ချင်းပြည်နယ်တွင် တစ်နှစ်ခွဲအတွင်းသက်ငယ်မုဒိမ်းမှု (၁၆)မှုဖြစ်ပြီး ၅မှုကြေအေး

ချင်းပြည်နယ်တွင် တစ်နှစ်ခွဲအတွင်းသက်ငယ်မုဒိမ်းမှု (၁၆)မှုဖြစ်ပြီး ၅မှုကြေအေး

ချင်းပြည်နယ်တွင် ၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ သက်ငယ်မုဒိမ်းမှု (၁၆)မှုရှိပြီး ၎င်းတို့ထဲမှ ၅ မှုမှာ ကာယကံရှင်များကိုင်တိုင်ကြေအေးကြတယ်လို့ သတင်းရရှိပါတယ်။

ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနစာရင်းအရ ၂၀၁၈ ခုနှစ်တွင် သက်ငယ်မုဒိမ်းမှုက ဟားခါးမြို့နယ်တွင် ၃ မှု၊ ဖလမ်းမြို့နယ်၊ တွန်းဇံမြို့နယ် မတူပီ မြို့နယ်တွင် ၁ မှုစီ၊ တီးတိန်မြို့နယ်တွင် ၂ မှု စုစုပေါင်း ၈ မှုဖြစ်ပွားတယ်လို့ဖော်ပြထားပါတယ်။ ဒါပြင့် ၂၀၁၉ ခုနှစ်တွင် သက်ငယ်မုဒိမ်းမှုက ထန်တလန်မြို့နယ်၊ ဟားခါးမြို့နယ် နဲ့ တွန်းဇံမြို့နယ်တွင် ၁ မှုစီ စုစုပေါင်း ၃ မှုဖြစ်ပွားတယ်လို့ ဖော်ပြထားပါတယ်။

ဟားခါးမြို့မှာ အခြေစိုက်တဲ့ ဂရုဏာလူမှုစည်းလုံးညီညွှတ်ရေးအသင်း (KMSS) ရဲ့ ကလေးကာကွယ်စောင့်ရှောက်မှုစီမံကိန်း မန်နေဂျာ ဆလိုင်းဒေါ့လျန်မှုန်က “လူမှုဝန်ထမ်းမှာတော့ တရားရင်ဆိုင်တဲ့အမှုတွေပဲရောက်တယ်။ ကျနော်တို့ဆီမှာတော့ တရားရုံးမရောက်ပဲ ကြေအေးတဲ့ သက်ငယ်မုဒိမ်းမှု ၅မှု စာရင်းရှိထားတယ်။ ဘယ်မြို့နယ်တွေမှာလည်းဆိုရင် ဟားခါးမှာ ၁ မှု၊ တွန်းဇံမှာ ၁ မှု၊ တီးတိန်မှာ ၁ မှု၊ မင်းတပ်မှာ ၁ မှု၊ မတူပီမှာ ၁ မှု ကြေအေးကြတယ်။ ကြေအေးတဲ့အမှုတွေက ဒီနှစ်ထဲမှာဖြစ်ကြတာ။ ဘယ်လောက်နဲ့ကြေအေးတာလဲဆိုတာတော့မသိဘူး။ ဒါပေမယ့် ချင်းထုံးစံအရ ပိုက်ဆံကြေအေးတာရှိသလို၊ တိရိစ္ဆာန်တွေနဲ့ကြေအေးတာအများဆုံးလုပ်ကြတယ်။ သက်ငယ်မုဒိမ်းဆိုတာမကြေအေးတာကောင်းတယ်။ တစ်ယောက်ဆိုကြေအေးပြီးလူကောင်းဖြစ်မ လာဘူး။ မုဒိမ်းကောင်တွေက ပတ်ဝန်းကျင်မှာ ကြိုက်သလိုသောင်းကျန်းတယ်။ ကြေအေးတဲ့ချိန်မှာ ဘာသာရေးအဖွဲ့က ပါစတာကိုခေါ်ပြီး မိန်းကလေးမိဘတွေဘက်က သူ့မျက်နှာကိုထောက်လို့ မကြိုက်ရင်လည်းကြေအေးတာမျိုးရှိတယ်။ သက်ငယ်မှာ ပါစတာမပါတာလည်းကောင်းတယ်။ မဟုတ်ရင် မုဒိမ်းကျင့်ရင်တောင် နွားနောက်တွေ၊ မိဘတွေပိုက်ဆံရှိတယ်ဆိုတဲ့စိတ်ရှိလာနိုင်တယ်။ ဖုန်းကနေ ညစ်ညမ်းကားတွေကြည့်လို့ ဒိလိုဖြစ်တာများတယ်ဆိုတာတွေ့ရတယ်။ ဒါကြောင့်၁၈နှစ်အောက် လူငယ်တွေက ကီပစ်လောက်ပဲကိုင်ခိုင်းစေချင်တယ်။ ပညာရေးလည်းပျက်စီးတယ်လေ။ ပါစတာလည်း သက်ငယ်မုဒိမ်းမှာကြေအေးဖို့ခေါ်ရင် ငြင်းစေချင်တယ်။ ခွင့်လွတ်ပေးဖို့မတောင်းဆိုပေးသင့်ဘူ” လို့ပြောပါတယ်။

