ဖေဖော်ဝါရီ ၁၄၊ ၂၀၂၆
Zalen

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မာဒူရွာမှာ ကျောင်းသားတွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးတဲ့ ချင်းကာကွယ်ရေးတပ် (ဒိုင်ရ်) ကို ဒေသခံ ပြည်သူတွေက ရွာလုံးကျွတ် ဆန့်ကျင်ဆန္ဒဖော်ထုတ်နေကြတယ်လို့ ဒေသခံတွေက Zalen ကို ပြောပါတယ်။
CDF-Daai က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့က မာဒူကျေးရွာမှာရှိတဲ့ အသက်မပြည့်တဲ့ ကျောင်းသား၊ ကျောင်သူတွေအပါအဝင် လူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်တာကြောင့် အခုလို ဆန့်ကျင်ဆန္ဒဖော်ထုတ်တာပါ။
“ကျတော်တို့က စစ်မှုထမ်းဖို့ ခေါ်မယ်ဆိုရင် ကျောင်းသား၊ ကျောင်းသူတွေနဲ့ အသက်မပြည့်တဲ့သူတွေ မခေါ်နဲ့ ပြောချင်တာပါ။ အခုက ကျောင်းသား၊သူတွေ၊ အသက်မပြည့်သူတွေ အားလုံး အယောက် ၂၀ ကျော်ကို ဖမ်းဆီးခေါ်သွားပါတယ်။” လို့ မာဒူကျေးရွာမှ ဒေသခံတဦးက Zalen ကို ပြောပါတယ်။
မာဒူကျေးရွာကို စစ်မှုထမ်းဖို့ ဖမ်းဆီးစဥ် CDF-Daai တပ်ဖွဲ့ဝင်တွေဟာ ယူနီဖောင်း၊ သေနတ်တွေနဲ့ လာရောက်ပြီး တံခါးမဖွင့်ပေးတဲ့ နေအိမ်တချို့ကိုလည်း ခြေထောနဲ့ကန်တာကြောင့် လူနေအိမ်၃ လုံးပျက်စီးသွားတယ်လို့ သိရပါတယ်။
“CDF-Daai ရဲဘော်တွေ မနက်စောစော လူတွေ အိပ်ရာမနိုးခင် ၄ နာရီ၊ ၅ နာရီလောက်မှာ တအိမ်ဝင်တအိမ်ထွက် တံခါးခေါက်ပြီး လူငယ်တွေကို ဖမ်းဆီးတာပါ။ အဲဒီလိုဖမ်းဆီးတဲ့ခါ တံခါးမဖွင့်ပေးရင် တံခါး၊အိမ်တွေကို ခြေထောက်နဲ့ကန်ပါတယ်။”လို့ မာဒူရွာ ဒေသခံတဦးက Zalen ကို ပြောပါတယ်။
မတူပီမြို့နယ်၊ မာဒူကျေးရွာ စစ်မှုထမ်းဖို့ လူငယ်တွေ ဖမ်းဆီးမှုနဲ့ပတ်သက်လို့ CDF-Daai ကို Zalen က ဆက်သွယ်ထားပေမဲ့ လက်ခံဖြေကြားခဲ့တာ မရှိသေးပါဘူး။
CDF-Daai နဲ့ နီးစပ်သူတဦးက ဖမ်းဆီးခံရတဲ့ လူငယ် ၂၀ ဦးထဲမှာ အသက်မပြည့်သူတွေ၊ ကျောင်းသား/သူတွေကို ပြန်လွတ်ပေးလိုက်ပြီလို့ သိရပါတယ်။
လက်ရှိ CDF-Daai ထံမှာ ကျန်ရှိနေသေးတဲ့ လူငယ်တွေ အားလုံးကို ပြန်လွတ်ပေးဖို့ ရွာသားတွေက ဆန္ဒပြ တောင်းဆိုနေကြတာဖြစ်တယ်လို့ သိရပါတယ်။
သတင်း-ဆလိုင်း
ဓာတ်ပုံ-လူမှုကွန်ယက်
#CDF-Daai #မတူပီမြို့#ဆန္ဒပြ#ဒေသခံ#Zalen

















