ZORO ဦးဆောင်မှုဖြင့် အိန္ဒိယဗဟိုအစိုးရရဲ့ နယ်စပ်အရေးအမိန့်ထုတ်ပြန်ချက်မိတ္တူကိုမီးရှို့

၂၉၊ ဇန်နဝါရီလ၊ ၂၀၂၅

Zalen

မီဇိုရမ်ပြည်နယ်ရှိ အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ZORO ဦးဆောင်မှုဖြင့် ဒီကနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ အိန္ဒိယဗဟိုအစိုးရရဲ့ အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးခတ်မဲ့အစီအစဉ်နဲ့ လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် (FMR) ဖျက်သိမ်းတဲ့ ကိစ္စကို ကန့်ကွက်တဲ့အနေနဲ့ အမိန့်ထုတ်ပြန်ချက် မိတ္တူတွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသတွင်းသတင်းဖြစ် DD News Mizoram ကဖော်ပြထားပါတယ်။

အဆိုပါအစီအစဉ်ကို မီဇိုရမ်ပြည်နယ်ထဲက အိုင်ဇောလ်မြို့၊ ကျန်ဖိုင်မြို့၊ ကော်လာစစ်မြို့၊လုံးလေမြို့၊ ဆဲရ်ချိပ်စ်မြို့ ၊ မီမီဘုန်းရွာ နဲ့ ဗာဖိုင်းရွာတို့အပြင် မဏိပူရ်ပြည်နယ်ထဲက ခရိုင်နှစ်ခုဖြစ်တဲ့ တဲန်းနော်ပါလ် (Tengnopal) ခရိုင် နဲ့ ချန်ဒဲလ် (Chandel ) ခရိုင်တို့မှာ ကျင်းပခဲ့ကြတယ်လို့သိရပါတယ်။

Zo Re-Unification Organization – ZORO ဌာနချုပ်က “ အိန္ဒိယဗဟိုအစိုးရအနေနဲ့ ဒေသအသီးသီးရှိ ချင်း (ဇို) လူမျိုးများ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် (FMR) ကိုဖျက်သိမ်းပြီးတော့ နယ်စပ်ဖြတ်ကျော်လိုသူများအနေ ဖြင့် နယ်စပ်ဖြတ်သန်းခွင့်ထောက်ခံစာ လိုအပ်လာကြောင်း၊ နယ်စပ်ဖြတ်ကျော်ခွင့်ထောက်ခံစာ မရှိသူများအနေ ဖြင့် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ဇန်နဝါရီလ ၁ ရက်ကနေစပြီးတော့ နယ်စပ်ဖြတ်ကျော်ခွင့်မရတော့တာဟာ မဖြစ်သင့် ကြောင်း ပြောဆိုကြကာ အိန္ဒိယဗဟိုအစိုးရအနေနဲ့ FMR ကိုပြန်လည်ရှင်သန်စေတဲ့အထိ ဆက်လက်ကြိုးပမ်း သွားမှာဖြစ်ကြောင်း ပြောဆိုကြတယ်။” လို့ DD News Mizoram က ဖော်ပြထားပါတယ်။

Zo Reunification Organization – ZORO ဟာ ဗြိတိသျှအစိုးရရဲ့နယ်နိမိတ်ပိုင်းခြားသတ်မှတ်မှုကြောင့် ဘင်္ဂလားဒေရှ့် -အိန္ဒိယ – မြန်မာ သုံးနိုင်ငံမှာ နေထိုင်ကြတဲ့ ချင်း (ဇို) မျိုးနွယ်စုများ ပြန်လည်ပေါင်းစည်းကာ အုပ်ချုပ်မှုတစ်ခုအောက်မှာ နေထိုင်နိုင်ဖို့လိုလားတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။

ZORO ဦးဆောင်မှုဖြင့် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မေလ ၁၆ ရက်မှာ အိန္ဒိယ-မြန်မာနယ်စပ် ဇိုခေါထာရ်မှာ Free Movement Regime – FMR ဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးခတ်မှာကို မလိုလား ဘူး။ ကျွန်တော်တို့ ချင်း(ဇို) လူမျိုးတွေက ညီအကိုတွေဖြစ်ကြတယ်၊ ပိုင်းခြားလို့မရဘူး ဆိုတဲ့ စာတန်းများကိုင်စွဲကာ လူထောင် ချီဖြင့် ငြိမ်ခြမ်းစွာဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

သမ္မတ ဒေါ်နယ်ထရမ့် ICC ကို ပိတ်ဆို့ဒဏ်ခတ်တဲ့အမိန့်ကို လက်မှတ်ရေးထိုး

၇၊ ဖေဖော်ဝါရီ၊ ၂၀၂၅ Zalen အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC အပေါ် ဒဏ်ခတ် ပိတ်ဆို့အရေး ယူမှုအတွက် ဖေဖော်ဝါရီ ၆ရက်နေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။ ICC အရာရှိတွေကို ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုနဲ့ ...

ဆက်ဖတ်ရန်