ပလက်ဝမြို့နယ်မှာ AA ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အမျိုးသမီး တစ်ဦးအပါဝင် ၄ ဦး နှစ်လနီးပါး အဆက်သွယ်ပြတ်

၁၀ ရက်၊ ဇွန်လ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ တမန်းသားအုပ်စုမှ ဒေသခံ ချင်းအမျိုးသမီး တစ်ဦးအပါဝင် ၄ ဦးကို အာရက္ခတပ်တော်(AA)က ဖမ်းဆီးခေါ်ဆောင်သွားပြီး နှစ်လကြာထိ မိသားစုဝင်တွေနဲ့ အဆက်သွယ်မရရှိဘူးလို့ ဒေသခံဆီက သိရပါတယ်။

ပလက်ဝမြို့နယ်၊ တမန်းသားအုပ်စုမှ တမန်းသားကျေးရွာနဲ့ တိန်းလက်ဝကျေးရွာတွေက ဒေသခံ ချင်းအမျိုးသမီး တစ်ဦးအပါဝင် ၄ ဦးကို ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့မှာ အာရက္ခတပ်တော်(AA)က ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။

“မိသားစုတွေက AA ဆီ အဆက်သွယ်ရဖို့ အကြိမ်ကြိမ် တောင်းပန်သေးတယ်။ AA တွေက မသိဘူးလို့ဘဲ ငြင်းနေတယ်။ ဖမ်းသွားကတည်းက အခုထိ အဆက်အသွယ်ဆိုတာ လုံးဝကို မရသေးတာ။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

AA ဖမ်းဆီးခေါ်ဆောင်သွားတဲ့ သူတွေဟာ တမန်းသားကျေးရွာမှ ဦးကိုးလုံးရဲ့သား ဆလိုင်းစံလင်းအောင်၊ တိန်းလက်ဝကျေးရွာမှ ဦးကံကိုးရဲ့ သား ဆလိုင်းအောင်ဆန်းလင်း၊ ဦးအောင်ပရဲ့သား ဆလိုင်းလှထွန်းကျော်နဲ့ ဒေါ်ဟွေ့ယောက်တို့ဖြစ်ပါတယ်။

အဲ့ဒီ အဖမ်းခံထားရတဲ့ သူတွေထဲက ဆလိုင်းစံလင်းအောင်ရဲ့ မိခင်ဟာ သူ့သားအတွက် စိတ်ပူပင်သောက ရောက်နေရပြီး အဆက်သွယ်အမြန်ရလိုတယ် သိရပါတယ်။

“သူ့အမေက ရွာမှာ အရူးလိုဘဲ နေတော့တယ်။ ထမင်းလည်း မစားဘူး။ တစ်ချိန်လုံး ငိုနေတော့တာပဲ။ အခုဆို သူ့အမေက ကျန်းမာရေးလည်း သိပ်မကောင်းဘူး။ သားနဲ့တွေ့ချင်တယ်လို့ပဲ ပြောနေတယ်။”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့ကလည်း ပလက်ဝမြို့နယ် ဘောင်ဝီးကျေးရွာနဲ့ဘောင်ကူးရွာမှ ဒေသခံ ချင်းအမျိုးသား ၉ ဦးကိုလည်း AA က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း – အိုက်လင်း

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်