၉၊ ဧပြီလ၊ ၂၀၂၆
Zalen
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ထန်တလန်မြို့နယ်ကောင်စီ/Chinland Defense Force – Thangtlang ဖွဲ့စည်းတည်ထောင်ခြင်း ၅ နှစ်ပြည့်အခမ်းအနားကို ဧပြီလ ၆ ရက်နေ့မှာ ကျင်းပခဲ့ပြီး ထန်တလန်မြို့ အပါအဝင် ချင်းပြည်တစ်ခုလုံးလွတ်မြောက်နိုင်ရေး ဆက်လက်ကြိုးပမ်းသွားမယ်လို့ မနေ့က သတင်းထုတ်ပြန် ထားပါတယ်။
ထန်တလန်မြို့နယ်ကောင်စီ/Chinland Defense Force – Thangtlang ဟာ ထန်တလန်မြို့အပါအဝင် ချင်းပြည် အတွင်းရှိအကြမ်းဖက်စစ်တပ်စခန်းများအားလုံး သိမ်းပိုက်နိုင်ဖို့၊ ပြည်သူ့အုပ်ချုပ်ရေးနဲ့ နိုင်ငံရေးရည်မှန်းချက် ပြည့်ဝနိုင်ဖို့အတွက် တော်လှန်ရေးညီကိုများနဲ့ဆက်လက် လက်တွဲသွားမှာဖြစ်ပြီး ချင်းလူမျိုးများအကြား စည်လုံး ညီညွတ်ရေး ရရှိနိုင်ဖို့ ကြိုးစားသွားမယ်လို့ဆိုပါတယ်။
တော်လှန်ရေး ၅ နှစ်တာကာလအတွင်း တပ်ဖွဲ့ဝင်အများအပြား တိုင်းပြည်နဲ့လူမျိုးအတွက်အသက်ပေးလှူခဲ့ကြ တဲ့ အပြင် ထန်တလန်မြို့နယ် ပြည်သူ ၂၃ ဦးသေဆုံးခဲ့ပြီး ၅၄ ဦးဒဏ်ရာရခဲ့ကြတယ်လို့ဆိုပါတယ်။ ချင်းပြည်နဲ့ ချင်း လူမျိုးလွတ်မြောက်နိုင်ဖို့ အသက်ပေးလှူခဲ့ကြတဲ့ ရဲဘော်များအားလုံးကို အထူးလေးစားဂုဏ်ပြုကြောင်းနဲ့ တော်လှန်ရေး ၅ နှစ်အတွင်း အဘက်က်ကနေ ကူညီပေးကြတဲ့ပြည်တွင်းပြည်ပက ပြည်သူများအားလုံးအပေါ် ကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။

အဆိုပါအခမ်းအနားမှာ ထန်တလန်မြို့နယ်ကောင်စီ/CDF-Thantlang မှဦးဆောင်မှုထူးချွန်ဆု၊ စံနမူနာ ဆု၊ ဂုဏ်သတင်းမြှင့်တင်ရေးဆု နဲ့ တော်လှန်ရေးမှာပါဝင်ပြီးပြင်းထန်ဒဏ်ရာရရှိပြီးနောက် ဆက်လက်ပြီးတော်လှန် ရေးမှာပါဝင်နေသူများကို ဆုချီးမြှင့်ခြင်း များလည်းပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
ထန်တလန်မြို့နယ်ကောင်စီ/CDF-Thantlang အနေဖြင့် တော်လှန်ရေးလုပ်ငန်းများ ဒီထက်ပိုကောင်းအောင် လုပ်ဆောင်နိုင်ဖို့ တပ်ပြုပြင်ပြောင်းလဲရေးနဲ့ စံနမူနာထားထိုက်တဲ့ တပ်ဖွဲ့ဖြစ်အောင်ကြိုးစားနေတဲ့ကာလဖြစ်လို့ ပြည်တွင်းပြည်ပရှိပြည်သူများအနေဖြင့် အသိညဏ်၊ ငွေကြေး နဲ့ ဆုတောင်းပေးခြင်းဖြင့်ပံ့ပိုးကူညီပေးကြရန် တိုက်တွန်းထားပါတယ်။
သတင်း – Mickey


















