ဧပြီ ၁၀၊ ၂၀၂၆
Zalen
အာရက္ခတပ်တော် (AA) ရဲ့ စစ်ရေးအောင်မြင်မှုတွေဟာ ဖက်ဒရယ်ဒီမိုကရေစီအတွက် အခြေခံအုတ်မြစ်ဖြစ်တယ်လို့ မဟာမိတ်ဖြစ်တဲ့ ချင်းညီနောင် (CB) ပြောကြားလိုက်ပါတယ်။
ဒီနေ့ကျရောက်တဲ့ (၁၇) နှစ်မြောက် အာရက္ခတပ်တော်နေ့ကို ချင်းညီနောင် (CB) ပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာမှာ အခုလို ထည့်သွင်းပြောကြားလိုက်ပါတယ်။

AA ဟာ စစ်ရေးနဲ့ နိုင်ငံရေး ဟန်ချက်ညီ ဖော်ဆောင်နိုင်မှုကြောင့် အောင်ပွဲအလီလီကို ဆွတ်ခူးနိုင်ခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ အခြားတော်လှန်ရေးအင်အားစုတွေကပါ လေးစားအားကျတဲ့ အဖွဲ့အစည်းအဖြစ် ရပ်တည်နေနိုင်ခြင်းဖြစ်တယ်လို့ CB က ချီးကျူးထားပါတယ်။
AA ရဲ့ ၁၇ နှစ်တာ ခရီးစဉ်အတွင်း ပြည်သူလူထုကို အောင်မြင်စွာ စည်းရုံးဦးဆောင်နိုင်မှုမှာလည်း ဂုဏ်ယူဖွယ်ရာဖြစ်တယ်လို့ CB က ဆိုပါတယ်။
ဒါ့အပြင် AA အနေနဲ့ CB အပေါ် အိမ်နီးချင်ကောင်းပီသစွာ မဟာမိတ်စိတ်ဓာတ်နဲ့ စစ်သင်တန်းပေးတာ၊ လက်နက်ခဲယမ်း တပ်ဆင်ပေးတာနဲ့ နိုင်ငံရေးအရ ကူညီလက်တွဲ ခေါ်ယူပေးခြင်းတို့အတွက် အထူးကျေးဇူးတင်ရှိတယ်လို့ ဖော်ပြထားပါတယ်။
ချင်းညီနောင် (CB) ဟာ ချင်းပြည်သူတွေနဲ့ ရခိုင်ဒေသရှိ ပြည်သူတို့ရဲ့ အကျိုးစီးပွားကို အပြန်အလှန် ကာကွယ်စောင့်ရှောက်သွားမည်ဟု ကတိပြုထားပါတယ်။
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနဲ့ အမျိုးသားတန်းတူရေးအတွက် အာရက္ခတပ်တော်နဲ့အတူ ရေရှည်လက်တွဲ ရှေ့ဆက်သွားမယ်လို့ CB က ဆိုပါတယ်။
အာရက္ခတပ်တော်ရဲ့ ကြီးမားသော စစ်ရေးအောင်မြင်မှုတွေဟာ အဖိနှိပ်ခံပြည်သူများအတွက် စိတ်ဓာတ်ခွန်အားတွေ ပြန်လည်မွေးဖွားပေးနိုင်ခဲ့သလို အာရက္ခတော်လှန်ရေး ပန်းတိုင်ကို အကောင်းဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါစေကြောင်း ချင်းညီနောင် (CB) က သဝဏ်လွှာ ပေးဖို့ထားပါတယ်။
သတင်း-ဆလိုင်း


















