ၏။ ဤသည်မှာ ကောင်းမွန် သော လက္ခဏာတော့ မဟုတ်ပေ။ ရခိုင်နှင့် ချင်းသည် အိမ်နီးချင်းများ ဖြစ်ကြသည်။ ကမ္ဘာတည်တရွေ့ အိမ်နီးချင်း ဖြစ်ကြရမည် ဖြစ်ပြီး ရေရှည် ဆက်ဆံကြရမည့် လူမျိုးများ ပြည်သူများပင် ဖြစ်ကြသည်ကို သတိမူသင့်ပေသည်။ ချင်းပြည်အတွက် ရခိုင်ပြည်၏ အရေးပါပုံကို ကျွန်တော်ရေးသားသော ” ချင်းအမျိုးသားအကျိုးစီးပွား တည်ရှိရာ ရပ်ဝန်း ဗဟိုချက် ” ဆိုသည့် အတွေးအမြင် ဆောင်း ပါးတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ ULA/AA အနေဖြင့် ပလက်ဝဒေသတွင် အပြီးတိုင် အခြေချမည်၊ ပလက်ဝကို ရခိုင်ပြည်ထဲ သွက်သွင်းမည်ဟူသော စကား ယနေ့အချိန်အထိ မပြောသေးပေ။ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်နေချိန်ကာလတွင် စစ်ရေးအရ လိုအပ်ချက်များကို တစ်ဦးပေါ် တစ်ဦး အမှီပြုရမည့် ၊ ဖြည့်ဆည်းခွင့်ပြုပေးရမည့် အနေ အထား အခြေအနေများ ရှိပါသည်ဟု ယူဆမိပါသည်။ 

ချင်းအမျိုးသား နိုင်ငံရေးနှင့် တော်လှန်ရေးသမားများ၊ ခေါင်းဆောင်များ၊ အရပ်ဖက်အဖွဲ့အစည်းများ အနေဖြင့် မိမိတို့၏ ဦးဆောင်မှု အခန်းကဏ္ဍကို ပြည်သူက မေးခွန်းထုတ်လာကြမည်ကိုလည်း စိုးရိမ်နေကြ၏။ မေးခွန်းအတွက် အဖြေကို လက်တွေ့ ချပြရန် တာဝန် ပျက်ကွက်၍ မရပေ။ တာဝန်ယူမှု တာဝန်ခံမှု ရှိရမည်သာ ဖြစ်သည်။ ပြည်သူအများကလည်း အခြေအနေ အချိန်အခါ မဟုတ်သော ဖိအားများ၊ မေးခွန်းများကို မပေးသင့်၊ မမေးသင့်ဟု ယူဆမိပြန်၏။ အချိန်အခါ၊ အခြေအနေ၊ အနေအထား၊ နေရာ၊ ပြဿနာ အမျိုးအစား၊ Issue အရေးအကြောင်း ခွဲခြမ်းစိတ်ဖြာပြီး လုပ်သင့်၊ မေးသင့်သည်ကို သတိချပ်ကြရန် အလွန် လိုအပ်ပါသည်။

စစ်ရေးနှင့် စီးပွားရေးအတွက် အလွန်အရေးပါကာ မဟာဗျူဟာမြောက်သော ရွှေတြိဂံ နယ်မြေနေရာဒေသကို ချင်းတော်လှန်ရေးနှင့် နိုင်ငံရေးသမားတချို့ မှ မိမိတို့အသုံးမချနိုင်ခြင်း၊ မိမိ အသုံးမကျခြင်းတို့ကြောင့် လက်လွှတ်လိုက်ရသောအဖြစ်သည် ချင်းတော်လှန်ရေးနှင့် နိုင်ငံရေးခေါင်းဆောင်များ၏ နိုင်ငံရေး၊ တော်လှန်ရေး၊ အုပ်ချုပ်ရေးနှင့် ချင်းအမျိုးသားရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် အရှက်တကွဲ ဖြစ်စေခဲ့လေတော့၏။ 

ဆက်ရန်

Khaisa -5/1/2024 on Friday 8:21 pm (India)

မှတ်ချက်။ ဤသုံးသပ်ချက်ဆောင်းပါးသည် စာရေးသူ၏ အမြင်အာဘော်သာဖြစ်သည်။

နောက်ဆုံးရသတင်းများ

မထင်မှတ်ပဲ သာမန်မဟုတ်တဲ့ ဘဝသစ်ကို လျှောက်လှမ်းတဲ့ အောက်ချင်းငှက်

Grace သွတ်မိုးသွတ်ကာနဲ့ ၁၀ ပေ ပတ်လည်အခန်းကျဉ်း လေးထဲမှာ လူငယ်တစ်ယောက် ကုတင်ပေါ်မှာ မလှုပ်မရှားအိပ်နေတယ်။ အခုလို ကိုယ်နဲ့ကုတင်မခွာအိပ်လာတာ တစ်နှစ်ကျော်လာပြီ။ ခြေရင်းမှာလည်း ဂီတာတစ်လုံးချိတ်ထားတယ်။ ဂီတာ သပ်သပ်တော့မဟုတ်ဘူး၊ ဒါဟာ သူ့ရဲ့အဖော်လည်းဖြစ်တယ်။ သူ့မျက်နှာကြည့်ရတာတော့ ဆယ်ကျော်သက်အရွယ်လေးပေါ့။ ...

ဆက်ဖတ်ရန်