အယ်ဒီတာ့အာဘော်
နွေဦးတော်လှန်ရေးစတင်ပြီးနောက် တရားဥပဒေစိုးမိုးရေးအားနည်းလာတော့ ချင်းပြည်နယ် တွန်းဇံ၊ ကျီးခါးနယ်ဘက်မှာ ဘိန်းစိုက်ပျိုးမှုပိုများလာတာ တွေ့ရှိရတယ်။
တွန်းဇံ၊ ကျီးခါးနယ်နှစ်တိုင်း ဘိန်းစိုက်ပျိုးဧရိယာတရိပ်ရိပ်တိုးလာပြီး မနှစ် ၂၀၂၄ ခုနှစ်မှာတော့ တီးတိန်၊ ဖလမ်းနယ်ဘက်ထိ ပြန့်နှံ့လာပါတယ်။ အင်မတန်စိုးရိမ်ထိတ်လန့် စရာကောင်းတဲ့အခြေအနေပါ။ ဘိန်းစိုက်ပျိုးမှုပြန့်နှံ့လာတဲ့နေရာက ချင်းပြည်နယ်နဲ့ ကလေးမြို့နယ်အစပ်တောတောင်တွေမှာပါ။ တခြားနယ်ဘက် ဆက်လက်ကူးစက်သွားမှာလည်း စိုးရိမ်ရတယ်။
အရင်ကတည်းက တွန်းဇံ၊ ကျီးခါးဘက်က ဘိန်းစိုက်တောင်သူတွေဟာလည်း ကြီးပွားလာကြတာမရှိ။ သူတို့ထက် ဒိုင်တွေ၊ လက်လီသမားတွေသာကြီးပွားလာပြီး တောင်သူတွေကတော့ ဆင်းရဲဒဏ်က မလွတ်နိုင်ကြပါ။
မ.ဆ.လ (မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ) ကတည်းက ချင်းပြည်နယ်ဟာ ဘိန်းစိုက်ပျိုးမှုနဲ့ စတင်မိတ်ဆက်ခံရတယ်။ ချင်းကျောင်းသားတွေက ကန့်ကွက်လို့ အဲ့ဒီစီမံကိန်းပြန်လည်ရပ်တန့်ခဲ့တယ်။ ဒါပေမယ့် အဲ့ဒီချိန်က ဘိန်းစိုက်တဲ့သူတွေဟာ အခုထိသက်ရှိထင်ရှားရှိနေတုန်းဖြစ်လို့ အခုလိုချိန်မှာ အသစ်တဖန် ဘိန်းပြန်စိုက်ဖို့ဆိုတာ သူတို့တွက် မခက်ခဲတော့ပါဘူး။ အဲ့ဒါကြောင့်လည်း စိုးရိမ်စရာကောင်းတာပါ။
ဘိန်းစိုက်ပျိုးတဲ့တောင်သူတွေကို တော်လှန်ရေးတပ်ဖွဲ့က ထိထိရောက်ရောက်အရေးယူဆောင်ရွက်သင့်သလို သူတို့ ဝမ်းစာရှာဖွေရေးလွယ်ကူအောင် ပံ့ပိုးကူညီဖို့လည်းလိုပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတိုင်း ဒီကိစ္စကို နက်နက်နဲနဲ ဆောင်ရွက်ဖို့လည်း တိုက်တွန်းလိုပါတယ်။
ချင်းပြည်နယ်မှာ ကုန်စျေးနှုန်းမြင့်မားစေတာက ကုန်စည်စီးဆင်းရာလမ်းတလျှောက်မှာ ကားလမ်းမကောင်းတာရေ၊ ဝါးတားဂိတ်တွေထိုးပြီး ဆက်ကြေးကောက်တဲ့သူများလာလို့ လည်းပါပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ဘက်က ဂိတ်ထိုးပြီးဆက်ကြေးကောက်တာ ဒီထက်လျော့သင့်တယ်လို့မြင်ပါတယ်။ ဝါးတားဂိတ်များဟာ လုံခြုံရေးအတွက်လို့ နာမည်လှလှတပ်ကြပေမယ့် လက်တွေ့မှာတော့ ပြည်သူတွေကို ဒုက္ခလှလှသာပေးပါတယ်။
