၂၀၂၄ ခုနှစ် မြန်မာ့စီးပွားရေးနှင့် ၂၀၂၅ ခုနှစ် အလားအလာ

ကို‌ဗန်

၂၀၂၄ ခုနှစ်အတွင်း မြန်မာ့စီးပွားရေးကဏ္ဍ ရှိ ငွေကြေးဖောင်းပွမှုနှုန်းမှာ (၂၆)ရာခိုင်နှုန်းအထိ ရှိလာနေပြီး လူဦးရေသုံးပုံ နှစ်ပုံမှာ ဆင်းရဲတွင်းထဲသို့ ရောက်နေသည်။

မကြာသေးမှီက ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ လူဦးရေ(၁၅)သန်းမှာ အစာရေစာ ရှားပါးမှုဒဏ်ကို ကြုံတွေ့နေရသည်။

၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် အကူအညီလိုအပ်သူ (၁၉.၉)သန်း ရှိနေပြီး အရေးတကြီး အကူအညီလိုအပ်နေသူမှာ (၅)သန်းခွဲ ရှိမည် ဟု UNOCHA က ပြောကြားသည်။

ပြည်တွင်းမှာ နေရပ်စွန့်ခွာသူ ဦးရေ(၃.၅)သန်းခန့် ရှိမည် ဟု ခန့်မှန်းရပြီး အိမ်နီးချင်းထိုင်းနိုင်ငံကို ‌ထွက်ပြေးတိမ်းရှောင်သူ (၁.၃)သန်း ရှိနေသည် ဟု ဖော်ပြထားသည်။

လူငယ်များအတွက် အလုပ်အကိုင်ရှားပါးလာပြီး ငွေကြေးဖောင်းပွမှု မြင့်မားကာ ကုန်ဈေးနှုန်း မြင့်တက်လာခြင်းက ပြည်ပသို့ ထွက်ခွာလိုသူ မြင့်မားလာစေသည်။

တချိန်က မြန်မာထက်ပင် နှိမ့်ကျသော လာအိုနိုင်ငံကိုပင် မြန်မာလူငယ်အများအပြား ထွက် အလုပ်လုပ်နေကြရပြီး အဓိက အလုပ်မှာ စိုက်ပျိုးရေးကဏ္ဍနှင့် ဆောက်လုပ်ရေးကဏ္ဍတို့တွင် ဖြစ်သည်။

စိုက်ပျိုးရေးအဓိက လုပ်နေရသည့် မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်းနှင့် ငွေကြေးဖောင်းပွမှု အရ ပြည်ပကို ထွက်၍ အလုပ်လုပ်မှသာ ဝင်ငွေတိုးနိုင်သည့် အခြေအနေတွင် ရှိနေသည်။

ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် မတ်လအထိ မြန်မာ့စီးပွားရေးမှာ အနှုတ်(၁)ရာခိုင်နှုန်းတွင်သာ ရှိနေမည် ဟု ခန့်မှန်းထားသည်။

ကုန်ကြမ်းပြတ်တောက်မှု၊လျှပ်စစ်ဓါတ်အားပြတ်တောက်မှု နှင့် ဆက်လက်ဖြစ်ပေါ်နေသည့် ပြည်တွင်း ဝယ်လိုအားလျော့နည်းနေမှုတို့ကြောင့် စိုက်ပျိုးရေး၊ကုန်စည်ထုတ်လုပ်ရေးနှင့် ဝန်ဆောင်မှုကဏ္ဍ အသီးသီးတွင် တိုးတက်မှု မရှိပဲ ဆက်လက်ကျဆင်းနေမည် ဟု ခန့်မှန်းထားသည်။

ထိုအချက်များအရ မြန်မာ့စီးပွားရေးအခြေအနေမှာ သာ၍ ဆီုးရွားသည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီး နှေးကွေးကျဆင်းလာနေသည်ကို တွေ့မြင်ရသည်။

စစ်ကောင်စီခေါင်းဆောင်ဖြစ်သူကလည်း စီးပွားရေးနှေးကွေးကြောင်းကို ပထမဆုံးအကြိမ် ဝန်ခံလိုက်ရပြီ ဖြစ်သည်။

