ညအချိန်တိတ်တဆိတ်ထွက်ခွာလာသည့်စစ်တပ်၏ထောက်ပို့ယာဥ် မိုင်းဆွဲခံရပြီး တပ်ကြပ်ကြီးအပါ စစ်သား ၄ ယောက်သေဆုံး

ညအချိန်တိတ်တဆိတ်ထွက်ခွာလာသော်လည်း ပူးပေါင်းတော်လှန်ရေးတပ်ပေါင်းစု၏ ၃ ရက်တိုင်တိုင် စောင့်ဆိုင်းမိုင်းခွဲမှုခံရသဖြင့် စစ်ကောင်စီ၏ လက်နက်ပို့ဆောင်ရေးယာဥ်ပျက်စီးခဲ့သည့်အပြင် ယာဥ်ပေါ်လိုက်ပါလာသူ ၄ ဦး သေဆုံးခဲ့ကြောင်း နေပြည်တော် PDF ထံမှ သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းမှာ ဇူလိုင် ၉ ရက်၊ နံနက်အစောပိုင်း ၂ နာရီခန့်က စစ်သား ၈ ဦးလိုက်ပါလာသောလက်နက်ပို့ဆောင်ရေးယာဥ်ကို ဒေသခံပူးပေါင်းတော်လှန်ရေးတပ်ပေါင်းစုက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နေပြည်တော် PDF ခေါင်းဆောင်ဗိုလ်တေဇ က ပြောသည်။

“ဖယ်ခုံမြို့ထဲက ခေါင်းအိရွာနဲ့စက်တော်ရွာမှာတပ်စွဲထားတဲ့ သူတို့စခန်းဆီကို ထောက်ပို့လက်နက်သွားပို့တာပါ။ အဲ့ဒါကို ၃ ရက်တိတိစောင့်ဆိုင်းပြီးတော့ စနစ်တကျ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ ၄ ယောက်သေပြီး ကျန် ၄ ယောက်က ဒဏ်ရာကိုယ်စီနဲ့ ထွက်ပြေးသွားပါတယ်”ဟု ဗိုလ်တေဇ က ​ပြောသည်။

တိုက်ခိုက်မှုကြောင့် ယာဥ်မှာပျက်စီးသွားခဲ့ပြီး MG 3 (၁) လက်၊ MA 3 (၁) လက်နှင့်အတူ တင့်ဖျက်မိုင်းနှင့်ခဲယမ်းများကို တော်လှန်ရေးဘက်က သိမ်းဆည်းရရှိခဲ့ကာ ချက်ချင်းပြန်ဆုတ်ခွာခဲ့ကြကြောင်း ၎င်းက ဆက်ပြောသည်။

“ည ၂ နာရီအချိန်မှောင်မဲနေတော့ မှတ်တမ်းပုံလည်း မယူထားလိုက်ဘူးဗျ။ အခုမှလိုင်းမိလို့ ကျွန်တော်တို့လည်း သတင်းထုတ်ပြန်လို့ရတာပါ။ မိုင်းဆွဲအဖွဲ့က ကျွန်တော်တို့နေပြည်တော်တပ်ဖွဲ့ မိုင်းကျွမ်းကျင်တွေပါ”ဟု ဗိုလ်တေဇ က ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို နေပြည်တော် – ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် မဟာမိတ်တပ်ရင်းများဖြစ်ကြသောရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု – S.S.L.R.U ၊ PDF Pekhon – 1002 တပ်ရင်း၊ N0. 1008 တပ်ရင်း၊ N0. 1005 တပ်ရင်း၊ K.R.U နှင့် ရှမ်းတောင်မဟာမိတ်တပ်ပေါင်းစုများက ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းများ

ဩဂုတ်လအတွင်း အမျိုးသမီး ၇၀ ဦး သတ်ဖြတ်ခံရပြီး ချင်းပြည်နယ်က သုံးဦး ပါ၀င်

၄၊စက်တင်ဘာ၊ ၂၀၂၄ Zalen ၂၀၂၄ ခုနှစ် ဩဂုတ်လ တစ်လအတွင်းမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်းက အမျိုးသမီး ၇၀ ဦး သေဆုံးပြီး ၅၉ ဦး ဒဏ်ရာရခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ...

ဆက်ဖတ်ရန်