ဒီနှစ်နိုဝင်ဘာလမှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်လစ်လပ်နေရာကိုကန်ပက်လက် မြို့နယ် NLD ပါတီဝင်များဝင်ရောက်မယှဉ်ပြိုင်ဖို့သဘောတူထားကြောင်းသတင်းရရှိပါတယ်။
“အဓိကအကြောင်းရင်းကတော့ ပြည်နယ်ပါတီကို ဆန္ဒပြတာပါ။ ပြည်နယ်ဥက္ကဌ၊ အတွင်းရေးမှူး၊ ပြည်နယ်အစိုးရရဲ့လုပ်ရေးကိုင်ရေးဟာ လုံးဝ NLD ရဲ့ရည်ရွယ်ချက်နဲ့မကိုက်ညီတဲ့တွက်ကြောင့်၊ အယုံအကြည်မရှိတဲ့တွက်ကြောင့် ကန်ပက်လက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လုံးဝအရွေးမခံဖိုဆုံးဖြတ်ထားပါတယ်။ အကြောင်းပြချက်ကတော့ ပြည်နယ်ပါတီဥက္ကဌ ဦးဇိုဘွဲလုပ်ဆောင်ချက်လုံးဝ ချင်းပြည်နယ်ကန်ပက်လက်အနေနဲ့ သဘောတူမှုမရှိတဲ့တွက်ကြောင့် ဆန္ဒထုတ်ဖော်တဲ့အနေနဲ့ လုံးဝအရွေးမခံဘူးခင်ဗျာ”လို့ ကန်ပက်လက်မြို့နယ် NLD ပါတီဥက္ကဌ ဦးထန်းမနားလိုင်းကဆိုပါတယ်။
၂၀၁၅ ခုနှစ် ပြည်နယ်အစိုးရဖွဲ့စည်းချိန်တွင် အစိုးရဖွဲ့စည်းပုံသဘောမတူညီတဲ့တွက်ကြောင့် ကန်ပက်လက်မြို့နယ် NLD ပါတီအမှုဆောင်အဖွဲ့(၁၅)ယောက်နှုတ်ထွက်ဖို့ ပြည်နယ်ပါတီထံအကြောင်းကြားထားသော်လည်း ပြည်နယ်ပါတီဥက္ကဌနဲ့ လွှတ်တော်ဥက္ကဌဦးအောင်သန်းတို့ကတောင်းပန်တဲ့တွက်ကြောင့် အကောင်အထည်မဖော်ခဲ့ပါ။
ဆက်လက်ပြီး ဦးထန်းမနားလိုင်းက “ကန်ပက်လက်မှာ သူရအောင်ကို နိုင်အောင်တိုက်ခဲ့တယ်။ ချင်းပြည်နယ်မှာ (၉)မြို့နယ်ကနေ အစိုးရဖွဲ့စည်းတာက တမြို့နယ်မှာ ၂၊ ၃ စီရှိပါတယ်။ အဲ့ဒီထဲက ကန်ပက်လက်ကနေ ချင်းပြည်နယ်အစိုးရအဖွဲ့ထဲတစ်ယောက်မှမရှိဘူး။ တီးတိန်မှာ NLD ပါတီကတစ်ယောက်မှ အနိုင်မရဘူး။ ဒါပေမယ့် ဦမန်ဟင်ဒါလ်ကိုဝန်ကြီးအနေနဲ့ခန့်သွားတယ်။ လေးယောက်စလုံးနိုင်တဲ့ ကန်ပက်လက်ကနေ တစ်ယောက်မှမခန့်ဘူး။ ကျနော်တို့ဆီမှာလည်း ဝန်ကြီးလုပ်နိုင်မယ့်အရည်အချင်းရှိတဲ့သူရှိပါတယ်။ ဒါကြောင့် တောင်ပိုင်း၊ မြောက်ပိုင်းခွဲခြားတယ်လို့မြင်ပါတယ်။ ဦးဇိုဘွဲကခြိမ်းခြောက်တဲ့စကားရှိတယ်။ အဖွဲ့ချုပ်ပြက္ခဒိန် နှစ်သိန်းဖိုးမပေးနိုင်လို့ အစိုးရအဖွဲ့မှာအခွင့်အရေးရှိလာရင် ကန်ပက်လက်ကအခွင့်အရေးရှုံးသွားမယ်လို့ကျနော်ဆီမှာပြောပါတယ်”လို့ပြောပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲကို မဝင်ဘဲ ပြည်နယ်ပါတီကို ဆန့်ကျင်ဆန္ဒပြဖို့ ကန်ပက်လက်မြို့နယ် NLD ပါတီ အမှုဆောင်အဖွဲ့တွေအားလုံး သဘောတူပြီး ဒီပတ်သောကြာနေ့ မြို့နယ်ပါတီအစည်းအဝေးမှာ ဆုံးဖြတ်ချက်ချမယ်လို့သိရပါတယ်။