ခွန်ဘီလီ
အိန္ဒိယအရှေ့မြောက်ပိုင်းလို့ ပြောလို့ရှိရင် မီဇိုရမ်ပြည်နယ်ကို စိတ်ထဲက တိုက်ရိုက် စဥ်းစားမိတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ မိခင်ဘာသာစကား၊ ယဥ်ကျေးမှုအရ တူညီနေမှုက ကိုယ့်အတွက် သွားရောက်သင့်တဲ့ ပြည်နယ်ဆိုလည်းမမှားပါဘူး။ တကယ်တော့ မီဇိုရမ်ဆိုတာ အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းက ပြည်နယ် ခုနှစ်ခုထဲက တစ်ခု ဖြစ်ပါတယ်။ အရှေ့ဖက်မှာ မြန်မာနိုင်ငံရဲ့ ချင်းပြည်နယ်၊ တောင်ဖက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စစ်တကောင်းဒေသတို့နဲ့ထိစပ်နေတဲ့နိုင်ငံဖြစ်တယ်။ ပြည်နယ်ရဲ့ မြို့တွေ၊ရွာတွေ တော်တော်များများဟာ တောင်တန်းတွေပေါ်မှာ တည်ဆောက်ထားတာ ကိုတွေ့နိုင်ပါတယ်။ အထူးသဖြင့် အရှေ့မြောက်ပြည်နယ်တွေထဲမှာ လေထုအသန့်ရှင်း ဆုံးပြည်နယ်၊ ပညာရေးစနစ်အကောင်းဆုံးပြည်နယ်အဖြစ်လည်း ကျော်ကြားနေခဲ့ ပြန်တယ်။ ဒါကြောင့် ဒီပြည်နယ်ကို ငယ်ငယ်တုန်းကတည်းက အရမ်းသွားချင်ခဲ့ဖူးတယ်။
ဒီလိုနဲ့ ၂၀၀၀ ခုနစ် အထက်တန်းစာမေးပွဲပြီးသွားတဲ့ အခါ သူငယ်ချင်းတွေနဲ့ စုပြီး သွားကြဖို့ တိုင်ပင်ခဲ့ကြတယ်။ ကိုယ့်မိသားစုရဲ့ ခွင့်ပြုချက်နဲ့ မီဇိုရမ်ပြည်ကို ခြေလျင်ခရီးနဲ့ လမ်းလျောက်လာခဲ့ရဖူးတယ်။ တောတောင်တွေအထပ်ထပ်၊ စမ်းချောင်းတွေကို ဖြတ်ခဲ့လာပြီး ခြောက်ရက်နေ့မြောက်မှာ နယ်စပ်က ရွာကလေးကို ရောက်ရှိ လာခဲ့ကြ တယ်။ ညအချိန်မို့ ပထမဦးဆုံး စပြီးခံစားရတဲ့ ခံစားချက်ဟာ ကျေးလက်ရွာလေးဆိုပေမဲ့ တိုက်တာတွေနဲ့ မီးထိန်ထိန်လင်းတာကို မြင်ရတော့ အရမ်းအံသြခဲ့ရပါတယ်။ ဒါဟာ မိမိဘ၀မှာ ပထမဦးဆုံး လျှပ်စစ်မီး ထိန်ထိန်လင်းတာကို မြင်ဖူးခဲ့လို့ပါ။ ကိုယ့်ရဲ့ဒေသ မြို့ကလေးမှာတော့ အဲဒီအချိန်မှာ လျှပ်စစ်မီးဆိုတာ သိပ်ပြီးမြင်ရခဲပါတယ်။ မှောင်မှောင်မဲမဲမြို့ကလေးကနေတက်လာပြီး မီးထိန်ထိန်လင်းနေတဲ့ မီဇိုရမ်နဲ့မြန်မာ နယ်စပ်ရွာ ကျေးရွာလေးကို မြင်ရတော့ ဘ၀မှာ မမေ့နိုင်တဲ့ နေ့တနေ့ဖြစ်ခဲ့ရဖူးတယ်။
