မူးယစ်ဆေးကုန်သွယ်မှု လမ်းမကြီးဖြစ်နေတဲ့ ချင်းပြည်

ကိုဗန်

ချင်းပြည်ကို အရိပ်မည်းကြီး ဖြစ်လာစေတဲ့ အကြောင်းအရာတခုက မူးယစ်ဆေးဝါးဖြစ်ပါတယ်။

ချင်းပြည်ဟာ ၂၀၂၁ ခုနှစ် နောက်ပိုင်း မူးယစ်ဆေးဝါး ကုန်သွယ်မှုနဲ့ ဘိန်းစိုက်ပျိုးမှု တွေဟာ သိသိသာသာမြင့်တက်လာနေတာကို မြင်နေရပါတယ်။

တဖြေးဖြေးကြီးထွားလာနေတဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှုဟာ အိန္ဒိယဈေးကွက်နဲ့ အရှေ့အလယ်ပိုင်းဒေသတွေကို တင်ပို့ဖို့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းဟာ ချင်းပြည်နဲ့ စစ်ကိုင်းတိုင်းက အဓိကကျလာနေတာပါ။

မကြာသေးမီက စစ်ကောင်စီ ဖမ်းဆီးရမိတဲ့ ကျပ်(၂၇)ဘီလီယံတန် မူးယစ်ဆေးဝါး သယ်ဆောင်ရေးကွန်ယက်ဟာ ကလေးမြို့ကို အခြေပြုပြီး ရှမ်းပြည်တောင်ပိုင်းကနေ အိန္ဒိယကို ပို့ဆောင်နေတဲ့ မူးယစ်ဂိုဏ်း တစ်ခုပါ။

မြန်မာဘက်အဆိုအရ (၁၀)ကြိမ်မှာ တစ်ကြိမ်သာ ဖမ်းဆီးနိုင်တာ လို့ ဆိုတာကြောင့် ချင်းပြည်နဲ့ စစ်ကိုင်းတိုင်းကို ဖြတ်ပြီး အိန္ဒိယဘက်ကို မူးယစ်ဆေးဝါး ဖြတ်သန်းသယ်ဆောင်မှု ဘယ်လောက်ကြီးထွားနေလဲ ဆိုတာ တွေ့နိုင်တယ်။

ယခင်က မြန်မာပြည်ရဲ့ မူးယစ်ဆေးဝါး သယ်ဆောင်မှု ကွန်ယက်ဟာ ရှမ်းပြည်ကနေ ရန်ကုန်တိုင်းထိ သယ်ဆောင်ပြီး ယင်းကနေတဆင့် မြန်မာပြည်အောက်ပိုင်း ထိုင်းနဲ့ မလေးရှားနိုင်ငံတို့ကို သယ်ဆောင်တာ၊ ရခိုင်ပြည်ကို သယ်ဆောင်တဲ့ လမ်းကြောင်းတွေသာ အဓိကကျတဲ့ လမ်းတွေ ဖြစ်ခဲ့တယ်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်းကာလတွေမှာ ရှမ်းပြည်ကနေတဆင့် မန္တလေးမြို့ကို ဖြတ်ပြီး ကလေးမြို့၊တမူးဒေသဘက်တွေကို မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းချတဲ့ လမ်းကြောင်းဟာ ကြီးထွားလာနေတာကို စစ်တမ်းတွေအရ ‌သိရပါတယ်။

စစ်ကောင်စီရဲ့ လက်အောက်ခံ CCDAC Myanmar ရဲ့ ထုတ်ပြန်ချက်တွေအရ  စစ်ကိုင်းတိုင်း ကလေးဒေသဘက်ကို မူးယစ်ဆေးဝါးသယ်ဆောင်စဉ် ဖမ်းဆီးရမိတဲ့ ဖြစ်စဉ်တွေက များပြားလာသလို တန်ဖိုးပမာဏကလည်း ကြီးထွားလာနေတာပါ။

ဒီလမ်းကြောင်းတလျှောက် ဂိတ်ပေါင်းစုံကို ဖြတ်သန်းပြီးမှသာ အိန္ဒိယ နယ်စပ်ကို ရောက်ရှိလာနိုင်တာဖြစ်ပြီး တဖက်နိုင်ငံကို တင်ပို့နိုင်တာပါ။

