အေအေနဲ့ ချင်းညီနောင်တို့ အချက် ၁၀ ချက်ပါဝင်တဲ့ စာချုပ်တွေ ချုပ်ဆိုတဲ့ သတင်းအမှား

ချင်းပြည်နယ် ဒေသတွင်း လူမူကွန်ရက် စာမျက်နှာပေါ်မှာ ချင်းညီနောင်တပ်နဲ့ အာရက္ခတပ်တော်(အေအေ)တို့ အချက် ၁၀ ချက်ပါဝင်တဲ့ စာချုပ်တွေ ချုပ်ဆိုနေတယ်လို့ ဝါဒဖြန့်ရေးသားမူတွေ ပြန့်နှံ့နေတာကို တွေ့ရှိရပါတယ်။

ဒေသတွင်း လူမူကွန်ရက် စာမျက်နှာဖြစ်တဲ့ Chin News ကနေ သြဂုတ်လ ၅ ရက်နေ့မှာ “ရခိုင်AAနဲ CB အဖွဲ့ စာချုပ် ပေါ်ကုန်ပြီ လိမ်လို့မရတော့ဘူး အချက်(10)ချက်ပါဝင်

(၁) ပလက်ဝနှင့် ဆမီးကို AAက အပြီးအပိုင်အုပ်ချုပ်ဖို့နှင့် CCက တိုက်ခိုက်လာရင် CB က AAဖက်က ရပ်တည်ထောက်ခံပေးဖို့။

(၂) ကျင်ဒွေးမြို့က AA နှင့် CB ပေါင်းပြီ ၄နှစ်အုပ်ချုပ်ဖို့။

(၃) မတူပီမြို့ကို AAနှင့် CB ပေါင်းပြီ ၈နှစ် အုပ်ချုပ်ဖို့။

(၄) လိုင်လင်းပီမြို့ကို AA နှင့် CB ပေါင်းပြီ ၄နှစ် အုပ်ချုပ်ဖို့

(၅) ချင်းပြည်ထဲက အခြားမြို့ကို AAနှင့်အတူ သိမ်းချင်ရင် လိုအပ်သလို ထက်မံ၍ စာချုပ်ချုပ်ဆိုဖို့။

(၆) AAက CBကိုလက်နက်ထောက်ပံဖို့နှင့် ငွေချေးပေးဖို့။

(၇) သိမ်းဆည်းရမိထားသောလက်နက်တွေကို AAကခွဲဝယ်ပေးဖို့။

(၈) ဒဏ်ရာရရဲဘော်တွေကို AA စစ်ဆေးရုံသို့ ကုသပေးဖို့။

(၉) CB က CCကိုတိုက်ခိုက်ရာတွင် AAအပြည့်အဝ ထောက်ပံကူညီဖို့နဲ့ ချင်းပြည်တစ်ခုလုံးကို CB နှင့် AAတို့ လက်ထဲအပြည့်အဝ ရောက်စေဖို့။

(၁၀) ဒီသဘောတူညီမှုတွေကို လိုက်နာခြင်းမရှိပါက ထိုက်သင့်သော အရေးယူမှုများလုပ်ဆောင်ကြရန်တို့ပါဝင်သည်။”လို့ ရေးသားထားတာ တွေ့ရပါတယ်။

အဆိုပါ သတင်းကို ကြိုက်နှစ်သက်သူ လူအယောက် ၂၀ ကျော်၊ မှတ်ချက်ပေးသူ ၄ဦးနဲ့ မျှဝေသူ ၁၂ဦးထိရှိလာသလို ၎င်းမူရင်းရေးသားတဲ့ စာတွေကို ကူးယူပြီး မိမိလူမူကွန်ယက်စာမျက်နဲ့ ဒေသတွင်း ချင်းလူမူကွန်ရက် စာမျက်နှာအချို့တွေ ပြန်လည်မျှဝေတာလည်း တွေ့ရပါတယ်။

အဲ့ဒီပြန့်နှံနေတဲ့ သတင်းကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Zalen Fact – Checking Team က စိစစ်တဲ့ခါ အာရက္ခတပ်တော်(အေအေ)နဲ့ ချင်းညီနောင်တို့ အချက် ၁၀ ချက်ပါဝင်တဲ့ စာချုပ်တွေ ချုပ်ဆိုထားတာ မတွေ့ရှိရပါ။

ချင်းညီနောင်အဖွဲ့ဝင်ဖြစ်တဲ့ ချင်းကာကွယ်ရေးတပ်(ကန်ပက်လက်) တပ်မဟာမှူး ဆလိုင်းထွန်းလိန်းထန်က “ကျင်ဒွေးမြို့မှာ ကျွန်တော်တို့ တပ်ဖွဲ့ပဲရှိတယ်။ ကျွန်တော်တို့ တပ်ပဲထိုင်တယ်။ အေအေလည်း မရှိဘူး။ ဝင်လည်းမပါပါဘူး။ အုပ်ချုပ်ရေးလည်း ထိုနည်းတူစွာပဲ ပြန်လည်ထူထောင်ရေး လုပ်ဖို့တောင် ခက်နေပါသေးတယ်။ အဲလိုမျိုးသဘောတူညီမှုမရှိပါဘူး။ စာချုပ်တာလည်းမရှိဘူး”လို့ ဆိုပါတယ်။

