ပလက်ဝ စစ်ဘေးရှောင်တွေရဲ့စားနပ်ရိက္ခာ သောက

ပလက်ဝ စစ်ဘေးရှောင်တွေရဲ့စားနပ်ရိက္ခာ သောက

ဇန်နဝါရီလ ဆောင်းရာသီမနက်ခင်း မြူနှင်းတွေကြားမှာ ပီတောင်စစ်ရှောင်ပြည်သူတွေနေထိုင်ရာ ဝါးတဲလေးတွေဟာ လမ်းဘေးမှာအစီအရီဆောက်ထားကြတယ်။
ဝါးတဲလေးတွေရဲ့ အစွန်ဆုံးဟာ ဦးသော့လျန်(နာမည်လွဲ)ရဲ့အိမ်ပဲဖြစ်ပါတယ်။ သူဟာ မူလတန်းအရွယ် သားနဲ့သမီးတို့ကျောင်းသွားဖို့ အိမ်ရှေ့ဝရံတာမှာ သားလေးကို ဘွတ်ဖိနပ်စီးပေးနေပါတယ်။ သူ့သားငယ်က ကျောင်းသွားဖို့ ကျီးကျတာကြောင့် မုန့်ထုပ်တစ်ထုပ်ပေးပြီး သူ့အမနဲ့ ကျောင်းသွားဖို့ဖြောင်းဖျပြောဆိုပြီးကျောင်းရှိရာ ကိုဖြည်းဖြည်းလေးလျှောက်နေပါတယ်။
ပလက်ဝဒေသမှာ အများစုဟာ ဝါးတွေနဲ့အိမ်ဆောက်ကြတော့ အပြင်ပန်းကြည့်ရင်တော့ သူတို့ဟာ စစ်ရှောင်တွေလို့သိမှာမဟုတ်ဘူး။ မီးဇာရွာမှာ မနက် (၁၀)နာရီမထိုးမချင်း နေမင်းကြီးဟာ တိမ်တွေကြားမှာပုန်းနေတော့ တော်တော်အေးတဲ့နေရာလည်းဖြစ်တယ်။
ကုလားတန်မြစ်ကမ်းနားက မီးဇာကျေးရွာမှာ လွန်ခဲ့တဲ့ နှစ်နှစ်က ဘင်္ဂလားဒေ့ရှ်နယ်စပ်က စားစရာပေါများတဲ့ ပီတောင်ရွာကိုစွန့်ခွာပြီးရောက်လာကြပါတယ်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ(၃)ရက်နေ့မနက်ပိုင်းမှာ ပီတောင်ရွာထဲမှာ အေအေ(ရက္ခိုင့်တပ်မတော်)နဲ့တပ်မတော် တိုက်ပွဲဖြစ်လို့ ရွာသားတွေဟာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ အသက်လုထွက်ပြေးလာကြတာပါ။
အဲ့ဒီလို တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အသက်(၅၀)အရွယ်ရှိတဲ့ ဦးသော့လျန်ဟာ မိန်းမနဲ့ကလေးတွေကို ခေါ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးကြပါတယ်။ ပီတောင်ရွာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဟာ ခြေခြေခရီးနဲ့ တစ်နေ့သွားခရီးသာဝေးပါတယ်။ အခြား ပီတောင်ရွာလူအများစုကတော့ စက်လှေနဲ့ပလက်ဝမြို့နဲ့ပိုနီးတဲ့ မီးဇာကျေးရွာကို စစ်ဘေးလာရှောင်ကြပါတယ်။ ဒါကြောင့် ရွာသားတွေအများစုရှိရာ မိုင်လေးဆယ်ကျော်ဝေးတဲ့ မီးဇာကျေးရွာကို ခြေလျင်တတန်၊ စက်လှေနဲ့တတန် ဘင်္ဂလားဒေ့ရှ်ကနေ အိန္ဒိယကိုသွားပြီး အိန္ဒိယကနေတဆင့် ပလက်ဝဘက်ကို (၁၀)ရက်ကြာ ခရီးနှင်လာကြတယ်။
သူဟာ ဘဝပိုမိုလုံခြုံဖို့နဲ့ စားသောက်ရေးပိုအဆင်ပြေမယ်ယူဆလို့ပြန်လာတာဖြစ်ပေမယ့် သူ့စိတ်ကူးနဲ့လက်တွေ့ဟာ အရမ်းကိုကွာခြားနေတယ်။ နှစ်နှစ်အတွင်းစစ်ဘေးရှောင်စခန်းမှာ နေလာခဲ့ပေမယ့် အစိုးရနဲ့အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ အကူအညီလည်း လုံလုံလောက်လောက်မရပါ။

