We Are One In Chin

ပိုးစုန်းကြူး ရေးသည်။

ကျွန်တော် သတင်းမကြည့်ရတာ ကြာပြီမို့ ကြည့်မိလိုက်တဲ့ ပထမနေ့မှာပေါ့။ ဝမ်းနည်းစရာကောင်းလှတဲ့  သတင်းတစ်ခုတွေ့ရသည်။ အခြားကြောင့်တော့ မဟုတ်ပါဘူး။ ၅၃ မျိုးသော ကျွန်တော်တို့ ချင်းလူမျိုးတွေအကြောင်းဖြစ်သည်။ ကျွန်တော်တို့ ညီအစ်ကိုတွေအကြား မျိုးနွယ်စုစွဲ တစ်ဖက်ပိတ် လူတွေတော်တော်များနေသည်ကို စိတ်မကောင်းဖွယ်ရာ တွေ့ရသည်။

လွန်ခဲ့သော ဆယ်စုနှစ် သန်ခေါင်စာရင်းအရ လူဦးရေ ၅သိန်းဝန်းကျင် ဧရိယာ စတုန်းမိုင် ၁၃၉၀၆.၉ ( အခိုးခံရတဲ့ နယ်မြေတွေမပါသေး)  ရှိသော ချင်းပြည်နယ်တွင် အာဏာသိမ်းပြီးသုံးနှစ် အတွင်း အာဏာရှင်ဆန့်ကျင်ဖို့ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့  ၂ဖွဲ့ မှ ၂၆ ဖွဲ့အထိ တိုးလာတာကိုတွေ့ရပါတယ်။ တစ်ဖက်တွင်လည်း တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်း စိတ်ဝမ်းကွဲနေမှုများဖြစ်ပေါ် နေသည်မှာ ဝမ်းနည်းဖွယ် တွေ့ရသည်။

တောင်ပိုင်း မြောက်ပိုင်း ဟု ခွဲခြားပြောနေသည်မှာ ကျွန်တော့်နားထဲတွင် ကန့်လန့်ဖြစ်နေပါသည်။ ကျွန်တော်တို့၏ ဘင်များ ဘီများခေတ်တွင် သာရေးနာရေး အခက်အခဲ အမျိုးမျိုးကြားတွင် စည်းလုံးကြပါ သော်လည်း ယခုအခါ အာဏာရှင်များ၏ ခေတ်အဆက်ဆက် သွေးခွဲနေမှု အောင်မြင်နေသည်ဆိုရပေမည်။ တစ်ချို့သော ခေါင်းဆောင်များသည် သွေးခွဲမှု မှိုင်းကို ခေတ် အဆက်ဆက် အချီကြီးကြီးမိ၍ ရုန်းထွက်၍ပင် မရတော့ချေ။ နယ်ချဲ့ အင်္ဂလိပ်ခေတ်တွင် ချင်းပြည်နယ်သည် အင်္ဂလိပ်တို့လက်အောက်သို့ နောက်ဆုံးမှကျဆုံးခဲ့သောပြည်နယ် သာမက လက်နက်အင်အား မမျှသော်လည်း နယ်ချဲ့အင်္ဂလိပ်တပ်များသည် အလုံးအရင်းဖြင့် ကျဆုံးခဲ့သော နေရာဖြစ်သည်။ ပြင်သစ်တွင်လည်း အင်္ဂလိပ်တပ်အတွက် ရွတ်ရွတ်ချွံချွံ တိုက်ခဲ့သောကြောင့် သူရဲကောင်းမှတ်တမ်း ဝင်ခဲ့ကြသူများလည်းဖြစ်သည်။

ဗိုလ်ကြွမ်ဘိခ်ကဲ့သို့သော တကယ့်သူရဲကောင်းများရှိရာ နေရာလည်းဖြစ်သည်။မြန်မာ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သည်လည်း ချင်းမျိုးနွယ်ဖြစ်နေသည်။( အာဏာပိုင်များထုပ်ဝေသော ဗိုလ်ချုပ် အတ္ထုပ္ပတိများတွင် တွေ့ရလိမ့်မည် မဟုတ်) စစ်ဖိနပ်အောက် ဘယ်တော့မှ ဒူးမထောက်ဟု ဆိုကာ အသက်ဖြင့်လဲသွားသော ကျွန်တော်တို့ကျောင်းသား ခေါင်းဆောင်ကြီး ဆလိုင်းတင်မောင်ဦး အပါဝင် မဟုတ်မခံ ရိုးသားသော အနုပညာရှင် အတတ်ပညာရှင်အများကြီး ရှိနေသေးသောကြောင့် လူမျိုးကြီးဝါဒ သွင်းချင်၍ သွေးခွဲနေတာ က ဆန်းမည်ဟုမထင်ခဲ့ပါ။ သို့သော် အသုံးချခံရတဲ့ လူကြီးတစ်ချို့ကို တွေ့ရတော့ အံ့သြမိသည်မှာအမှန်။