၂၀၂၄ ခုနှစ် တစ်နှစ်တာကာလပါတ်အတွင်း မြန်မာ့စီးပွားရေးကဏ္ဍမှာ လက်တွေ့ကျသည့် ပြောင်းလဲမှု မရှိဘဲ အကျဘက်သို့သာ ဦးတည်နေသည်။

ထို့အပြင် နှစ်ကုန်ပိုင်းတွင် မိုးလျှံ ရေကြီးမူကြောင့် စိုက်ပျိုးရေး၊သယ်ယူပို့ဆောင်ရေး နှင့် ကုန်သွယ်ရေးကဏ္ဍတို့တွင် အကြီးအကျယ် ထိခိုက်အကျိုးသက်ရောက်ခဲ့သည်။

၂၀၂၄ ခုနှစ်အတွင်း တရုတ် နယ်စပ်ကုန်သွယ်ရေးအားလုံးနီးပါး ရပ်ဆိုင်းသွားခဲ့ရပြီး ရေကြောင်းကုန်သွယ်မှုကိုသာ အဓိက အားပြုလာခဲ့ရသည်။

မိုင်းလားကုန်သွယ်ရေးသာ ဆက်ဖွင့်လှစ်ထားရာ ကုန်စည်စီးဆင်းမူ လမ်းကြောင်း တစ်ခုတည်းသာ ရှိသည့်အတွက် ပြည်တွင်း လိုအပ်သည့် ကုန်စည်များ ပြတ်တောက်ခြင်း၊ရရှိရန်အချိန်ကြာခြင်းတို့ကို ကြုံနေရသည်။

ပြည်ပပို့ကုန် အမယ်များဖြစ်သည့် ဆန်စပါးကဏ္ဍမှာလည်း အိန္ဒိယမှ ကမ္ဘာကို ဆန်ပြန်တင်ပို့နေသည့်အတွက် ဈေးကွက်ပြိုင်ဆိုင်မှု မြင့်လာသလို ပဲတင်ပို့မှုမှာလည်း အားရစရာ မရှိသေးသည့် အခြေအနေဖြစ်နေသည်။

၂၀၂၄ ခုနှစ်အတွင်း စိုက်ပျိုးရေးထွက်ကုန်အုပ်စုထဲတွင် ပြောင် တင်ပို့မှုသာ အခြေအနေကောင်းတရပ်တွင် ရှိနေသည်။

ထိုအချက်များကို ကြည့်လျှင် မြန်မာ့စီးပွားရေးမှာ ထူးထူးခြားခြား တိုးတက်နေသည့် လမ်းကြောင်း ရှိမနေသည်ကို တွေ့မြင်နိုင်သည်။

ဝင်ငွေနှင့် အလုပ်အကိုင်ဖန်တီးပေးနိုင်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍတို့ကို တွေ့မြင်ရခြင်းပင် မရှိတော့ချေ။

နိုင်ငံအနှံ စစ်ပွဲဖြစ်ပွားလာခြင်းက စိုက်ပျိုးရေး၊ကုန်သွယ်ရေး၊သယ်ယူပို့ဆောင်ရေး၊ကုန်ထုတ်လုပ်မှု နှင့် သဘာဝသံယာဇာတ တူးဖော်မှုတို့ကို ထိခိုက်စေခဲ့ပြီး စီးပွားရေးကဏ္ဍအပေါ် အကြီးအကျယ် သက်ရောက်ခဲ့သည်။

ထိုရလာဒ်များသည် ပြည်တွင်းတွင် ကုန်ဈေးနှုန်း ကြီးမြင့်လာစေပြီး ဗဟိုဘဏ်၏ ငွေကြေးရိုက်ထုတ်မှုက ငွေကြေးဖောင်းပွမှု အားကောင်းလာစေခဲ့သည်။