အဖက်ဖက်က ပြိုယွင်းပျက်စီးလာနေပြီး စီးပွားရေးကျဆင်းမှု၊အလုပ်အကိုင်လျော့နည်းလာမှု နဲ့ ကုန်ဈေးနှုန်းကြီးမြင့်ကာ ဝင်ငွေ ထွက်ငွေ မမျှတလာတဲ့ အခြေအနေက မူးယစ်ဆေးဝါး သယ်ဆောင်ဖြန့်ချီရောင်းချနေတဲ့ ဈေးကွက်ကို တဟုန်ထိုး ကြီးထွားလာစေတာပါ  ။

လက်ရှိအခြေအနေအရဆို နိုင်ငံတဝှမ်းမူးယစ်ဆေးဝါးကုန်သွယ်မှုဟာ ဘယ်လောက်ထိ ကြီးထွားလာနေသလဲဆိုတာ ခန့်မှန်းရ ခက်နေပြီး သေချာတာကတော့ ၂၀၂၀ ပြည့်နှစ် မတိုင်မီကထက် အဆများစွာ ကြီးထွား‌လာနေတာတော့ သေချာပါတယ်။

ဒီလို ကြီးထွားလာရာမှာ ဆင်းရဲနွမ်းပါးပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ချင်းပြည်လို နေရာမျိုးကိုပါ တိုက်ရိုက် အကျိုးသက်ရောက်လာနေတာပါ။

ဒါ့အပြင် ချင်းပြည်မြောက်ပိုင်း တွန်းဇံဒေသဘက်မှာ ဘိန်းစိုက်ပျိုးမှု သိသိသာသာ တိုးမြင့်လာတယ် လို့ သတင်းတွေက ဖော်ပြလာနေတယ်။

အာဖဂန်နေစ္စတန်ရဲ့ ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနေရာကို မြန်မာက ရယူခဲ့ပြီးနောက်ပိုင်း ဘိန်းစိုက်ပျိုးမှု မြင့်မားလာခဲ့ရာမှာ ချင်းပြည်ဟာလည်း ဘိန်းစိုက်တဲ့ ဒေသတခု ဖြစ်လာခဲ့တယ်။

အလုပ်အကိုင်မရှိခြင်း၊စီးပွားရေးကျဆင်းပြီး ဝင်ငွေနည်းပါးခြင်း၊လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဖွံ့ဖြိုးမှု နှိမ့်ကျလာခြင်းအကျိုးဆက်က ချင်းပြည်ကို ဘိန်းစိုက်တဲ့ ဒေသ ဖြစ်လာစေတာပါ။

ဒါဟာ ချင်းပြည်အတွက် အရိပ်မည်းကြီးဖြစ်လာနေသလို တားဆီးနိုင်မှု လျော့နည်းလာရင် နောင်တချိန်မှာ ရှမ်းပြည်လိုပဲ ဘိန်းအဓိက စိုက်တဲ့ နေရာဒေသအဖြစ် အစဉ်အဆက်လက်ဆင့်ကမ်းမယ့် နေရာဖြစ်လာမှာပါ။

ချင်းပြည်ရဲ့ နယ်မြေအနေအထား၊တည်နေရာနဲ့ မြေလွက်မြေရိုင်းပေါကြွယ်ဝခြင်းက ဘိန်းစိုက်ပျိုးရန် ကောင်းသလို ဘိန်းအထွက်နှုန်းလည်း ကောင်းနိုင်တဲ့ နယ်မြေလို့ ရှေးယခင်ကတည်းက သိရှိထားကြတယ်။

ဒါကို တားဆီးနိုင်ဖို့အတွက် ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ် တွန်းတင်ခဲ့ကြပေမယ့် စစ်အာဏာသိမ်းပြီးနောက် ဒုတိယအဆင်းရဲဆုံးဒေသလည်း ဖြစ် ၊ဘာမှ မထွက်ရှိတဲ့ ဒေသလည်း ဖြစ်နေတဲ့ ချင်းပြည်မှာ ဘိန်းစိုက်ပျိုးမှုဟာ မြေစမ်းခရမ်းပျိုး ဖြစ်လာနေတာပါ။

