ချင်းပြည်နှင့်ချင်းအမျိုးသားရေးကိုဘယ်လိုတည်ဆောက်ကြမလဲ?

အမျိုးသား တည်​ဆောက်ခြင်း (Nation Building) ဆိုတာဘာလဲ?

R.Lakher ရေးသည်။

အမျိုးသားတည်​ဆောက်ခြင်း (Nation Building) ကို အတိုချုပ်ဆုံးပြောရရင် လူမျိုးတစ်မျိုး၏ အမျိုးသားလက္ခဏာ (National Identity) တည်ဆောက်ခြင်း ဖြစ်သည်။ Nation Building ကို အထူးသဖြင့် အသစ်ပေါ်ပေါက်လာသော နိုင်ငံများ (သို့) နိုင်ငံတစ်နိုင်ငံ(ပြည်) တည်ဆောက်ရန်ကြိုးပမ်းနေကြသော လူမျိုးများတွင် တွေ့ရသည်။ ဒီကနေ့ ချင်းတော်လှန်ရေးကြီးသည် စစ်အာဏာရှင်ဖြုတ်ချရေး နှင့် ဖယ်ဒရယ်ဒီမိုကရေစီစနစ်တည်​ဆောက်ရေး တို့သာ မဟုတ်ပဲ ချင်းအမျိုးသားတည်ဆောက်ရေး တိုက်ပွဲလည်းဖြစ်သည်ကို နားလည်ရန်လိုအပ်ပါသည်။ အမျိုးသားတည်ဆောက်ခြင်း (Nation Building) ၏ အဓိက ရည်ရွယ်ချက်မှာ ပြည်သူအားလုံး၏ စည်းလုံးညီညွတ်ရေး (Unification) တည်​ဆောက်ရေးဖြစ်သည်။

လူမျိုးတစ်မျိုး၏ လက္ခဏာများကို နည်းလမ်းပေါင်းစုံဖြင့် တည်ဆောက်ကြသည်။ ဥပမာ- အလံများ(flags)၊ လူမျိုးကိုယ်စားပြု တရိစ္ဆာန်များ(National Animals)၊ အမျိုးသားပန်းများ (National Flower)၊ ပညာရေး (Education) မှ တဆင့်၊အစရှိသဖြင့် နည်းလမ်း ပေါင်းစုံ အသုံးပြုကာ လူမျိုးတစ်မျိုးကို တည်ဆောက် ကြရသည်။ အမျိုးသားရေးတည်ဆောက်ခြင်း (Nation Building) သည် အဆုံးမရှိသော ဖြစ်စဥ် (Unending process) ဖြစ်သည်။ လူမျိုးတစ်မျိုး၏ ယဥ်ကျေးမှု၊ စာပေ၊ ရိုးရာဓလေ့များကို ရှင်သန် တိုးတက်အောင် ပြုစုပျိုးထောင်းခြင်းသည် အမျိုးသားတည်ဆောက်ခြင်းပင်ဖြစ်သည်။  ယနေ့ ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်ပြီး အင်အားကြီးသော လူမျိုးများပင်လျှင် ၎င်းတို့၏ အမျိုးသားတည်ဆောက်ရေးများကို  မရပ်တန့်ဘဲ အားသွန်ခွင်စိုက်တည်ဆောက်နေကြသည်။  တော်လှန်ရေး အောင်မြင်ပြီး ဖယ်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ပြီးပါက  ချင်းအမျိုးသား တည်ဆောက်ရေး လုပ်ငန်းစဥ်ကြီးပြီးသွားမည် မဟုတ်ဘဲ ကမ္ဘာတည် နေတရွေ့ ချင်းအမျိုးသား တည်ဆောက်ရေးကို စဥ်ဆက်မပြတ် ပြုလုပ်နေကြရမည် ဖြစ်သည်။ အ​ကြောင်းရင်းမှာ လူမျိုးတစ်မျိုး ကို မထိန်းသိမ်း၊မပြုစု၊မကာကွယ်ပါက ထိုလူမျိုးစုသည် သေသွားနိုင်ပြီး ပျောက်ကွယ်သွားနိုင်ခြင်းကြောင့် ဖြစ်သည်။ ယနေ့ကမ္ဘာပေါ်တွင် ပျောက်ကွယ်သွားသော လူမျိုး သိန်းနဲ ချီရှိပြီဖြစ်သည်။ ထိုထဲတွင် မိမိတို့လူမျိုးမပါဝင်ရန် တိုက်ပွဲဝင်နေကြရခြင်းဖြစ်သည်။

