ထန်တလန်မြို့တိုက်ပွဲမှာ ဒေသကာကွယ်ရေးတပ်သား ၂ ဦးကျဆုံး

ချစ်ခြင်းနွေ/ ၁၃၊ အောက်တိုဘာ၊ ၂၀၂၃

Zalen

ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ အာဏာသိမ်းစစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ မနေ့ အောက်တိုဘာ ၁၂ ရက်က တိုက်ပွဲဖြစ်ပွားရာ CNA ရဲဘော်တစ်ဦးနဲ့ CDF Hualngoram ရဲဘော်တစ်ဦးကျဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က ၅ ဦးဒဏ်ရာရရှိတယ်လို့သတင်းရရှိပါတယ်။

အောက်တိုဘာ ၁၂ရက်နေ့ နေ့လည် ၁၁နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကာ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်တယ်လို့ CDF Hualngoram အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ရိုဝါက ပြောပါတယ်။

Zalen ad

ဂျွန်ရိုဝါက “ကျနော်တို့ရဲဘော်က ဦးခေါင်းမှာ လက်နက်ကြီးအဆံထိမှန်လို့ ကျဆုံးသွားတယ်။ အလောင်းကို သယ်နေတုန်း”လို့ပြောပါတယ်။

စက်တင်ဘာ ၂၅ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဟာ ဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တဲ့အပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်။

အောက်တိုဘာ ၁ဝ ရက်နေ့မှာ စစ်ကောင်စီတပ်က ထန်တလန်မြို့ပေါ်ကို လေကြောင်းကနေ နှစ်ကြိမ်လာရောက်ကာ ဗုံး ခြောက်လုံးကြဲချခဲ့တယ်လို့ သိရပါတယ်။

ထန်တလန်မြို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေအကြား  မကြာခဏ တိုက်ပွဲတွေဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ လေကြောင်းတွေကို ပါ သုံးပြီး မကြာခဏ တိုက်ခိုက်လေ့ရှိပါတယ်။

ဒေသကာကွယ်ရေးအဖွဲ့တွေဟာ ထန်တလန်မြို့ရဲ့ နေရာတော်တော်များများကို စိုးမိုး နေရာယူထားနိုင်ပြီး စစ်ကောင်စီတပ်က နေရာပြန် ရနိုင်ရေး ကြိုးပမ်းနေတာလို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

၂၀၂၁ခုနှစ် စက်တင်ဘာလက ခုခံတော်လှန်ရေးတွေ စတင်ခဲ့တဲ့ ထန်တလန်မြို့က ဒေသခံ တစ်သောင်းကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး နေအိမ်တွေကို စစ်ကောင်စီတပ် အများအပြားမီးရှို့ ဖျက်ဆီးခဲ့တာကြောင့် လူသူကင်းမဲ့ကာ မြို့ပျက်သဖွယ်ဖြစ်နေပါတယ်။

နောက်ဆုံးရသတင်းများ

နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ဒေသမှာ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကျင်းပ

ဇန်နဝါရီ ၁၄၊ ၂၀၂၆။ Zalen စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသမှာ နာဂတိုင်းရင်းသားရိုးရာ နှစ်သစ်ပွဲတော် ကို ယနေ့ဇန်နဝါရီလ ၁၄ ရက်နေ့ကစတင်ကျင်းပခဲ့တယ် ဒေသသတင်းများအရသိရပါတယ်။ ယ‌ေန့ဇန်နဝါရီလ ၁၄ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသလေရှီးမြို့ မှာ နှစ်စဉ်ကျင်းပနေတဲ့ နာဂတိုင်းရင်းသားရိုးရာ ...

ဆက်ဖတ်ရန်