ကျွန်တော်တို့ လိုချင်တဲ့ လွတ်လပ်မှု ကစျေးကြီးတော့ အလျှော်စားတော့ အနည်းငယ်ရှိမည် အမှန်ပါ။ အားလုံးလည်း သည်းခံပေးနေကြပါသည်။ ကျွန်တော်တို့ ခေါင်းဆောင်များသည် အထူးသဖြင့် ပေါင်းစည်းရေးကို အဓိကထား စည်းရုံးသင့်ပြီဟု ထင်ပါသည်။ အောက်ခြေ ပြည်သူများ အချင်းချင်း သင့်​မြတ်နေချိန်တွင် ခေါင်းဆောင်များ မစည်းလုံးပါကလည်း ကျွန်တော်တို့ ပေါင်းစည်းနိုင်မည် မဟုတ်ချေ။

လက်နက်ကိုင် ၂၆ ဖွဲ့ ပေါင်းစည်းကြည့်လိုက်လျှင် ဘယ်လောက်တောင် တောင့်လိုက်မယ့် အင်အားဖြစ်မလဲ ဆိုတာ တွေးရင်းနဲ့တောင်ကြောက်လာတော့ အမှန်ဘဲ။ အကြီးကလည်း သဘောထားကြီးပြီး အငယ်လည်း ထင်ရာစိုင်းမလုပ်ဘဲ ခွင့်လွတ်စိတ်ဖြင့် သဘောထားကြီးဖို့လိုပါသည်။ ပြည်သူများ အချင်းချင်း စည်းလုံးသော်လည်း ခေါင်းဆောင်များ၏ မသင့်မြတ်မှုများကြောင့် တောင် နှင့် မြောက် ကွဲသွားသည့် ကိုးရီးယားကို သင်ခန်းစာယူသင့်ပါသည်။

ကျွန်တော်တို့ ချင်းပြည်နယ်က အရမ်းလှပသည့် နေရာဖြစ်သလို နိုင်ငံခြားဝင်ငွေလည်း အများပြားရနိုင်သည့် ပြည်နယ်လည်းဖြစ်သည်။ စကားပြော မတူညီမှု ရိုးရာ အသုံးပြုမှု မတူညီမှုများကြောင့် အချင်းချင်း သွေးမကွဲသင့်ပါ။ ကုန်းတိုက်သော မြေခွေးဆိုသည်မှာ မိမိအတွင်းလူလည်းဖြစ်နိုင်သည်ကို သတိချပ်ကြရန်လိုအပ်ပါသည်။ ကြားလေပြေသွေး တောင်ပေးမဝင်သင့်ပါဘူး။ ချင်းလူငယ်အများစုလည်း ဘယ်နေရာရောက်ရောက် စာများများဖတ်ကြပါဗျာ။ ဒါမှ ​ကျွန်တော်တို့ရဲ့ ပန်းတိုင်အမြန်ရောက်နိုင်မှာပါ။

နောက်ဆုံးကျွန်တော် အနှစ်ချုပ်ရရင် ကျွန်တော်တို့ လူမျိုးတွေက ပေါင်းမိရင် အတော်ကြောက်စရာ လူမျိုးတွေပါ။ ဆိုတော့ ကုန်းတိုက်ပြောဆိုစကားနား မယောင်ဘဲ ညီအကိုချင်း ခွင့်လွတ်နားလည် သဘောထားကြီးရန်လိုအပ်ပါသည်။ ၂၀ ရာစုမှာ ဂျပန် က ကိုးရီးယားပေါ်ဘယ်လောက်ဘဲ ဆိုးခဲ့ဆိုးခဲ့ ၂၁ ရာစုမှာ ခွင့်လွတ်ပေးနိုင်တယ်။ ညီအစ်ကို သွေးသားမတော်စပ်တဲ့ သူတို့တောင် ခွင့်လွတ်နိုင်သေးရင် ကျွန်တော်တို့ က ဘာလို့အချင်းချင်း အမုန်ပွားနေမှာလဲ။

လိပ်ပြာမသန်တဲ့ We are one in Chin (slogan)  တွေမဆိုချင်ပါဘူး။ လိပ်ပြာသန့်သန့်နဲ့ ဆိုချင်ပါတယ်။ အချင်းချင်း One ဖြစ်လာမည့်နေကို ကျွန်တော်မျှော်နေမိပါသည်။ မဖြစ်နိုင်တာ မရှိပါဘူး။ မဖြစ်ချင်လို့သာ မဖြစ်ကြတာပါ။ ဖြစ်လာမယ်ဆိုတာလည်း ယုံကြည်ပြီးသားပါ။ ဖြစ်အောင်လည်း ဆက်လက် လုပ်ဆောင်ကြပါစို့။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်