ချင်းအမျိုးသား တည်ဆောက်ရေး စိန်ခေါ်မှု များစွာနဲ့ ကြုံကြရမည်

ယနေ့ ချင်းအမျိုးသား တည်ရေးသည် အစပြုခြင်းအဆင့် (Initial stage) သာဖြစ်​သေးသည်။ ချင်းလူမျိုးစု အားလုံးလက်ခံနိုင်သော လူမျိုးစု လက္ခဏာများ၊ ဘာသာစကားများ၊ ယဥ်ကျးမှုများ၊ နိုင်ငံရေးစနစ်များ ယနေ့ချိန်တွင် မရှိသေးပေ။ “ချင်း” ဟူသော လူမျိုး၏ နာမည်ပင်လျှင် လက်မခံသော သူများရှိနေကြသေးသည်။ ထို့ကြောင့် အားလုံးလက်ခံ နိုင်သောလူမျိုး၏ နာမည်မှ စတင်ကာ ချင်းအမျိုးသားရေးကို တည်ဆောက်ကြရမည်ဖြစ်သော ကြောင့် သုည အဆင့်မှစတင်ကြရမည် ဖြစ်သည်။ ထို့ကြောင့် စိန်ခေါ်မှုများစွာနှင့် ကြုံ​​ တွေ့ကြရမည်မှာ မုချ သေချာသည်။ ကမ္ဘာပေါ်တွင် အမျိုးသားတည်ဆောက်ရေးမအောင်မြင် သော (Failures of Nation Building) သာဓကများစွာလည်း ရှိနေပြီး ချင်းတော်လှန်ရေး ခေါင်းဆောင်များအနေဖြင့် သင်ခန်းစာများယူပြီး အထူးလေ့လာကြရန် လိုအပ်ပါသည်။ ယနေ့ Chinland Council ဖွဲ့စည်းရခြင်း၏ အဓိက ရည်ရွယ်ချက်ကို ကြည့် ပါက ပထမ ချင်းပြည်(Chinland) တည်ဆောက်ရေး နှင့် ဒုတိယ ချင်းအမျိုးသား (National Building) တည်ဆောက်ရေး ဖြစ်သည်။ သို့သော် ကြီးမားသော စိန်ခေါ်မှုနဲ့ စတင်ကြုံတွေ့ရသည်ကို အားလုံးတွေ့ပြီးဖြစ်သည်။ ချင်းကဲ့သို့ လူမျိုးစုကွဲပြားမှုများသော အမျိုးသားတည်ဆောက်ရေး လုပ်ငန်းစဥ်တွင် ဤကဲ့သို့သော စိန်ခေါ်မှုများ ကြုံတွေ့ကြရသည်မှ မထူးဆန်းလှပေ။ ​ဤထက် ကြီးမားသော စိန်ခေါ်မှုများလည်း လာအုန်းမည် ကို ပြင်ဆင်ထားသင့်ပါသည်။ အမျိုးသား တစ်ရပ်တည်ဆောက်ရေးတွင် သွေးချောင်း​စီးမှုများစွာလည်း ရှိတတ်ပါသည်။နှစ်ပေါင်းများစွာလဲ ကြာတတ်သည်။ အမျိုးသား တည်ဆောက်ရေးအောင်မြင်မှု၊ မအောင်မြင်မှုသည် သက်ဆိုင်​ရာ ခေါင်း​ဆောင်များ၏ သဘောထားကြီးမှု၊ ပညာအမျှော်အမြင်၊ ခေါင်း​ဆောင်မှုအရည်အချင်း များတွင် များစွာ မူတည် ​​သည်။

အမျိုးသား တည်​ဆောက်ရေး နည်းလမ်း (၃) မျိုး

အမျိုးသားတည်​ဆောက်ရေးတွင် ယေဘုယျအားဖြင့် နည်းလမ်း (၃) မျိုးရှိပါသည်။ ၎င်းတို့မှာ- ဝါးမျိုခြင်း (Assimilation)၊ ထည့်သွင်းခြင်း (Accommodation) နဲ့ ချန်လှပ်ထားခြင်း (Exclusion) တို့ဖြစ်ကြပါသည်။