အာဖဂန်နေစ္စတန်လို ဘိန်းအများဆုံးထွက်တဲ့ အာရှတောင်ပိုင်းဒေသမှာ ဘိန်းလိုအပ်ချက်မြင့်တက်လာခြင်းကလည်း ချင်းပြည်ကို ဘိန်းစိုက်ဖို့ တွန်းအားဖြစ်လာစေတယ်။

ယခင်ကာလတွေတုန်းက ချင်းပြည်က ထွက်တဲ့ ဘိန်းစေးတွေကို ရှမ်းပြည်ထိ သယ်ဆောင်ကာ ပြန်လည်သန့်စင်ပြီးနောက် ပြန်ယူလာကာ အိန္ဒိယဈေးကွက်ကို တင်ပို့ရောင်းချခဲ့ကြတာ လို့ သတင်းတွေက ဖော်ပြခဲ့ဖူးတယ်။

လက်ရှိအခြေအနေအရတော့ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်က ထွက်တဲ့ ဘိန်းစေးတွေကို ဒေသတွင်းမှာပဲ ချက်လုပ်နိုင်တဲ့ အခြေအနေထိ ရှိလာမယ်လို့ ခန့်မှန်းရပါတယ်။

ဘာကြောင့်လည်းဆို ရှေးတုန်းက ကလေးမြို့ဒေသဘက်ကနေ  မန္တလေးတိုင်းဘက်ကို ဘိန်းမည်းတွေ တင်ဆောင်တာ မကြာခဏ ဖမ်းဆီးရမိဖူးပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း ကာလတွေမှာ ‌မတွေ့ရတော့လို့ပါ။

အိန္ဒိယက မူးယစ်ဆေးဝါးကုန်သည်တွေဟာ နယ်စပ်အထိ လာရောက်ဝယ်ယူနေတဲ့ သတင်းတွေ ထွက်လာနေသလို တဖက်မှာလည်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲမှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိတဲ့ သတင်းတွေလည်း မကြာခဏ တွေ့လာရပါတယ်။

ဒီအချက်တွေအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကာလအတွင်း ချင်းပြည်ဟာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှုဆိုင်ရာ လမ်းကြောင်းအသစ်အဖြစ် ဖြစ်ထွန်းလာနေတာကို တွေ့မြင်ရပါတယ်။

ဒါကို တားဆီးကာကွယ်နိုင်ဖို့ လိုသလို ဒေသခံချင်းလူထုပေါ်မှာလည်း အသိပညာပေးတာတွေ  လုပ်ဆောင်ပေးဖို့ လိုနေပါတယ်။

ဆင်းရဲမှု၊စီးပွားရေးကျဆင်းမှု၊သမာအာဇီဝလုပ်ငန်းတွေ ရပ်ဆိုင်းသွားမှု၊လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ပြည်မနှင့် ကုန်သွယ်နိုင်မှု လျော့ကျလာခြင်း၊သွားလာလှုပ်ရှားရန် ကန့်သတ်ခံလာရမှုနဲ့ မဖွံ့ဖြိုးမှု အခြေအနေတွေက ချင်းပြည်ကို မူးယစ်ဆေးဝါးထုတ်လုပ်ကုန်သွယ်ရာ နယ်မြေအဖြစ် တွင်းပို့ခံလာနေရတာပါ။

ဒါကို ဒေသတွင်း အာဏာရှိသူတွေ၊ ချင်းလူမျိုး လူကြီးလူငယ်တွေ စုပေါင်းတွန်းလှန်ဖို့ လိုသလို ဘာသာရေးအရလည်း မကောင်းမွန်ကြောင်း အသိပညာပေးဖို့ လိုအပ်ပါတယ်။

ချင်းပြည်ဖွံဖြိုးရေးအပေါ် ဆိုးကျိုးများစွာ ရှိလာစေနိုင်တဲ့ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးကုန်သွယ်ရေးလမ်းကြောင်းသစ် ပေါ်ထွန်းလာမှုကို ထိထိရောက်ရောက်တားဆီးရမှာပါ။

ဒါအပြင် ဒေသခံပြည်သူတွေ အလုပ်အကိုင်နဲ့ ဝင်ငွေအခွင့်အလမ်းတွေ တိုးမြင့်ဖို့၊စီးပွားရေးလမ်းကြောင်းသစ်တွေ ခင်းကျင်းပြီး အသိပညာကြွယ်ဝတဲ့ ပညာရေးနဲ့ ဖွံဖြိုးရေးကဏ္ဍကို မြင့်တင်ပေးနိုင်ဖို့ အရေးကြီးပါတယ်။