 

ဦးသော့လျန်က “ကျနော်တို့ စစ်ရှောင်စခန်းမှာနေတဲ့ နှစ်နှစ်အတောအတွင်းမှာ အစိုးရ ထောက်ပံ့ရေးက သုံးကြိမ်ပဲရတယ်။ တစ်ကြိမ်ပေးတဲ့ ဆန်က မိသားစုတစ်စုအတွက် တစ်ပတ်စားလောက်ပဲရှိတယ်”လို့ပြောပါတယ်။
ဦးသော့လျန်ဟာ ပီတောင်ရွာမှာရှိစဉ်ကတော့ တောင်ယာတွေခုတ်တယ်။ ကြက်၊နွားတွေမွေးမြူးတော့ တစ်နှစ်စာ စားသောက်အရေးအတွက် စိတ်ပူစရာမရှိပါဘူး။ ဒါပေမယ့် စစ်ရှောင်စခန်းမှာတော့ အစိုးရရဲ့ အထောက်အပံ့ကိုသာမျှော်ကိုးပြီးအသက်ရှင်ရပါတယ်။
အစိုးရအသိအမှတ်ပြုထားတဲ့ စစ်ရှောင်ကျေးရွာ(၁၁)ရွာ
အစိုးရအသိအမှတ်ပြုတဲ့ စစ်ဘေးရှောင်စခန်းဆိုတာ အစိုးရ ဒါမှမဟုတ် စစ်တပ်ရဲ့ သဘောတူညီမှုနဲ့ ပြောင်းရွှေ့လာတဲ့သူတွေဖြစ်ပါတယ်။ ဒါပေမယ့် ရွာအနီးမှာလက်နက်ကိုင်တွေလှုပ်ရှားလို့ စိုးရိမ်ပြီးမိမိသဘော ထွက်ပြေးလာတဲ့သူတွေဟာ အစိုးရစာရင်းထဲမှာမရှိလို့ တခါတလေရရှိတဲ့ထောက်ပံ့ရေးလည်း မရကြပါ။
ချင်းပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနရဲ့ စာရင်းအရ စစ်ဘေးရှောင်ကျေးရွာ (၁၁)ရွာ၊ အိမ်ထောင်စု (၄၃၄)၊ လူဦးရေ(၂၀၃၉)ဦးရှိပါတယ်။ မီးဇာကျေးရွာ စစ်ရှောင်စခန်းမှာ ပီတောင်ရွာမှ အိမ်ခြေ (၂၉)အိမ်၊ လူဦးရေ စုစုပေါင်း (၁၅၃)ဦးနေထိုင်ကြပြီး ကုန်ပြင်ကျေးရွာမှ အိမ်ခြေ (၆၈)အိမ်၊ လူဦးရေ (၃၃၄)ဦးတို့လည်း ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၈မှာ ပြောင်းရွေ့လာကြတယ်။ ပလက်ဝမြို့နယ်မှာ ခုချိန်ထိစစ်ရှောင်စခန်းမှာနေထိုင်တဲ့ရွာတွေကတော့ ဇဉ်ဘောင်းပြင်ရွာမှာ အိမ်ခြေ(၁၇)အိမ်၊ လူဦးရေ (၇၆)ယောက်ရှိတဲ့ ကူချောင်းဖျားရွာသားတွေခိုလုံကြပါတယ်။ ကင်းသလင်းရွာမှာ အိမ်ခြေ (၉)အိမ် နဲ့လူဦးရေ(၅၀)ရှိတဲ့ လန်ဒန်ရွာသားတွေခိုလုံကြပါတယ်။