၁။ ဝါးမျိုခြင်း (assimilation) ဆိုသည်မှာ အင်အားကြီးသောလူမျိုးများ မှ လူမျိုးငယ်များကို စနစ်တကျနည်းလမ်းများ​​ ဖြင့်ဝါးမျိုခြင်းဖြစ်သည်။ တစ်ခါတစ်ရံ လက်နက်အင်အား များကိုလည်း အသုံးပြုကြသည်။ ဥပမာ-ဗမာလူမျိုးကြီးဝါဒ (Burmanization) သည် လူမျိုးတစ်မျိုး(ဗမာလူမျိုး)၊ ဘာသာစကားတစ်ခု (ဗမာစကား) နှင့် ဘာသာတစ်ခု (ဗုဒ္ဓ ဘာသာ) ပေါ်အခြေခံသော နိုင်ငံတော် (Nation State) တည်ဆောက်ရန် စစ်တပ်ခေါင်းဆောင်နှင့် ဗမာနိုင်ငံရေး​ ခေါင်းဆောင်များမှ ကြိုးစားခဲ့ကြသည်။  ဤရည်ရွယ်ချက်များ အောင်မြင်ရန် တိုင်းရင်းသားများအားလုံးကို ဗမာလူမျိုးအဖြင့် ပြောင်းလဲပစ်ရန် (convert) တိုင်းရင်းသား ဘာသာစကားများသင်ကြားခြင်းကို ပိတ်ပင်ခြင်း၊ ဘာသားရေး အဆောက်အအုံများကို တိုက်ခိုက်ခြင်း နှင့် တိုင်းရင်းသားများ၏ စာပေယဥ်ကျေးမှုများ ပျောက်ကွယ်သွားအောင် နည်းလမ်းပေါင်းစုံသုံးပြီး ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်။ ဤ ဝါးမျိုခြင်း လမ်းစဥ်ကို အမျိုးသားတည်ဆောက်ခြင်းတွင် နည်းလမ်းတစ်ခုအ​​​​ဖြစ် အ​သုံး​ပြုတတ်ကြသည်။ သို့သော် အောင်မြင်မှုနည်းပါးပြီး ပဠိပက္ခများနှင့်သာကြုံတွေ့ရကြသည်။ ဤနည်းလမ်းသည် ကောင်းသော နည်းလမ်းမဟုတ်သည်မှာ သေချာသည်။

၂။ ထည့်သွင်းခြင်း နည်းလမ်း (Accommodation) ဆိုသည်မှာ လူမျိုးစုအားလုံးကို တန်းတူဆက်ဆံပြီး အမျိုးသား တည်ဆောက်ရေးတွင် ထည့်သွင်းခြင်းကို ဆိုလိုသည်။ မတူညီသော သဘောထားများ၊ မတူညီသော အဖွဲ့စည်းများ၊မတူညီသော လူမျိုးစုများအားလုံး၏ ဆန္ဒသဘောထားများကို ထည့်သွင်းစဥ်းစား အဖြေရှာခြင်းဖြစ်သည်။ အားလုံးပါဝင်သော (inclusive) ပလက်ဖောင်း​ဖြစ်အောင်ကြိုးပမ်းသည်။ဥပမာ- ချင်းလူမျိုးစု ၅၃ မျိုးရှိတယ်ဆိုပါစို့၊ ထို ၅၃ မျိုးစလုံးကို ခွဲ့ခြားဆက်ဆံခြင်းမပြုဘဲ တန်းတူ ဆက်ဆံပြီး အားလုံးကိုထည့်သွင်းကာ၊ အားလုံးလက်ခံ သဘောတူ သော အချက်များအပေါ် အခြေခံပြီး အမျိုးသား တည်​ဆောက်ခြင်းကို ဆိုလိုသည်။ ဤနည်းလမ်းသည် အကောင်းဆုံး နှင့် အမွန်မြတ်ဆုံး နည်းလမ်းဖြစ်သည်။

