မင်းတပ်မြို့နယ်မှာ ပွဲလမ်းသဘင်တွေ မကျင်းပဖို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်

ဒီဇင်ဘာလ ၁၇ရက်၊ ၂၀၂၄။

Zalen

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်က မကြာခဏ လေကြောင်းတိုက်ခိုက်တဲ့အတွက် ပွဲလမ်းသဘင်တွေ မကျင်းပဖို့ မြို့နယ်ပြည်သူ့အုပ်ချင်ရေးအဖွဲ့က ဒီနေ့ ဒီဇင်ဘာ ၁၇ရက်နေ့မှာ သတိပေး ထုတ်ပြန်လိုက်ပါတယ်။

မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေတဲ့ ကာလမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ပိုမိုများပြားလာတဲ့အတွက် ပြည်သူတွေအနေနဲ့ လူစုလူဝေးပြုလုပ်တာ၊ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ အခမ်းအနားတွေ ရိုးရာပွဲလမ်းသဘင် ကျင်းပတာတွေ မပြုလုပ်ဖို့ အသိပေးတာဖြစ်ပါတယ်။

“လေကြောင်းကနေ နေ့တိုင်း ဗုံးကြဲနေတော့ ဒီကာလမှာ လူစုလူဝေးနဲ့ ဘာသာရေးပွဲတွေ၊ ရိုးရာပွဲတွေ မလုပ်တာ အကောင်းဆုံးပါ။ မင်းတပ်မှာ အခုလိုပွင့်လင်းရာသီဆို ပွဲတော်တွေအများကြီးရှိတယ်။ ဒါပေမဲ့ ကိုယ့်အသက်ထက် ဘယ်အရာမှအရေးမကြီးတဲ့အတွက် ဒီနှစ်မှာတော့ ဘာပွဲမှမလုပ်စေချင်ဘူး။ စစ်ကောင်စီကလည်း စစ်ရေးပစ်မှတ်မဟုတ်ဘဲ အရပ်သားဆိုပြီး ညှာမှာမဟုတ်ဘူး။”လို့ မင်းတပ်မြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီအသိပေးထုတ်ပြန်ချက်ကို လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေနဲ့အညီ အရေးယူတာခံရမှာဖြစ်ပြီး နောက်ထပ်အမိန့် တစုံတရာ မထုတ်ပြန်မခြင်း အဲဒီထုတ်ပြန်ချက်ဟာ အတည်ဖြစ်တယ်လို့ ဆိုပါတယ်။

မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အသိပေးထုတ်ပြန်တဲ့ ဒီနေ့၊ မနက်မှာပဲ စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးသီး နှစ်လုံး၊ ၁၂၀ မမ ဗုံးသီး ၃ လုံးတွဲ၊ ၅လုံးတွဲ၊ ၈လုံးတွဲတွေနဲ့ ဗုံးသီးအလုံးရေ ၆၀ ကျော်နဲ့ မင်းတပ်မြို့ကို လေကြောင်း တိုက်ခိုက်မှုပြုလုပ်သွားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ဒီနေ့၊ နေ့လယ် ၁ နာရီခန့်မှာလည်း မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းကို လေကြောင်းကနေ လက်နက်ခဲယမ်းလို့ ယူဆရတဲ့ အထုပ်အပိုးတွေကို ၇ ကြိမ်ခန့် လာရောက်ချပေးသွားတယ်လို့ သိရပါတယ်။

အခုရက်ပိုင်းတွင်း မင်းတပ်ဘက်လာတဲ့ ဂျက်ဖိုက်တာတွေမှာ အသံသိပ်မကြားရအောင်ခပ်မြင့်မြှင့်ပျံခြင်း၊ ဖြတ်သန်းသွားလာနေကျ မြို့ရွာတွေကို မဖြတ်သန်းတော့ဘဲ လမ်းသစ်ဖြင့် အလစ်အငိုက်ဗုံးကြဲတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

ချင်းညီနောင်အဖွဲ့ရဲ့ မင်းတပ်မြို့သိမ်း တိုက်ပွဲဟာ တစ်လကျော်ကြာထိ ပြင်းထန်နေဆဲဖြစ်ပြီး တိုက်ပွဲအရှိန်မြင့်လာတာနဲ့အမျှ စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာပါတယ်။

သတင်း – ကိုခူမီး

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်