ဒီလိုနဲ့ပဲ ကိုယ်စရောက်တော့ အမျိုးတွေနဲ့အတူ မီဇိုရမ်ပြည်နယ်က ရွာလေးတစ်ရွာမှာ ငါးမွေးမြူရေးကန်တူးတဲ့အလုပ်တွေ၊ ငါးမွေးခဲ့ရတဲ့ အလုပ်တွေ၊ တောင်ယာလုပ်တဲ့ အလုပ်တွေလုပ်ခဲ့ရပြီး အထက်တန်းအောင်မြင်ကြောင်းကို အဲဒီခေတ်က မြန်မာ့ရေဒီယို ကနေ ကြားလိုက်ရတဲ့ အချိန်ကစပြီး မိမိမြို့ဒေသဖြစ်တဲ့ ချင်းပြည်နယ်ကို ပြန်လာခဲ့ရပြီး ကျောင်းဆက်တက်ခဲ့ရတယ်။ ဒါပေမဲ့ မီဇိုရမ်ရဲ့ တောင်တန်းလေးတွေပေါ်က မြို့ကလေး တွေ၊ အလှတွေကို မျက်လုံးထဲမှာပဲ မှတ်မိခဲ့ရတယ်။ ဘာလို့လဲဆိုတော့ အဲဒီချိန် တုန်းက ကိုယ့်မှာဓါတ်ပုံအနေနဲ့ အမှတ်တရ မရိုက်နိုင်ခဲ့ဘူး။ တခါတလေမှာတော့ မီဇိုသီချင်းလေး တွေပြန်ညည်းနေရင်း တောင်တန်းကြီးတွေပေါ်က တည်ဆောက်ထားတဲ့ တိုက်တာကြီး တွေကို သတိရမိခဲ့တယ်။
ဒီလိုနဲ့ နှစ်ဆယ်သုံးနှစ်ကြာလာတဲ့အခါမှာတော့ မီဇိုရမ်ကို လေယာဥ်ကြီးစီးပြီး သွားရမဲ့ ခရီးကြုံလာခဲ့ရတယ်။ အထူးသဖြင့် မြန်မာပြည် အာဏာသိမ်းမှုကြောင့် စစ်ဘေး ဒုက္ခသည်တွေအဖြစ် မီဇိုရမ်ဖက်ကို ထွက်ပြေးကြတဲ့ ချင်းမိသားစု၊ ဆွေးမျိုးတွေဆီကို သုသေသနစာတမ်းပြုစုဖို့ အလည်အပတ်ရောက်လာခဲ့တယ်။ ဒီတခါတော့ လွန်ခဲ့တဲ့ နှစ်ဆယ့်သုံးနှစ်တုန်းကလို တောတောင်တွေပေါ်တက်လိုက်ဆင်းလိုက် ခြောက်ရက်ကြာ လမ်းလျှောက်ဖို့ မဟုတ်တော့ပဲ လေယာဥ်ခရီးစဥ်ဖြစ်သွားလို့ ပိုပြီးရင်ခုံမိတယ်။
ပထမဆုံးတော့ အိန္ဒိယနိုင်ငံဆိုင်ရာ ဗီဇာကို Online ပေါ်ကနေ စပြီးလျှောက်လိုက် ပါတယ်။ သွားရတဲ့အကြောင့်ရင်းကိုတော့ မိသားစု၊ ဆွေမျိုးတွေဆီသွားလည်ဖို့ပါ။ မထင်မှတ်ထားပဲ တစ်နှစ်ဗီဇာ အလကားရခဲ့တယ်။ ကိုယ့်ကိုကိုယ်လည်း အံသြမိတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ Free Visa ပေးနေတာကို သတိထားမိခဲ့တယ်။ ဒီလိုနဲ့ပဲ ခရီးစဉ်ကိုတော့ ကိုယ့်ရဲ့ ဒုတိယအိမ်လေးလိုဖြစ်နေတဲ့ ထိုင်းနိုင်ငံကနေ အိန္ဒိယနိုင်ငံကို စတင်ထွက်ခွာလာခဲ့တယ်။ ပထမဆုံးလေယာဥ်ဆင်းတဲ့ နေရာကတော့ Kolkata မြို့လေးပါ။ ညအချိန်ရောက်တာဆိုတော့ မီးအလင်းရောင်ပဲမြင်ရတော့ မြို့ရဲ့ အလှကို မမြင်ရဘူး။ အဲဒီမြို့လေးမှာပဲတစ်ည တည်းခိုပြီး နောက်တနေ့မှာ မီဇိုရမ်ပြည်နယ်ရဲ့ မြို့တော် အိုင်ဇောလ်မြို့ကို လေယာဥ်ပျံနဲ့ ဆက်ထွက်လာခဲ့တယ်။ တကယ်ပဲပြောင်းလဲ တိုးတက်လာတဲ့ ပြည်နယ်လေးအရသာကို ခံစားရတယ်။ ကိုယ် ငယ်စဥ်က မမြင်သေးတဲ့ လေယာဥ်ခရီးစဥ်တွေအပြင် တောတောင်တွေကို အထပ်ထပ်ဖေါက်လုပ်ထားတဲ့ ရထားလမ်းတွေကိုတွေကို လေယာဥ်ပေါ်ကနေမြင်ခဲ့ရပြန်တယ်။
ဒီလိုခရီးသွားချိန်မှာ ပထမဆုံး အံသြမိတဲ့အရာကတော့ အိန္ဒိယစစ်သားတွေဟာ လေဆိပ် တွေထဲမှာ သေနတ်တကားကားနဲ့ လျှောက်သွားနေကြတာကို မြင်ရတော့ အမိမြန်မာ ပြည်ကြီးကိုတန်းသတိရမိတယ်။ ၂၀၂၁ အာဏာသိမ်းမှုပြီးမှသာ မြန်မာပြည်ရဲ့ လေဆိပ်တွေမှာ လုံခြုံရေးလက်နက်ကိုင်တွေက သေနတ်တကားကားနဲ့ လျှေက်သွား နေတဲ့ မြင်ကွင်းကို မြင်ရတော့ တဖက်က အိန္ဒိယနိုင်ငံကို တကယ်ပဲ လာလည်ချင်တဲ့ သူတွေအတွက် စိတ်မသက်မသာဖြစ်နိုင်တာကို သတိထားမိတယ်။ နောက်ထပ် ထူးဆန်းတာ ကတော့ လေဆိပ်အ၀င်တွေရဲ့ လုံခြုံရေးကြီးကြပ်တဲ့ စနစ်ပါပဲ။ ခရီးသည် တွေရဲ့ လက်ဗွေစနစ်ကိုယူတဲ့အပြင် မျက်နှာသွင်ပြင်စနစ်ကိုပါ ဖမ်းထားတာကို သတိ ထားမိတယ်။ ကိုယ်သွားခဲ့ဖူးတဲ့ နိုင်ငံပေါင်း ၁၅ နိုင်ငံမှာ ဒါဟာ ပထမဆုံကြုံရဖူး တယ်လို့ ပြောလို့ရပါတယ်။
ဒီလိုနဲ့ပဲ မီဇိုရမ်ပြည်နယ်ရဲ့ တစ်ခုတည်းသော လေဆိပ်ဖြစ်တဲ့ LengPui Airport ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တယ်။ လေဆိပ်ထဲအ၀င်မှာတော့ ကောင်တာတစ်ခု တွေ့လိုက်တယ်။ နိုင်ငံခြားသားများမှတ်ပုံတင်ရန်လို့ ရေးထားပါတယ်။ အဲဒီစားပွဲမှာ အိန္ဒိယလုံခြုံရေး