နိုင်ငံခြားဝင်ငွေ ရရှိမှု လျော့ကျလာခြင်းက အမေရိကန်ဒေါ်လာဝင်ငွေ ရရှိမှု လျော့ကျစေခဲ့ကာ ဗဟိုဘဏ်၏ နယ်စပ်ကုန်သွယ်ရေးအပေါ် ငွေကြေးလွဲပြောင်းမှုတို့တွင် တရုတ်၊ထိုင်း နှင့် အိန္ဒိယငွေကြေးတို့ကို အသုံးပြုစေခဲ့သည်။

ထိုကြောင့် တရုတ်ယွမ် နှင့် ထိုင်း ဘက်ငွေ သုံးစွဲမှု မြင့်တက်လာစေခဲ့သော်လည်း ပြည်တွင်း ထုတ်ကုန်အများစုမှာ ဒေါ်လာကို အသုံးပြုရသည့်အတွက် ပစ္စည်းပြတ်လပ်မှု မြင့်မားလာစေသည်။

သည့်အပြင် စစ်ကောင်စီသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကဏ္ဍမှ တဆင့် ပြည်ပ သွင်းကုန်တင်သွင်းမှုတို့ကို ပိတ်ပင်ကန့်သတ်တားဆီးမှုများ ပြုလုပ်ခဲ့သည်။

ထိုအချက်က ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံအတွင်း သုံးစွဲနေရသည့် ကုန်ကြမ်းများ၊ပြည်ပမှ တင်သွင်းသည့် ကုန်ချောများ လျော့ကျသွားခဲ့သည်။

တဖြေးဖြေးယိုယွင်းလာသည့် မြန်မာ့စီးပွားရေးကို လက်တော်ရာ စားတော်ခေါ်သည့် ပုံစံဖြင့် ပြန်ထိန်းရန် စစ်ကောင်စီကြိုးပမ်းခဲ့သော်လည်း ၂၀၂၄ ခုနှစ်အတွင်း ပိုဆိုးရွားလာသည့် အခြေအနေကို ကြုံနေရသည်။

အထင်ရှားဆုံးမှာ ကုန်ကြမ်းပြတ်တောက်ခြင်း နှင့် ကုန်စည်ဈေးနှုန်းများ အဆမတန် မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

စီးပွားရေးသဘောအရ အကျိုးသက်ရောက်မှုသည် ချက်ချင်းမဖြစ်ပဲ ရေရှည်တွင်သာ ထိခိုက်လာစေသည် ဖြစ်ရာ ပြီးခဲ့သည့် လေးနှစ်အတွင်း မအောင်မြင်ခဲ့သည့် စစ်ကောင်စီ၏ စီးပွားရေးဗျူဟာသည် ၂၀၂၅ ခုနှစ်တွင် အကြီးအကျယ် သက်ရောက်မှု ရှိမည် ဖြစ်သည်။

၂၀၂၄ ခုနှစ်အတွင်း ဆိုးဝါးသည့် စီးပွားရေးဆုက်ကပ်၏ ကနဦးအရိပ်အမြွက်ကို ခံစားနေကြရပြီး အသိသာဆုံးမှာ စိုက်ပျိုးရေးကုန်စည် နှင့် ကုန်ကြမ်းများ ဈေးမြင့်တက်လာကာ ပြည်သူများ သုံးစွဲနိုင်မှု လျော့ကျသွားခဲ့ရခြင်း ဖြစ်သည်။

အလုပ်လက်မဲ့ ပြဿာနာကို (၄)နှစ်အတွင်း မဖြေရှင်းခဲ့သလို လူငယ်များကို ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခြင်း၊ စစ်မှုထမ်းကိစ္စတို့ကြောင့် လူငယ်များ မိမိတို့ နေထိုင်ရာ အရပ်ဒေသမှ ထွက်ပြေးတိမ်းရှောင်ရပြီး အပိုကုန်ကျမှု မြင့်မားလာခြင်းက လာမည့် ၂၀၂၅ ခုနှစ်တွင် စီးပွားရေးကဏ္ဍအပေါ် အကျိုးသက်ရောက်လာမည် ဖြစ်သည်။

လက်ရှိ မြန်မာ့စီးပွားရေးအခြေအနေမှာ ၂၀၂၄ ခုနှစ်သည် စီးပွားရေးဆုက်ကပ်၏ ကနဦး အရိပ်အယောင်တို့ကို တွေ့မြင်နေရပြီး ၂၀၂၅ ခုနှစ်တွင် အသိသာ အထင်ရှားဆုံး တွေ့ကြုံရမည် ဟု ခန့်မှန်းရသည်။