ရဲမှတ်တမ်းမှာတော့ ၂၀၁၈ ခုနှစ်အတွင်း ချင်းပြည်နယ်မှာ သက်ငယ်မုဒိမ်းမှု ၃ မှုသာရှိတယ်လို့ဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ် လူမှုဝန်ထမ်းဦးဌာန ညွှန်ကြားရေးမှူး ဦးအေးမင်းညွှန့်က အခုလိုပြောပါတယ်။

“ရဲစာရင်းနဲ့ ကျနော်တို့ဌာန စာရင်း ဘာကြောင့်ကွာတာလဲဆိုတာတော့မသိဘူး။ ဘာလို့လဲဆို သူတို့နဲ့ စာရင်းတိုက်ဆိုင်စစ်ဆေးတာမရှိဘူး။ ပြီးတော့ ကျနော်တို့ဌာနနဲ့ UNICEF၊ KMSS တို့ရဲ့ သက်ငယ်စာရင်းတောင်ကွာနိုင်သေးတယ်လေ။ ကျနော်တို့ဆီမှာ ကြေအေးတဲ့စာရင်းကတော့ တက်မလာဘူး။ ဒါက ရဲအရေးပိုင်တဲ့အမှုဖြစ်တဲ့တွက် ကာယကံရှင်မိဘတွေ တရားမစွဲရင်တောင် ရဲကဖြစ်ဖြစ်၊ ကျနော်တို့ဌာနကဖြစ်ဖြစ် တရားလိုလုပ်ပြီး တရားစွဲဆိုနိုင်တယ်။ ချင်းပြည်နယ်မှာ အဲ့လိုတရားစွဲဆိုတာမရှိသေးဘူး။ ပြည်မဘက်မှာတော့ရှိတယ်။ မိဘတွေလည်း ကလေးရဲ့ ရေရှည်ကိုကြည့်သင့်တယ်။ ခဏလေးပေးလိုက်တဲ့ငွေပေါ်မသာယာစေချင်ဘူး။ အမှုဖြစ်တာနဲ့ အချိန်နဲ့တစ်ပြေးညီသတင်းပို့စေချင်တယ်။ သက်ငယ်ဆိုရင် အစိုးရက အခမဲ့ရှေ့နေလိုက်ပေးတယ်။ လိုအပ်တာတွေ ကျနော်တို့ဌာနက ကူညီဆောင်ရွက်ပေးတယ်။ ဒီလိုမျိုးကိစ္စကိုကူညီဆောင်ရွက်တဲ့သူကိုလည်း ချိတ်ဆက်ပေးတယ်” လို့ပြောပါတယ်။

ဓလေ့ထုံးတမ်းဥပဒေတွေကို အထူးဥပဒေတွေက လွမ်းမိုးတဲ့တွက် ကာယကံရှင်များက ရဲရဲဝေ့ဝေ့တိုင်ကြားစေချင်တယ်လို့ဆက်လက်ပြောကြားပါတယ်။

၂၀၁၉ ခုနှစ်မတ်လ (၂၆)ရက်တွင် ရာဇာသတ်ကြီးဥပဒေပြင်ဆင်အတည်ပြုချက်ထဲတွင် အသက် (၁၂)နှစ်အောက်နဲ့ မသန်စွမ်းအမျိုးသမီးများအပေါ် မုဒိမ်းမှုကျူးလွန်သူကို ထောင်ဒဏ် နှစ် (၂၀)မှ ထောက်ဒဏ်တစ်သက်ချမှတ်နိုင်တယ်လို့ပြဌာန်းထားပါတယ်။

နောက်ဆုံးရသတင်းများ

ချင်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှုနဲ့ လူမှုဖူလုံရေး

အယ်ဒီတာ့အာဘော် နွေဦးတော်လှန်ရေးစတင်ပြီးနောက် တရားဥပဒေစိုးမိုးရေးအားနည်းလာတော့ ချင်းပြည်နယ် တွန်းဇံ၊ ကျီးခါးနယ်ဘက်မှာ ဘိန်းစိုက်ပျိုးမှုပိုများလာတာ တွေ့ရှိရတယ်။ တွန်းဇံ၊ ကျီးခါးနယ်နှစ်တိုင်း ဘိန်းစိုက်ပျိုးဧရိယာတရိပ်ရိပ်တိုးလာပြီး မနှစ် ၂၀၂၄ ခုနှစ်မှာတော့ တီးတိန်၊ ဖလမ်းနယ်ဘက်ထိ ပြန့်နှံ့လာပါတယ်။ အင်မတန်စိုးရိမ်ထိတ်လန့် စရာကောင်းတဲ့အခြေအနေပါ။ ဘိန်းစိုက်ပျိုးမှုပြန့်နှံ့လာတဲ့နေရာက ...

ဆက်ဖတ်ရန်