ခေတ်ပျက်ကာလမှာ လုပ်ကိုင်စားသောက်ဖို့ကလည်းခက်၊ ကုန်စျေးနှုန်းကလည်းကြီးဆိုတော့ ပိုက်ဆံများများရနိုင်တဲ့ အလုပ်ကို အောက်ခြေပြည်သူတွေရွေးချယ်လာကြတယ်။ ကြားထဲမှာ စစ်ကောင်စီက ဖြတ်လေးဖြတ်ကျင့်သုံးတော့ ပိုက်ဆံရှိရင်လည်း ပစ္စည်းကရှားပါးနေတယ်။
ပြည်သူတွေအခက်အခဲဟာ တောင်ယာဥယျာဉ်ခြံထွက်သီးနှံတွေ သယ်ယူပို့ဆောင်စရိတ် မြင့်မားနေတာလည်းပါပါတယ်။ သီးနှံစိုက်ပျိုးစရိတ်ကြီးသလို၊ သယ်ယူစရိတ်လည်းကြီးတာမို့ တောင်သူတွေတွက် အမြတ်မကျန်တော့ဘူး။ ဘိန်းက စျေးကောင်းရတော့ တောင်သူတွေစမ်းစိုက်လာကြတယ်။ ဘိန်းစိုက်ပျိုးမှုအမြစ်မတွယ်ခင်မှာ မြန်မြန်ဖြေရှင်းကြဖို့လိုပါတယ်။
ရာသီပေါ်သီးနှံတွေပေါ်တဲ့ချိန်မှာ ဖောက်သည်ဆီမြန်မြန်သွင်းနိုင်အောင် စျေးကွက်အချိတ်အဆက်တွေ ရှာပေးဖို့လည်းလိုအပ်ပါတယ်။ ချင်းပြည်နယ်ဟာ အိန္ဒိယ မီဇိုရမ်ကနေ ကုန်စည်၊ ဆေးဝါးတွေတင်သွင်းလို့ရသလို တောင်ယာထွက်ပစ္စည်းလည်းတင်ပို့လို့ရတယ်။ အဲ့ဒီအတွက် အဖွဲ့အစည်းတွေက စျေးကွက်ရှာပေးနိုင်ရင် တောင်သူတွေတွက်ပိုအဆင်ပြေမယ်။ ဒါ့မှမဟုတ် နယ်စပ်ထိ ကုန်စည်တင်ပို့နိင်အောင် စီမံနိုင်ရင်အများကြီးသက်သာမယ်။ ချင်းပြည်သူတွေရဲ့ လူမှုဖူလုံရေးနဲ့ ဘိန်းစိုက်ပျိုးမှုဟာ ဆက်စပ်နေတော့ လမ်းမှာဆက်ကြေးကောက်ခံမှုဆက်များနေပြီး ကုန်စျေးနှုန်းတွေဆက်တက်မယ်ဆိုရင်၊ တောင်သူတွေစိုက်ပျိုးထားတဲ့သီးနှံတွေစျေးကွက်မရှိဘဲ အရှုံးဆက်ပေါ်နေရင် ဘယ်လောက်ပဲတားတား စျေးကောင်းရတဲ့ ဘိန်းကိုပဲ တောင်သူတွေဆက်စိုက်နေကြပါမယ်။
နောက်ဆုံးအနေနဲ့ ချင်းပြည်နယ်မှာတော့ အစိုးရပြီးရင် အားအကောင်းဆုံးက အသင်းတော်နဲ့ ဘာသာရေးအဖွဲ့အစည်းတွေဖြစ်တာကြောင့် မိမိအသင်းသူ၊ အသင်းသားများထံ ဘိန်းစိုက်ပျိုးမှုကိုရှုတ်ချတဲ့စကား များများပြောပေးကြဖို့လည်းလိုအပ်နေပါပြီ။
ဖေဖော်ဝါရီ ၁၊၂၀၂၅။