လက်ရှိကာလတွင် လူဦးရေ(၁၉.၉)သန်းကျော်မှာ အကူအညီလိုအပ်သည့် အခြေအနေကို ကြုံနေရပြီး နိုင်ငံလူဦးရေ ထက်ဝက်ကျော်မှာ ဆင်းရဲမွဲတေမှုမျဉ်းအောက်တွင် ရောက်ရှိနေသည် ဟု စစ်တမ်းများက ဆိုသည်။

သို့သော် လက်တွေ့တွင် နိုင်ငံလူဦးရေ(၃)ပုံ (၂)ပုံမှာ ဆင်းရဲမွဲတေမှု မျဉ်းအောက်သို့ ရောက်‌ရှိနေသည်ဟု ခန့်မှန်းရပြီး မြို့ပြဒေသတွင် ဝင်ငွေနည်းပါးမှု နှင့် ဆင်းရဲမှု ပိုများပြားလာနေသည်။

ယင်းတို့၏ နောက်ဆက်တွဲ ဆိုးကျိုးကို ၂၀၂၅ ခုနှစ် အတွင်း သိသိသာသာ ထင်ထင်ရှားရှား တွေ့မြင်ရဖွယ် ရှိနေကာ လူမူဘဝ ပါတ်ဝန်းကျင်အထိ အကျိုးသက်ရောက်လာမည် ဖြစ်သည်။

စစ်ကောင်စီအုပ်စုသည် နိုင်ငံ၏ စီးပွားရေးကဏ္ဍကို တည်ဆောက်နိုင်ခြင်းမရှိသလို ရရှိသမျှ အကျိုးအမြတ်ကို အသုံးချနေခြင်းက စီးပွားရေးတံတိုင်းများကို ယိုင်နဲ့ လာစေသည်။

ထိုအချက်တို့ကို ကြည့်လျှင် ၂၀၂၅ ခုနှစ်၏ မြန်မာ့စီးပွားရေးကဏ္ဍမှာ အလာအလားကောင်း ရှိမနေသလို ပြန်တည်ဆောက်မည့် စီးပွားရေးဗျူဟာ နှင့် ပေါ်လစီကောင်းတို့ကိုလည်း မမြင်တွေ့ရသေးပေ။

အိမ်တအိမ်တွင် ဝင်ငွေမရှိပဲ ထွက်ငွေ သုံးစွဲမှုသာ ရှိနေခြင်းက တဖြေးဖြေး စီးပွားရေး ယိုယွင်းလာရသည့် သဘောအရ ပြည်သူများအနေနှင့် လာမည့် ၂၀၂၅ ခုနှစ် မြန်မာ့စီးပွားရေးကို ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပြီ ဟု ဆိုရပေတော့မည်။

နောက်ဆုံးရသတင်းများ

လူသတ်ဓားပြတိုက်ပြီး မူးယစ်ဆေးဖြန့်နေတဲ့ CDF တွေကို နှိမ်နင်းမယ်လို့ အိန္ဒိယနယ်​ခြားစောင့် အကြီးအကဲပြောဆိုတဲ့ သတင်းအမှား

============== ဇန်နဝါရီလ ၁၂ရက်၊ ၂၀၂၅ ခုနှစ် Zalen အိန္ဒိယနိုင်ငံအတွင်း ခိုး၀င်ပြီး လူသတ်ဓါးပြတိုက် မူးယစ်ဆေးဖြန့်နေတဲ့ ချင်းကာကွယ်ရေးတပ်(CDF)တွေကို နှိမ်နင်းမယ်လို့ အိန္ဒိယနယ်​ခြားစောင့် အကြီးအကဲပြောဆိုတဲ့ သတင်းကို စစ်ကောင်စီဝါဒဖြန့်  Kyaw Swar အမည်ရှိ တယ်လီဂရမ်ချန်နယ်က ...

ဆက်ဖတ်ရန်