အဖွဲ့စည်းတစ်ခုကို ထောက်ခံအားပေးတဲ့ သူတွေက ပြည်သူတွေ ဝေဝါးအောင်၊ CB နဲ့ မဟာမိတ်တွေကို မုန်းတီးအောင် သတင်းအမှား ဝါဒဖြန့်တာဖြစ်တယ်လို့ ချင်းညီနောင်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူ Salai BoiUk Samuel က ဆိုပါတယ်။

၎င်းက”အဖွဲ့စည်းတစ်ခုကို ထောက်ခံသူတွေဖက်က ပြည်သူတွေ ဝေဝါးအောင်၊ CB နဲ့ မဟာမိတ်တွေကို လူတွေ မုန်းတီးအောင် သတင်းမှားတွေ၊ ဝါဒမှားတွေ ဆက်တိုက် ဖြန့်နေတယ်။ အချိန်အတိုင်းအတာ တစ်ခုထိ ပြည်သူတွေကို ဝေဝါးစေနိုင်ပေမယ့်၊ အခြေအမြစ်မရှိတဲ့ ပြောဆိုချက်တွေ၊ ထုတ်ပြန်ချက်တွေက ကြာကြာ မခံပါဘူး။ ဒီစာချုပ်ကိစ္စ သတင်းမှားတွေကလည်း CB ကို ပုံပျက်အောင် တမင်ကြံရွယ်ပြီး ဖြန့်တယ်လို့ဘဲမြင်ပါတယ်။”လို့ ဆိုပါတယ်။

ချင်းညီနောင်အဖွဲ့နဲ့ အေအေတို့ ထိန်းချုပ်ထားတဲ့ လိုင်လင်းပီမြို့မှာ အေအေအနေ​ဖြင့် မြို့တွင်း အုပ်ချုပ်ရေးလုပ်ငန်းတွေ ပူးပေါင်းပါဝင် ဖော်ဆောင်တာ မရှိဘူးလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။

၎င်းက”လိုင်လင်းပီမှာ အေအေတပ်တွေက ရှိပါတယ်။ ဒါပေမဲ့ အေအေတွေက သူတို့ဘာသာ သူတို့နေတာပါ။ မရာလဲန်းကာကွယ်ရေးတပ်(MDF) က ဦးဆောင်ပြီး ပြည်သူတွေနဲ့အတူ လိုင်လင်းပီမှာ အုပ်ချုပ်ရေးဖော်ဆောင်ဖို့ လုပ်နေပါတယ်။ အေအေတပ်တွေက မပါဘူး။”လို့ ဆိုပါတယ်။

သုံးသပ်ချက်

အထက်ပါ သက်ဆိုင်ရာ အဖွဲ့အစည်းတာဝန်ရှိသူတွေနဲ့ ဒေသခံတွေကို ပြောဆိုချက်ရ ချင်းညီနောင်အဖွဲ့နဲ့ အာရက္ခတပ်တော်(အေအေ)တို့ကြား အချက် ၁၀ ချက်ပါတဲ့ စာချုပ်တွေ ချုပ်ဆိုတဲ့အမှား ဖြစ်ကြောင်းကို တွေ့ရှိရပါတယ်။

ချင်းညီနောင်အဖွဲ့နဲ့ အာရက္ခတပ်တော်(အေအေ)တို့ဟာ ယခုနှစ် ဧပြီလ ၂၉ ရက်နေ့က ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို သိမ်းပိုက်ရရှိသလို ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ကလည်း မတူပီမြို့ကို ထပ်မံ သိမ်းပိုက်ရရှိပါတယ်။

အဲ့ဒီ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲပြီးနောက် အဖွဲ့စည်းတစ်ခုခုက ဖြစ်စေ၊ လူပုဂ္ဂိုလ်တွေက ဖြစ်စေ ချင်းပြည်သူတွေနဲ့ ချင်းညီနောင်၊ အေအေတို့ကြား ရည်ရွယ်ချက်ရှိရှိ သွေးကွဲစေဖို့ တမင်ဖန်တီးတာ တွေ့ရပါတယ်။

နောက်ဆုံးရသတင်းများ

မလေးရှားမှာ ကားနဲ့ ဆိုင်ကယ် ယာဥ်တိုက်မူကြောင့် မြို (ခမီ) အမျိုးသားနှစ်ဦး သေဆုံး

စက်တင်ဘာလ ၁၈ ရက်၊ ၂၀၂၄။ Zalen မလေးရှားနိုင်ငံ၊ ပါဟန်းပြည်နယ်၊ Raub မြို့မှာ ကားနဲ့ ဆိုင်ကယ် ယာဥ်တိုက်မူကြောင့် မြို့ (ခမီ) အမျိုးသား နှစ်ဦး သေဆုံးခဲ့တယ်လို့ ဖြစ်စဥ်ကို သိရှိသူ ချင်းအမျိုးသားတစ်ဦးဆီက ...

ဆက်ဖတ်ရန်