လေပြင်းတိုက်၍ ချင်းပြည်နယ်မှာ လူနေအိမ် (၂၉၀)ကျော်အမိုးလန်ပျက်စီး
ဧပြီလ (၂)ရက် ညတွင် ချင်းပြည်နယ်မှာ လေပြင်းတိုက်၍ မြို့ (၇)မြို့ရှိ လူနေအိမ် (၂၉၅)အိမ်နှင့် အစိုးရရုံး၊ ဘာသာရေးအဆောက်အအုံ(၁၂)လုံးအမိုးလန်ပျက်စီးသွားကြောင့် ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနစာရင်းအရသိရပါသည်။
အမိုးလန်ပျက်စီးသောနေရာတွေမှာ ပလက်ဝမြို့နယ် ကျေးရွာ (၁၈)ရွာတွင် လူနေအိမ် (၁၅၀)နှင့် ဘာသာရေးအဆောက်အအုံး (၄)လုံး၊ မတူပီမြို့နယ် ရေဇွာမြို့တွင် လူနေအိမ် (၃၉)လုံး၊ မတူပီမြို့နယ်တွင် လူနေအိမ် (၄)လုံး အမိုးလန်ပျက်စီးသွားပါသည်။
ထို့ပြင် ထန်တလန်မြို့နယ် ကျေးရွာ (၄)ရွာတွင် လူနေအိမ် (၂၁)လုံးနှင့် ဘာသာရေးအဆောက်အအုံ (၂)လုံး၊ ဟားခါးမြို့နယ် ကျေးရွာ (၁၈)ရွာတွင် လူနေအိမ် (၂၇)လုံး၊ ဖလမ်းမြို့နယ် ဝေဘူလမြို့နှင့် တလွန်သန်ရွာတွင် လူနေအိမ် (၄၃)အိမ်နှင့် အစိုးရရုံးနှင့်ဘာသာရေးအဆောက်အအုံ(၆)လုံး၊ တီးတိန်မြို့နယ် ကျေးရွာ (၂၃)ရွာတွင် လူနေအိမ် (၈၀)ကျော် အမိုးလန်ပျက်စီးသွားပါသည်ဟု သိရပါသည်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ အားလုံးစုစုပေါင်း သိန်း (၇၀၀)ကျော်ရှိပါသည်။
ချင်းပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနရုံးမှာ တာဝန်ရှိသူတစ်ဦးက “ပျက်စီးသွားတဲ့လူနေအိမ်တွေကို အစိုးရက အကူအညီထောက်ပံ့ပေးတာ မတူဘူး။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးရယ်၊ တိုက်အိမ်လား၊ ဝါးအိမ်လား၊ ပျဉ်ထောင်အိမ်လာ အဲ့လိုခွဲထားတယ်။ တစ်ဝက်ပဲပျက်စီးတဲ့အိမ်တွေကို အနည်းဆုံး တစ်သောင်းကနေ တစ်သိန်းထိ ထောက်ပံ့တယ်။ ပြီးတော့ တိုက်အိမ်တွေကို ပျက်စီးတဲ့အပေါ်မူတည်ပြီး တစ်သိန်းကနေ (၂)သိန်းထိထောက်ပံ့တယ်။ ပစ္စည်းကိုလည်း ပျက်စီးတဲ့ပေါ်မူတည်ပြီး ပစ္စည်း (၁၀)မျိုးကနေ (၁၆)မျိုးထိထောက်ပံ့တယ်။ ပျက်စီးတဲ့စာရင်းရပြီးသွားတဲ့နေရာတွေတော့ အခုထောက်ပံ့ရေးပစ္စည်းတွေပို့နေပြီ” ဟုပြောပါသည်။
မတ်လ(၃၁)ရက်ညမှာ ချင်းပြည်နယ်တွင် လေပြင်းတိုက်၍ လူနေအိမ် (၈၀)ကျော်အမိုးလန်ပျက်စီးသွားပါသည်။