ဝန်ကြီးချုပ်ဖြစ်မလာခင် အတားအဆီးများကို ရင်ဆိုင်ရအုံးမယ့် ထိုင်းရွေးကောက်ပွဲ အနိုင်ရ Move Forward ပါတီခေါင်းဆောင်

မေလ ၁၄ ရက်နေ့တွင် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွင် အမတ်နေရာအများဆုံး အနိုင်ရရှိခဲ့တဲ့ ထိုင်းနိုင်ငံက လူငယ်များဉီးဆောင်ထားသော Move Forward ပါတီရဲ့ ခေါင်းဆောင်ဖြစ်သူ ပီတာလင်မ်ဂျာရွန်ရတ်ကတော့ ကားရဲ့ အနောက်ဘက်မှာ ရပ်ပြီး ထောင်ပေါင်းများစွာသော ပါတီထောက်ခံသူများအကြားမှာ အောင်ပွဲခံခဲ့ပြီး အမှတ်တရ လက်မှတ်များကိုလည်း ရေးထိုးခဲ့ပါတယ်။ 

သို့သော်လည်း ဒီလို အောင်မြင်မှုများရဲ့‌နောက်ကွယ်မှာ ပီတာဟာ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်လာရေးဟာ ရှုပ်ထွေးသော အခက်အခဲများကို အရင်ဆိုင်ရအုံးမှာ ဖြစ်ပါတယ်။

ပီတာရင်ဆိုင်ရမည့် စိန်ခေါ်မှုများအကြား အခြားသော အတိုက်အခံပါတီများရဲ့ နိုင်ငံရေးရည်မှန်းချက်၊ ရွေးကောက်မခံရပဲ အထက်လွှတ်တော်ကို ရောက်နေကြသော ကွန်ဆားဗဲတစ်အမတ်များ နှင့် သူ့ကို စွဲဆိုထားသော စွပ်စွဲချက်များလည်း ပါဝင်ပါတယ်။ 

တနင်္လာနေ့တွင် ပြုလုပ်ခဲ့သော အောင်ပွဲခံဖို့ ပြင်ဆင်ချိန်တွင် အသက် ၄၂ နှစ်အရွယ်ရှိတဲ့ ပီတာကတော့ ပါတီးရုံးချုပ်တွင် သတင်းထောက်များရှေ့မှာ ရပ်ပြီး “ကျွန်တော်ကတော့ ပီတာလင်မ်ဂျာရွန်ရတ်ဖြစ်ပါတယ်၊ မကြာခင် ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်လာမယ့်သူဖြစ်ပါတယ်” ဟု ပြောခဲ့ပါတယ်။

ပီတာရဲ့ ပြောဆိုချက်အရ သူဟာ အခြားသော ပါတီ ၅ ခုနဲ့ စကားပြောခဲ့ပြီး အမတ်နေရာ ၅၀၀ ရှိထားသော အောက်လွှတ်တော်တွင် အမတ်နေရာ ၃၀၉ နေရာဖြင့် ညွန့်ပေါင်းအစိုးရ ဖွဲ့ရန် အဆိုပြုခဲ့ပြီဖြစ်ကြောင်း ပြောပါတယ်။ သို့သော်လည်း ထိုပမာဏဟာ ဝန်ကြီးချုပ်ခန့်အပ်ရန် မလုံလောက်သေးပါဘူး၊ ဘာကြောင့်လဲဆိုတော့ အထက်လွှတ်တော်နေရာ ၂၅၀ အတွက် စစ်တပ်က စိတ်ကြိုက်ရွေးချယ်ထားသော အမတ်များလည်း ရှိသောကြောင့် ဖြစ်ပါတယ်။ သူတို့ကလည်း ဝန်ကြီးချုပ်နေရာအတွက် မဲပေးကြမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ၅ ကြိမ်လုံးတွင် အနိုင်ရရှိခဲ့သော Pheu Thai ပါတီကတော့ အမတ်နေရာ ၁၄၁ နေရာ ရရှိထားပြီး Move Forward ရဲ့ ညွန့်ပေါင်းအစိုးရအတွက် အဓိက မိတ်ဖက်ပါတီဖြစ်ပါတယ်။ 

“ချောချောမောမော ပြီးသွားမယ့် အာဏာလွှဲမှုတော့ ဖြစ်မှာ မဟုတ်ဘူး၊ ဘာကြောင့်လဲဆိုတော့ Move Forward နှင့် Pheu Thai ပါတီနှစ်ခုလုံး ရင်ဆိုင်ရမယ့် အဟန့်အတားများစွာရှိတယ်” ဟု ဘန်ကောက်မြို့ရှိ Thammasat University က နိုင်ငံရေးသိပ္ပံပညာရှင်ဖြစ်တဲ့ Prajak Kongkirati ကတော့ ပြောပါတယ်။

ခြားနားသော စီးပွားရေးမူများအပြင် ပါတီနှစ်ခုလုံးဟာ ဘုရင်စနစ်နဲ့ပတ်သက်ပြီး သူတို့ရဲ့ သဘောထားကလည်း ခြားနားနေပါတယ်။

