တမူးကနေသွားတဲ့ လူနာတင်ကားများကို ကလေးမြို့အဝင် စစ်ကောင်စီဂိတ်ကနေ ဖြတ်သန်းခွင့်ပိတ်

၁၉ အောက်တိုဘာ၊ ၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့ကနေ ကလေးမြို့ကို ဆေးဝါးကုသဖို့ သွားတဲ့ အရေးပေါ်လူနာများကို စက်တင်ဘာလကစပြီး ခုချိန်ထိအဝင်မခံလို့ ပြန်လှည့်ခဲ့ရတယ်လို့ လူနာရှင်များက ပြောပါတယ်။

“ကျွန်တော်တို့က ကားနဲ့ကောဆိုင်ကယ်နဲ့လည်း သွားကြတာ။ ကလေးအဝင် ဆည်ကြီးရွာ စကစ ဂိတ်က တားပြီးမဝင်ခိုင်းဘူး။ ဝင်ချင်ရင် လူပဲခြေလျင်နဲ့ လမ်းလျှောက်သွားရမယ်လို့ တာဝန်ကျ စစ်သားကပြောတယ်။ ကားပေါ်မှာလည်း ဆေးချိတ်ထားတာ တန်းလန်းလူနာတွေလည်း ပါတယ်။ ဘယ်လိုသွားလိုရမလဲဗျ။ ဒါကြောင့်တချို့ ပြန်လှည့်ခဲ့ရတာ” လို့ လူနာရှင်တစ်ဦးက Zalen ကိုပြောပါတယ်။

တမူး-ကလေး လမ်းပိုင်းကို ယခုနှစ် စက်တင်ဘာ (၂၁) ရက်နေ့က စစ်ကောင်ဘက်ကနေ ပြန်လည် ပိတ်စို့ထားလို့ ကုန်စည်စီးဆင်းမှု၊ ခရီးသွားပြည်သူများနဲ့ အရေးပေါ် ဆေးဝါးကုသဖို့ သွားတဲ့ တမူးမြို့နယ်ရှိ ဒေသခံပြည်သူများ အခက်တွေ့နေကြတယ်လို့ ဒေသခံများက ပြောပါတယ်။

We Love Khampat Rescue Club လူမှုရေးအသင်း တာဝန်ရှိသူက “ပြီးခဲ့တဲ့ပတ်က ခမ်းပတ်ကနေ အရေးပေါ်လူနာကို အောက်ဆီဂျင်တပ်ပြီး လူနာတင်ကားသုံးစီးသွားတာတောင် စစ်ကောင်စီက ဆည်ကြီးဂိတ်ကိုမဖြတ်ခိုင်းဘူး။ ပြန်လှည့်ခိုင်းတယ်။ အရင်ကတော့ ဆိုက်တွဲတွေဖြတ်ခိုင်းတယ်။ အခု မဖြတ်ခိုင်းတော့ဘူးဖြစ်ပြန်ရော။ ဂိတ်ရှေ့မှာလူတွေအများကြီး ဆိုင်ကယ်တွေနဲ့စောင့်ကြတယ်။ စက်တင်ဘာလကစပြီး အခုလို ဖြတ်ကိုပိတ်တာ။ ကျနော်တို့ ခမ်းပတ်နဲ့တမူးက နိုင်ငံရေးမကောင်းတော့တဲ့နောက် တမူးမှာဆေးရုံရှိပေမယ့် သမားတော်မရှိတော့ဘူး။ ခွဲစိတ်ဆရာဝန်လည်းမရှိဘူး။ အိန္ဒိယဘက်လည်း ကသည်းနဲ့ လူမျိုးရေးပြဿနာဖြစ်ပြီးနောက်ပိုင်းသွားလို့မရတော့ဘူး။ ခမ်းပတ်မှာတော့ ဆေးရုံတောင်မရှိတော့ဘူး။ ဒီမှာမနိုင်လို့ ကလေးမြို့ကိုလွှဲတာ။ အခုလို ကလေးမြို့ကိုမဝင်ခိုင်းဘူးဆိုတော့ သေယုံပဲကျန်တော့တယ်။ အရမ်းခက်ခဲတယ်။ အရပ်သားပြည်သူတွေကို လိုလိုလားလားဖြတ်ခွင့်ပြုစေချင်တယ်။ လူနာကို မိုင်းထိတာလာ၊ ကျည်ဆံထိတာလာဆိုတာ စစ်ဆေးပါ။ သာမန်ပြည်သူဆိုရင်လွတ်လွတ်လပ်လပ်ဖြတ်သွားခွင့်ပေးစေချင်တယ်။ တိုက်ပွဲဖြစ်တဲ့ချိန်ဆိုကျနော်တို့လည်း နားလည်ပါတယ်။ တိုက်ပွဲမရှိတဲ့ချိန်ဆို သွားခွင့်ပေးစေချင်တယ်” လို့ပြောပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် နှစ်နိုင်ငံ တရားဝင်ကုန်သွယ်းရေး အမှတ် (၁) ဂိတ် ဖြစ်တဲ့ တမူး-မိုးရေး ဂိတ်ကို COVID ကနေ ပိတ်းထားတာ ဖြစ်ပြီး၂၀၂၁ စစ်ကောင်စီအာဏာသိမ်းပြီးနောက် တရားဝင်ကုန်သွယ်မှု ပိုမိုဆိုးရွားခဲ့တာဖြစ်ပါတယ်။

၂၀၂၃ မေလကစပြီး မဏိပူရ်ပြည်နာမှာ လူမျိုးရေး ပဠိပက္ခ ဖြစ်ပွားခဲ့တဲ့တွက် အိန္ဒိယ မဏိပူရ်ဘက်ကနေလည်းမြန်မာဘက်ကို ကုန်စည်စီးဆင်းမှု မရှိသလောက်ဖြစ်နေတာဖြစ်ပါတယ်။

မြန်မာဘက်ကလည်း တမူး-ကလေး လမ်းပိုင်း စစ်ကောင်စီကနေ ပိတ်ထားတဲ့တွက် တမူးမြို့နယ်မှာ ရှိတဲ့ ဒေသခံပြည်သူများအခက်ခဲဖြစ်နေတယ်လို့ ဒေသခံများက ဆိုပါတယ်။

သတင်း-PR

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်