အရာရှိ နှစ်ယောက်ထိုင်နေတာကို တွေ့လိုက်ပါတယ်။ ကိုယ့်ရဲ့ ပါတ်စ်ပို့ ထုတ်လိုက်တဲ့အချိန်မှာပဲ တာ၀န်ရှိသူတွေက ဒီကိုလာရတဲ့အကြောင်းရင်းက ဘာလဲလို့ လှမ်းမေးလိုက်တယ်။ ဒါနဲ့ ကျွန်တော်လည်း မီဇိုစကားနဲ့ပဲ မိသားစု၊ ဆွေမျိုးတွေဆီ လာတာလို့ပြောလိုက်ပါတယ်။ ဒီလိုနဲ့ပဲ သူကဆက်မမေးတော့ပဲ မီဇိုရမ်လုံခြုံရေးအရာရှိ က စာရွက်လေး တစ်ရွက်ထုတ်ပေးပြီး ဖြည့်ပုံလေးတွေကို အသေးစိပ်ရှင်းပြနေရင်း ဘာလို့မီဇိုးစကားပြောတတ်တာလဲတဲ့၊ ရိုးရိုးသားသားလေးပဲ ပြန်ဖြေလိုက်တယ်။ ကျွန်တော် တို့ ချင်း၊ကူကီး၊ မီဇိုးတွေဟာ မိသားစုဆွေးမျိုးတွေပါ။ ဘာသာစကားများစွာ တူကြတယ်လို့ဖြေပေးလိုက်ပါတယ်။ ဒီလိုနဲ့ပဲ မီဇိုရမ်မှာရှိတဲ့ စစ်ဘေး ဒုက္ခသည်၊ ဆွေမျိုး မိသားစုတွေဆီအလည်သွားခဲ့ပြီး ကိုယ်ငယ်ငယ်တုန်းကနေခဲ့ဖူးတဲ့ Lunglei မြို့လေးထဲကို သွားလည်ခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်ဆယ့်သုံးနှစ်တုန်းက မျက်စိထဲကျန်ခဲ့တဲ့ အရာတွေကို ပြန်ပြီး မြင်ခွင့်ရခဲ့တယ်။ အများကြီး တော့ မပြောင်းလဲသွားပေမဲ့ တချို့နေရာလေးတွေရဲ့ အထင်ကရနေရာတွေ တော့ပြောင်းလဲသွားတယ်။
တကယ်ပဲ ပျော်စရာကောင်းခဲ့ဖူးတယ်။ ငယ်ငယ်က အမှတ်တရမြို့လေးမှာ မနက်ခင်း လမ်းလျောက်ထွက်ရင်း တိမ်တွေပေါ်က မြို့ရဲ့ မနက်ခင်းအလှတွေလည်း ခံစားခဲ့ရတယ်။ ဒီတခါအမှတ်တရအဖြစ် မီဇိုရမ်ရဲ့ မနုသဗေဒ ယဥ်ကျေးမှုစာအုပ်တွေ အများအပြား၀ယ်လာခဲ့တယ်။ ဘာပဲဖြစ်ဖြစ် တစ်ချိန်ချိန်မှာ အရှေ့မြောက်ပြည်နယ်က ချင်း၊ ကူကီး၊ မီဇိုးတွေရဲ့ ယဥ်ကျေးမှု၊ ဓလေ့တွေ၊ နိုင်ငံရေးအယူအဆတွေကို ပိုပြီးလေ့လာချင်မိတယ်။ အထူးသဖြင့် မတူညီတဲ့နိုင်ငံက မျိုးနွယ်စုတူညီတဲ့ လူမျိုးတွေအနေနဲ့ ပြောင်းလဲလာတဲ့ ခေတ်အခြေအနေအရ နိုင်ငံရေးနဲ့ လူမျိုးရေးဆိုင်ရာ အယူအဆတွေကို လေ့လာချင်မိတယ်။ ဘာလို့လဲဆိုတော့ မီဇိုရမ်၀န်ကြီးချုပ်အနေနဲ့ ဗဟိုအစိုးရကိုဆန့်ကျင်ပြီး စစ်ဘေးရှောင်တွေကို မီဇိုရမ်မှာ ရဲရဲ၀င့်၀င့်လက်ခံခဲ့တာကို ပိုပြီးခံစားလာရတယ်။ ဒါကြောင့်ပဲ မီဇိုရမ်မှာ ချင်းနဲ့ကူကီး စစ်ဘေး ဒုက္ခသည်တွေပေါင်း ခြောက်သောင်းကျော်လက်ခံထားတာကို တွေ့ရပြန်တယ်။ လေ့လာတွေ့ရှိချက်အရ အိန္ဒိယဗဟိုအစိုးရအနေနဲ့ စစ်ဘေး ဒုက္ခသည်တွေကိုကူညီနိုင်တဲ့ နိုင်ငံတကာအဖွဲ့အစည်း တွေကို ၀င်ခွင့်မပြုခဲ့တာကို ကြားသိရတော့ ပိုပြီးစိတ်ထိခိုက်ရပြန်တယ်။ မြန်မာပြည်က စစ်ဘေးဒုက္ခအပြင်၊ အိန္ဒိယဗဟိုအစိုးရရဲ့ လူသားချင်းစာနာမှုခေါင်းပါးတဲ့စိတ်ဓါတ်ကို ပါ ခံစားနေရတာကိုလက်တွေ့မြင်ခဲ့ရပြန်တယ်။
ဒါပေမဲ့ မီဇိုရမ်လူမှုအသိုင်းအ၀န်းက တာ၀န်ကျေခဲ့တယ်။ မိမိတို့ရဲ့ ထမင်းပန်းကန်ထဲက တ၀က်ကို ကိုယ့်ရဲ့ ညီအစ်ကိုတွေဖြစ်တဲ့ ချင်း၊ကူကီးတွေကို ကျွေးမွေးပြုစုနိုင်ခဲ့တယ်။ ကျေးဇူးတင်ထိုက်သလို သူတို့စစ်ဘေးရှောင်ခဲ့ဖူးတဲ့ ၁၉၆၆ ခုနှစ်တုန်းက ချင်းတွေအနေနဲ့ သေချာတာ၀န်ယူကူညီခဲ့ဖူးတာ မရှိလို့ စဥ်းစားရင်း စိတ်မကောင်းမိပြန်ဘူး။
ဘာပဲဖြစ်ဖြစ်တူညီတဲ့ မျိုးနွယ်စုတွေအနေနဲ့ မတူညီတဲ့ နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာတွေမှာ အမည်နာမ မတူညီတဲ့ လူမျိုးစုတွေရှိနေကြပေမဲ့ အဲဒီ ရုပ်ပိုင်းဆိုင်ရာ နယ်နိမိတ်တွေဟာ ကိုယ်တွေအတွက် အဟန့်အတားမဖြစ်နေဖို့ အလွန်အရေးကြီးပါသည်။ တွန်းအားတရပ်အနေနဲ့ စည်းလုံးခြင်း အင်အားတစ်ခု ဖြစ်သင့်ကြောင်း သတိပြုမိတယ်။ ဒါကြောင့် တကယ်တော့ ဒီခရီးစဥ်ဟာ စစ်ဘေး ဒုက္ခသည်တွေဖြစ်တဲ့ မိသားစုတွေဆီ အလည်သွားခဲ့တယ်ဆိုပေမဲ့ တကယ်ပဲ အမြင်ပွင့်ခဲ့တဲ့ ခရီးလေးတစ်ခုဆိုလည်း မမှားပါဘူး။ တချိန်မှာပြန်သွားရင် ချင်း၊ကူကီး၊ မီဇိုမျိုးနွယ်စုတွေရဲ့ ယဥ်ကျေးမှုဆိုင်ရာမနုသဗေဒသုသေတနရေးဖို့လည်း တွန်းအားလေး တရပ်ဖြစ်နေခဲ့ပြီ။
ခွန်ဘီလီ
ချင်းမိုင်တက္ကသိုလ်၊ထိုင်းနိုင်ငံ။