Move Forward ပါတီဟာ ထိုင်းဘုရင်ရဲ့ အသုံးစရိတ်အကြောင်းကို စီစစ်ခဲ့သော တစ်ခုတည်းသော အတိုက်အခံပါတီဖြစ်ပြီး ထိုင်းဘုရင်ရဲ့အသုံးစရိတ်ကို ဒေါ်လာ ၁၁၁ သန်းအဖြစ် အကြမ်းဖျင်းခန့်မှန်းကြပါတယ်။ သို့သော်လည်း Pheu Thai ပါတီကတော့ ဒီလို ထိလွယ်ရှလွယ်သော အကြောင်းအရာများကို ရှောင်ရှားခဲ့ပါတယ်။

Move Forward ပါတီကတော့ lese majeste law လို့ခေါ်တဲ့ ဘုရင်ကို စော်ကားပါက တရားစွဲခံရနိုင်သော ဉပဒေကို ပြင်ဆင်ရန် ဆက်ပြီး ကြိုးပမ်းမည်ဟု ဆိုပါတယ်။

ပီတာရဲ့ ဒီလို ရည်မှန်းချက်များကြောင့် အခြားသော ပါတီများအတွက် Move Forward ပါတီနဲ့ ပူးပေါင်းရေး စဉ်းစားစရာ ဖြစ်စေပါတယ်။

“Move Forward ပါတီဟာ ဘာကိုမှ အခွင့်ကောင်းယူလို့ မရပါဘူး၊ ပီတာကတော့ Pheu Thai နဲ့ပေါင်းပြီး အစိုးရဖွဲ့နိုင်မယ်လို့ ထင်ခဲ့တယ်” ဟု Ubon Ratchathani University တွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသော Titipol Phakdeewanich က ပြောပါတယ်။

ပီတာဟာ နိုင်ငံရေးအရ ဩဇာကြီးသော မိသားစုကနေ မွေးဖွားလာသောသူတစ်ယောက်ဖြစ်ပြီး နယူးဇီလန်နှင့် အမေရိကန်နိုင်ငံတို့က Harvard အပါအဝင်ထိပ်တန်း တက္ကသိုလ်ကနေ ဘွဲ့ရထားသူတစ်ယောက်ဖြစ်ပါတယ်။

သူကတော့ ဖြုတ်ချခံလိုက်ရသော ဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ တက်ဆင်ရှင်နာဝထရာဉီးဆောင်သော အစိုးရလက်ထက်က ဝန်ကြီးတစ်ယောက်ရဲ့ ရုံးမှာ အလုပ်လုပ်ခဲ့ဖူးသူတစ်ယောက်ဖြစ်ပါတယ်။

သူကတော့ ၂၀၁၉ ခုနှစ်တွင် Future Move Forward ပါတီရဲ့ အဖွဲ့ဝင် ၈၀ ကျော်နဲ့အတူတူ နိုင်ငံရေးလောကထဲကို ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

Future Move Forward ပါတီဟာ ၂၀၂၀ တွင် ဆယ်စုနှစ်ပေါင်းများစွာ စည်းကမ်းများချိုးဖောက်ခဲ့သည်ဟုဆိုတာ ပါတီဖျက်သိမ်းရန် တရားရုံးက အမိန့်ချခဲ့ပြီးနောက် ပါတီရဲ့ ထိပ်တန်းအဖွဲ့ဝင်များကလည်း နိုင်ငံရေးတွင် မပါဝင်ရန် တားမြစ်ခံခဲ့ရပါတယ်။ ကျန်ရှိနေသော ပါတီအဖွဲ့ဝင်များကို ပီတာက ဆက်ပြီးဉီးဆောင်ခဲ့ကာ Move Forward ပါတီကို ဖွဲ့စည်းခဲ့ပါတယ်။

သူ့ရဲ့ အရင်က ပါတီခေါင်းဆောင်များလိုပဲ ပီတာဟာ ဝန်ကြီးချုပ်ဖြစ်လာရေးကို တားဆီးမည့်အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

ရွေးကောက်ပွဲ မကျင်းပခင် ရက်ပိုင်းအတွင်းမှာပဲ ဩဇာကြီးသော နိုင်ငံရေးသမားတစ်ဉီးဟာ ပီတာကို မီဒီယာ ကုမ္ပဏီတစ်ခုတွင် ရှယ်ယာဝင်ထားတယ်လို့ စွဲချက်တင်ခဲ့ပါတယ်။ စည်းမျဉ်းစည်းကမ်းများအရ မီဒီယာကုမ္ပဏီတွင် ရှယ်ယာပိုင်ဆိုင်ထားသူ မည်သူမဆို ရွေးကောက်ပွဲဝင်လို့မရကြောင်း ဖော်ပြထားပါတယ်။

ပီတာရဲ့ ပြောဆိုချက်အရတော့ ထိုရှယ်ယာများဟာ သူဖခင်ရဲ့ ရှယ်ယာများသာ ဖြစ်ပြီး ထိုရှယ်ယာများကို စီမံခန့်ခွဲရန် အပ်နှင်းခံထားတာ ဖြစ်ကြောင်း ဆိုပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကတော့ ဒီစွဲချက်ကို စစ်ဆေးနေပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်