တခြားစစ်ရှောင်ကျေးရွာတွေဖြစ်တဲ့ တဝိုးပွီရွာ၊ မြိတ်ဝရွာ၊ ပကာဝရွာ၊ မွေလိုက်ဝရွာ၊ စတင်ဝရွာ၊ ပီလိုက်ဝ(၁)နဲ့ (၂)ရွာတို့ဟာ မူလနေထိုင်ရာကျေးရွာကိုပြန်သွားကြပြီလို့ ပလက်ဝမြို့နယ်အုပ်ချုပ်ရေးရုံး စာရင်းမှာဖော်ပြထားပါတယ်။ ပလက်ဝမြို့နယ်မှာ ကျေးရွာပေါင်း (၃၉၆)ရွာရှိပြီး စစ်ဘေးဒဏ်ခံစားတဲ့ ကျေးရွာက (၂၀)ခန့်ရှိနေပါပြီ။ ဖေဖော်ဝါရီလ(၂၅)ရက်ထိ မီးဇာမှာ ကင်းတလင်းရွာ၊ယင်ခံရွာ၊ ခမောင်းဝ၊ စတလာဝ၊ စက်လင်ဝ၊ ကျောက်ပလင်ရွာက အိမ်ခြေ (၅၀)ကျော်ဟာ စိုးရိမ်လို့ပြောင်းရွေ့လာကြတယ်။
မြို့နယ်အုပ်ချုပ်ရေးရုံးစာရင်းအပြင်မှာ စစ်ဘေးကြောင့် မိမိဘာသာပြောင်းရွေ့သူတွေလည်းရှိပေမယ့် စာရင်းအတိအကျမသိရပါဘူး။
ပလက်ဝကို အေအေတွေဘယ်လိုရောက်
အရင်က အေအေဟာ ကချင်ပြည်နယ် ကေအိုင်အိုဌာနချုပ် လိုင်ဇာမှာ စခန်းချပေမယ့် ၂၀၁၅ ခုနှစ် မတ်လ(၂၈)ရက်မှာ ရခိုင်ပြည်နယ်မှာ အခြေချဖို့ တောတောင်တွေထူထပ်တဲ့ ချင်းပြည်နယ် ပလက်ဝနဲ့အိန္ဒယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ခြေကုပ်ယူဖို့ကြိုးစားရင်းတပ်မတော်နဲ့ တိုက်ပွဲစတင်ဖြစ်လာတာ ခုထိပါပဲ။
အစိုးရ ပုံမှန်ထောက်ပံ့မှုမရှိ
စစ်ဘေးရှောင်တွေဟာ ချင်းပြည်နယ်အစိုးရက ပုံမှန်ထောက်ပံ့မှုတွေမပေးပဲ ၎င်းတို့တောင်းဆိုလာတဲ့ချိန် အစိုးရလူကြီးပိုင်းနယ်လှည့်ရောက်လာတဲ့ချိန်မှာသာ ထောက်ပံ့ပေးတယ်လို့ချင်းပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူကပြောပါတယ်။
ချင်းပြည်နယ်အစိုးရဟာ စစ်ရှောင်စခန်းကူညီရေးအတွက် ဘတ်ဂျက်သီးသန့်မရှိပါ။ ပြည်နယ်အစိုးရက စစ်ရှောင်ကျေးရွာ (၁၁)ရွာအတွက်နောက်ဆုံး ထောက်ပံ့ပေးတာက ၂၀၁၉ ခုနှစ် ဇန်နဝါရီ (၂၃)မှာ ဝန်ကြီးဦးစိုးထက်က ဆန်၊ဆီ၊ဆား၊ အဝတ်အစား၊ အဟာရမုန့်တွေနဲ့ လူသုံးကုန်ပစ္စည်တွေလှူဒါန်းခဲ့တယ်။ အရက်ဖက်လူမှုအဖွဲ့အစည်းတွေလည်းစစ်ရှောင်စခန်းစတင်ဖွင့်တဲ့ချိန်မှာပဲခပ်စိပ်စိပ်အကူအညီပေးတာတွေ့ရပါတယ်။
ကျပန်းအလုပ်လုပ်နေရ
သူတို့ဟာ စားဝတ်နေရေးအတွက် အုတ်၊သဲ၊ကျောက်ထမ်းတာ နဲ့ ကြုံရာကျပန်းအလုပ်တွေလုပ်ပြီးတော့ ဝမ်းစာရှာနေကြတယ်။ ကုလားတန်မြစ်ဆိပ်ကမ်းကနေ အိန္ဒိယအကူအညီနဲ့ဆောက်ထားတဲ့ မီးဇာကျောင်းထိ အုတ်တစ်ချပ်ကို သုံးရာကျပ်နဲ့ ထမ်းပေးကြတယ်။ ဒါတောင် ဒုက္ခသည်အားလုံး လုပ်ကိုင်စရာမရှိပဲ (၁၀)ယောက်လောက်သာ နှစ်ပတ်မှာတစ်ကြိမ် အငှားလိုက်နေကြပါတယ်။ အမျိုးသမီးတွေလည်း မြစ်ဆိပ်ကနေ ရွာထိ ဆန်တစ်အိတ်ကို ငါးရာကျပ်နဲ့ကူလီထမ်းနေကြတယ်။ ဒီအလုပ်ဟာနေ့တိုင်းမရှိတာကြောင့် အလေးထမ်းရတာပင်ပန်းပေမယ့် သူတို့အတွက်တော့ ဝမ်းသာစရာဖြစ်နေပါတယ်။