ချင်းပြည် ပြင်ပဒေသနဲ့ ပြည်ပနိုင်ငံတွေမှာ နေထိုင်ကြတဲ့ ချင်းပညာတတ်အသိုင်းအဝိုင်းတွေနဲ့ ခေတ်ပညာတတ် ချင်းလူငယ်တွေကလည်း တားဆီးတာ၊အသိပညာပေးတာ လုပ်ဖို့ လိုအပ်သလို တဖက်မှာလည်း နည်းပညာခေတ်မှာ အလုပ်အကိုင်နဲ့ ဝင်ငွေရလမ်း အခွင့်အလမ်းသစ်တွေကို မျှဝေပေးဖို့ လိုနေတယ်။

ဒါမှသာ ချင်းပြည်ကို အရိပ်မည်းသဖွယ် ကြီးစိုးလာနေတဲ့ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှုကို လျော့ချပျောက်ကွယ်အောင် ဖန်တီးပေးနိုင်မှာပါ။

ယနေ့ နည်းပညာခေတ်ကြီးထဲမှာ ဝင်ငွေရလမ်းတွေ ဖန်တီးနိုင်တဲ့ အခွင့်အလမ်းတွေကို ခေတ်ပညာတတ် ချင်းလူငယ်တွေက ပြန်ပြီး ပံ့ပိုးပေးနိုင်မှသာ နောင်အနာဂါတ် ချင်းပြည်ထဲက လူငယ်တွေ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ကုန်သွယ်ခြင်းလမ်းကြောင်းကို စွန့်ပါယ်လာကြမှာပါ။

ဒီလို မဖန်တီးပေးနိုင်ရန် ရှမ်းပြည်ထဲက ပင်လောင်းမြို့နယ်၊ဟိုပုန်းမြို့နယ်၊လွိုင်လင်မြို့နယ်တွေလို မျိုးရိုးစဉ်ဆက် ဘိန်းစိုက်ပျိုးခြင်း အမွေကို လက်ဆင့်ကမ်းနေကြတဲ့ ဖြစ်ရပ်မျိုးကို ချင်းပြည်မှာ တွေ့မြင်လာကြရမှာပါ။

ဒါကို အမြန်ဆုံး တားဆီးနိုင်ဖို့ ချင်းလူငယ်တွေ တစ်ဦးချင်းဆီတိုင်းမှာ တာဝန်ရှိသလို လက်ရှိ တွန်းဇံမြို့နယ်မှာ စိုက်ပျိုးမှု ကြီးထွားလာနေတဲ့ ဘိန်းခင်းဟာ ချင်းပြည်တခုလုံးကို မပြန့်နှံသွားစေဖို့ လုပ်ဆောင်ကြဖို့ အရေးကြီးနေပါတယ်။

ဒီလို ကာကွယ်တားဆီးနိုင်မှသာ ချင်းပြည်ဖွံဖြိုးရေးအပေါ် အများကြီး အကျိုးသက်ရောက်မှာ ဖြစ်သလို ချင်းနဲ့ ဘိန်း တွဲယက် မြင်ကြမယ့် အနာဂါတ်မြင်ကွင်းကို ဖြိုချနိုင်မှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၄ ခုနှစ် မြန်မာ့စီးပွားရေးနှင့် ၂၀၂၅ ခုနှစ် အလားအလာ

ကို‌ဗန် ၂၀၂၄ ခုနှစ်အတွင်း မြန်မာ့စီးပွားရေးကဏ္ဍ ရှိ ငွေကြေးဖောင်းပွမှုနှုန်းမှာ (၂၆)ရာခိုင်နှုန်းအထိ ရှိလာနေပြီး လူဦးရေသုံးပုံ နှစ်ပုံမှာ ဆင်းရဲတွင်းထဲသို့ ရောက်နေသည်။ မကြာသေးမှီက ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ လူဦးရေ(၁၅)သန်းမှာ အစာရေစာ ရှားပါးမှုဒဏ်ကို ...

ဆက်ဖတ်ရန်