၃။ ချန်လှပ်ထားခြင်းနည်းလမ်း (Exclusion) ဆိုသည်မှာ လူမျိုးစု တစ်စု (သို့) အဖွဲ့စည်း တစ်ချို့တို့ကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ  ချန်လှပ်ထားခြင်းဖြစ်သည်။ ဤလမ်းစဥ်သည် ကြီးမားသော ပဋိပက္ခ များကို ​​​ဖြစ်စေတတ်ပြီးရလဒ်များအနေဖြင့် ဒုက္ခသည်များကို ဖြစ်ပေါ်စေသည်။ ရိုဟင်ဂျာများကို မြန်မာနိုင်ငံသားများအဖြင့် အဖြစ်လက်မခံ ခြင်း နှင့် ချန်လှပ်ထားခြင်းသည် နားလည်ရလွယ်မည့် Exclusion နည်းလမ်း ၏ ဥပမာ တစ်ခု ဖြစ်သည်။

ချင်းပြည်နယ် နှင့် ချင်းအမျိုးသားတည်ဆောက်ရေးတွင် မည်သည့် နည်းလမ်းကို အသုံးသင့်သနည်း?

အဖြေမှာ ရှင်းပြီးသား ဖြစ်မည်ဟု ယုံကြည်ပါသည်။ ယနေ့ ချင်းပြည် တည်ဆောက်ရေး နှင့် ချင်းအမျိုးသား တည်ဆောက်ရေးတွင် ကျင့်သုံးကြရမည့် နည်းလမ်းမှာ ထည့်တွင်းခြင်းနည်းလမ်း (Accommodation) ဖြစ်သည် မှာ သံသယ ​ဖြစ်စရာမရှိပေ။ ဝါးမျိုခြင်း(Assimilation) နှင့် ချပ်လှပ်ထားခြင်း (Exclusion) နည်းလမ်းများ သည် ပဋိပက္ခများကိုသာ ပွားများစေပြီး၊ ၎င်းတို့နည်းလမ်းသို့ သွေဖယ်နေသည့် မည်နည့် လှုပ်ရှားမှု နှင့် လုပ်ရပ်များအားလုံးကို ဆန့်ကျင်ကြရန် လိုအပ်ပါသည်။ ထိုမှသာ တည်ငြိမ် အေးချမ်းပြီး သာယာဝပြောသောချင်းပြည်နှင့် ချင်းအနာဂတ်ကို တည်ဆောက်နိုင်ကြမည်ဖြစ်သည်။

State-Nation လား (သို့) Nation-State လား?

နောက်ထပ်အ​လေးထား စဥ်းစားရမည့် အချက်တစ်ခုမှာ state-nation ကို တည်ဆောက်ကြမှာလား nation state ကိုတည်ဆောက်ကြမှာလား ဆိုသည့်မေးခွန်းဖြစ်သည်။  ယနေ့ ခေတ်သစ်နိုင်ငံရေး တွင် State-Nation နှင့် Nation- State ဆိုပြီး နိုင်ငံရေးအယူအဆ (Political Concept) နစ်ခု ရှိသည်။ State-Nation ဆိုသည်မှာ နိုင်ငံအပါ်အ​ခြေခံထား​သော လူမျိုးကို ဆိုလိုသည်။ State သည် ပထမ ဖြစ်ပြီး၊ Nation သည် ဒုတိယ​ဖြစ်သည်။ ဥပမာ အမေရိကန်လူမျိုးဖြစ်ခြင်း (National Identity) သည် လူမျိုးအပါ် အခြေမခံဘဲ အမေရိကန်နိုင်ငံအပါ်အခြေခံသည်။ ဥပမာ- မြန်မာနိုင်ငံမှ အမေရိကန်ကို ရောက်သွားသော သူများသည် မြန်မာလူမျိုးများ(Myanmar nation) ဖြစ်ကြသော် လည်း အမေရိကန်နိုင်ငံသား(American Citizen) များဖြစ်သွားကြပြီ ဖြစ်သောကြောင့် သူတို့၏ National Identity သည် မြန်မာမဟုတ်တော့ဘဲ အမေရိကန် များ ဖြစ်ကြပြီဖြစ်သည်။ နိုင်ငံသားဖြစ်ခြင်း(State) သည် ပထမဖြစ်ပြီး ၊ မြန်မာလူမျိုးဖြစ်ခြင်း (nation)သည် ဒုတိယဖြစ်သည်။ ယနေ့ ကမ္ဘာ ပေါ်ရှိ အမေရိကန် အပါအဝင် နိုင်ငံအားလုံးနီးပါးသည် state-nation များဖြစ်ကြသည်။