လုံခြုံရေးကြောင့် နေ့မထွက်ရအမိန့်လည်း မကြာခဏထုတ်ခံရ
အဆိုးဆုံးကတော့ အခု သူတို့စစ်ရှောင်စခန်းအနားမှာ အေအေတပ်တွေလှုပ်ရှားနေတာကြောင့် လုံခြုံမှုမရှိလို့ တောင်ယာလည်း မခုတ်နိုင်ကြဘူး။ ရွာအနီးနားကတောင်ယာတွေက ရွာထဲကလူတွေတောင်ယာဖြစ်ပြီး စစ်ဘေးရှောင်တွေအတွက်တော့ ရွာနဲ့ နှစ်မိုင်အကွာလောက်မှာသွားခုတ်ဖို့ဖြစ်ပါတယ်။ အေအေတွေဟာ မီးဇာရွာမှ ငါးမိုင်အကွာထိ လှုပ်ရှားလာပြီး ဒီလိုမျိုးအချိန်မှာ တပ်မတော်အာဏာပိုင်တွေဘက်က ညမှာသာမက နေ့ခင်းဘက်မှာလည်း ရွာပြင်မထွက်ကြဖို့ အမိန့်ထုတ်ကြတယ်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၀ရက် နံနက်ပိုင်းမှာ မီးဇာရွာသား(၄)ဦးတို့ဟာ မီးဇာရွာကနေ (၅)မိုင်ခန့်အကွာ ကျွန်းချောင်းဝမှာရှိတဲ့ အေအေတပ်သားတွေက လေးနာရီကြာဖမ်းဆီးထားတယ်လို့ ၎င်းတို့ကဆိုပါတယ်။ ယင်းနေရာတွင် အေအေတပ်သားတွေအယောက် သုံးဆယ်ကျော်တွေ့ရတယ်လို့ပြောကြတယ်။ အေအေတပ်သားတွေလှုပ်ရှားတဲ့နေရာဟာ စစ်တပ်ဗျူဟာစခန်းချရာ ထရွန်အိုင်ရွာကနေ (၇)မိုင်ခန့်သာဝေးပါတယ်။ မီးဇာရွာနဲ့အနီးတစ်ဝိုက်မှာ အေအေတပ်သားတွေဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ စတင်ခြေကုပ်ယူကြပါတယ်။
တစ်နှစ်သားအရွယ်ကလေးတစ်ယောက်မိခင် ဒေါ်အေးခိုင်(နာမည်လွှဲ)က “စစ်ပွဲတွေဖြစ်နေတော့ တောင်ယာတွေမလုပ်နိုင်ဘူး။ တကယ်ဆိုရင် ကျမတို့ တောင်ယာလုပ်ချင်တယ်။ မဟုတ်ရင် ကျမတို့စားစရာရှိတော့မှာမဟုတ်ဘူး။ အဲ့ဒီအတွက် ကျမတို့အရမ်းစိတ်ပူကြတယ်”လို့ပြောပါတယ်။

 

ဇန်နဝါရီလဟာ တောင်ယာခုတ်ချိန်
အစိုးရရဲ့ စားနပ်ရိက္ခာထောက်ပံ့ပေးမှုက လုံးဝမှီခိုအားထားလို့မရတဲ့အခြေအနေဖြစ်တာကြောင့် ဇန်နဝါရီလအတွင်းမှာ တောင်ယာမခုတ်နိုင်ရင် ဒီနှစ်အတွက်တောင်ယာခုတ်ချိန်နှောင်းသွားပါမယ်။ ဇန်နဝါရီလဟာ ချင်းတောင်မှာတောင်ယာခုတ်တဲ့ကာလဖြစ်ပြီး ဖေဖော်ဝါရီလမှာ သစ်ရွက်တွေနေလှန်းအခြောက်ခံပြီး မတ်လမှာမီးရှို့၊ ဧပြီလမှာသီးနှံစိုက်ပျိုးကြပါတယ်။
ဇန်နဝါရီလ (၁၀)ရက်နေ့မှာလည်း မီးဇာကျေးရွာကနေ (၅)မိုင်ခန့်အကွာ အစိုးရစစ်တပ်စခန်းနဲ့ (၇)မိုင်ခန့်အကွာမှာ အေအေတပ်သား တစ်ရာဝန်းကျင်လောက် လှုပ်ရှားနေလို့ ထရွန်အိုင်ဗျူဟာတပ်ကနေ စစ်သား(၃၀)လောက်ခြေခြေနဲ့သွားနေတာ စာရေးသူကိုယ်တိုင်တွေ့ရတယ်။ အစိုးရစစ်သားတွေဟာ နောက်ကျောမှာခြင်းကြားထမ်းမှာအိုးခွက်ပန်းကန်တွေနဲ့ သေနတ်တွေထမ်းပြီး အချို့စစ်သားတွေက လက်နက်ကြီးတွေထမ်းလာကြပါတယ်။ ဒါပြင် မီးဇာကျေးရွာကနေ စစ်လှေနဲ့ (၅)နာရီကျော်သွားတဲ့ ဒလက်မေ၊ အောက်ဘလိုင်ရွာဘက်မှာ ဇန်နဝါရီ(၂၂)ရက်နေ့က အေအေနဲ့စစ်တပ်တိုက်ပွဲတွေဖြစ်ခဲ့ကြပါတယ်။
ပလက်ဝမှာဖြစ်နေတဲ့တိုက်ပွဲကြောင့် ပြည်သူတွေဟာ လုံခြုံရေးအတွက်စိုးရိမ်နေကြတယ်။ အရင်ကတည်းက ပလက်ဝဒေသမှာ ချင်းနဲ့ ရခိုင်လူမျိုးတွေဟာ တစ်ရွာထဲမှာအေးအေးချမ်းချမ်းအတူနေထိုင်ကြတယ်။
“ပလက်ဝ ကုလားတန်မြစ်အထက်ပိုင်းက ရွာတိုင်းလိုလိုမှာ စိုးရိမ်စိတ်တွေရှိနေတယ်။ အထူးသဖြင့် အေအေနဲ့ တပ်မတော်တို့ရဲ့ လုပ်ဆောင်ချက်တွေကတော့ ပြည်သူအတွက် လုံခြုံမှုမရှိဘူးလို့တွေ့ရတယ်။ ဒါကြောင့် တာဝန်ရှိသူတွေ ပြည်သူတွေသွားလာရေး၊ စားရေးသောက်ရေးအဆင်ပြေဖို့ လုံခြုံရေးလုပ်ပေးဖို့လိုတယ်”လို့ ပလက်ဝနှစ်ခြင်းခရစ်ယာန်နယ်အဖွဲ့ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာတော် ဦးလိန်းထန်းကပြောပါတယ်။
ဒါကြောင့် စစ်ပွဲဟာ ဘယ်တော့အဆုံးသတ်မလဲဆိုတာ မသိနိုင်ပေမယ့် သေချာတာကတော့ စစ်ရှောင်ပြည်သူတွေနဲ့ ပလက်ဝအထက်ပိုင်းပြည်သူတွေဟာ ဒီနှစ်တော့ တောင်ယာခုတ်ချိန်နှောင်းသွားလို့ တောင်ယာစပါးရိုက်သိမ်းနိုင်တော့မှာမဟုတ်ဘူး။
ဦးသော့လျန်ဟာ ဇာတိမြေပီတောင်ရွာကိုပြန်ပြီး ကိုယ့်အိမ်ကိုယ့်ယာမှာတောင်ယာခုတ်ဝမ်းစာရှာချင်ပေမယ့် လုံခြုံရေးနဲ့အသက်အန္တရာယ်ကြောင့် အိမ်မပြန်နိုင်ပဲဖြစ်နေပါတယ်။
“ကျနော် အိမ်ပြန်ပြီး တောင်ယာပြန်ခုတ်ချင်တယ်။ ဒါပေမယ့် ကျနော်တို့ရွာမှာ အေအေတွေရှိနေတော့ ပြန်လို့မရတော့ဘူးလေ”လို့ မျက်နှာညိုငယ်စွာနဲ့ ဦးရမ်ကိန်းဆန်ကပြောပါတယ်။

 

နောက်ဆုံးရသတင်းများ

ကနေဒီတောင် တပ်စခန်းကို ချင်းလဲန်းကောင်စီတပ်ဖွဲ့ PDA အဖွဲ့ ထိန်းချုပ်ထား

၂၂၊ ဇွန်၊  ၂၀၂၄ Zalen ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကနေဒီတောင်ပေါ်က စစ်ကောင်စီတပ်စွဲထားခြင်းမရှိတဲ့ စခန်းကို ဇွန်လ ၂၂ ရက်နေ့မှာ ချင်းလဲန်း ကောင်စီတပ်ဖွဲ့ ပြည်သူ့ကာကွယ်‌ရေးတပ်မတော် (People Defence Army) အဖွဲ့က ဝင်ရောက်ထိန်းချုပ်ထားတယ်လို့ ...

ဆက်ဖတ်ရန်