Nation-state ဟူသည်မှာ လူမျိုးကို အခြေတည်ဆောက်ထားသော တိုင်းပြည်နိုင်ငံကို ဆိုလိုသည်။ Nation သည် ပထမဖြစ်ပြီး၊ State သည် ဒုတိယ ဖြစ်သည်။  ဥပမာ- Pakistan နှင့် Isreal နိုင်ငံများဖြစ်သည်။Pakistan သည် မူစလင်ဘာသာ လူမျိုးကို အခြေခံပြီးနိုင်ငံကိုတည်ဆောက်သည်။ ထို့ကြောင့် Pakistan လို  ချင်းလူမျိုးကို အခြေခံပြီး ချင်းပြည်ကို တည်ဆောက်ကြမလား (nation-state)? (သို့) အမေရိကန် လို ချင်းပြည်ကို အခြေခံပြီး ချင်းလူမျိုး တည်ဆောက်ကြမလား (State-Nation)? ဆိုသည့်မေးခွန်း ရှိ နေသည်။ အဖြေမှာ ချင်းပြည်ကို အခြေခံပြီး ချင်းအမျိုးသားတည်ဆောက်ခြင်း (state-nation) ကို တည်ဆောက်ရမည်။ အဓိပ္ပါယ်မှာ ချင်းပြည် တည်ဆောက်ခြင်း (state building) ကို  ချင်းအမျိုးသား တည်ဆောက်ခြင်း (nation building) ထက် ရှေ့တန်းတင် ရန်လိုအပ်ပါသည်။ ဆိုလိုသည်မှာ ချင်းပြည်ကို အရင်ဦးဆုံးလွတ်မြောက်အောင်လုပ်၊ အားလုံးလက်ခံနိုင်သော ချင်းပြည်အစိုးရကိုဖွဲ့စည်း၊ အားလုံးလက်ခံနိုင်သော ချင်း တပ်မတော်ကို ဖွဲ့ စည်းတည်​ထောင်ခြင်းတို့ကို ဆိုလိုသည်။ Nation Building ကို State Building တည်ဆောက်ရင်း တပြိုင်နက် တည်ဆောက် ​သွားလို့ရပါသည်။ သို့သော်  State Building မအောင်မြင်ပါက Nation Building သည် အလိုလိုကျရှုံးပြီးဖြစ်သည်။ State Building တည်ဆောက်ပြီး ဖြစ်ပါက  Nation Building သည် ကမ္ဘာတည်နေတရွေ့တည်ဆောက်ကြရမည့် လုပ်ငန်းစဥ်ကြီးဖြစ်ပါသည်။ သတိချပ်ရမည့် အ​ရေးကြီးသော အချက်တစ်ခုမှာ ချင်းပြည်၊ချင်းအမျိုးသားတည်ဆောက်ရေးကာလအတွင်း နိုင်ငံရေးကစားမှုများ (Politics of Nation Building) ကို သတိထားကြရမည်ဖြစ်သည်။ ထို့အပြင် ချင်းပြည်နှင့် ချင်းအမျိုးသားရေး တည်ဆောက်ရာတွင် One Culture နှင့် One Langage (Common Laguage) တည်ဆောက်ရေးတို့ကို စိတ်ကူးမယဥ်ကြရန်ဖြစ်သည်။ ထိုကဲ့သို့စဥ်းစားချက်များသည် Assimilation and Exlcusion အပေါ်အ ခြေခံထားသောကြောင့်ဖြစ်သည်။

နိဂုံး

နောက်ဆုံးအနေဖြင့် ချင်း​ပြည်တည်ဆောက်ရေး နှင့် ချင်းအမျိုးသားတည်ဆောက်ရေးတို့တွင် နားလည်စေချင်သည့် အချက် ၂ ချက်မှာ-

၁။  State Building ကို Nation Building ထက် ဦးစားပေးရန် နှင့်

၂။ Nation-State မဟုတ်ဘဲ State-Nation ကိုသာ အခြေခံပြီး စဥ်းစားသင့်ပါသည်။

ချင်းပြည် နှင့် ချင်းအမျိုးသား တည်ဆောက်ရေး အောင်မြင်ပါစေ။

R.Lakher

Chin Politics and Revolution Observer

Researcher and Writer

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်